၂၀၂၁ တစ်နှစ်တည်းအတွင်း၌ သမုဒ္ဒရာရေထုတွင်း ဝင်ရောက်ခဲ့သော အပူပမာဏ

လွန်ခဲ့သောနှစ်က သိပ္ပံပညာရှင် ၂၃ ဦးသည် ကမ္ဘာ့သမုဒ္ဒရာပြင် နေရာအနှံ့၌ ရေအပူချိန် တိုင်းတာချက် ထောင်ပေါင်း များစွာကို ပြုလုပ်ခဲ့သည်၊ ရေထုအပူချိန် တိုင်းတာရာတွင် အဆင့်မြင့် ကိရိယာများကို ဘော်ယာများ၊ သင်္ဘောများတွင် တပ်ဆင် တိုင်းတာသည့်အပြင် အချို့ ရေသတ္တဝါများ၏ ကိုယ်တွင်ပါ တပ်ဆင် လေ့လာသဖြင့် ယင်းသတ္တဝါတို့ ရှင်သန် ကျက်စားရာ လမ်းကြောင်းတလျှောက်ရှိ ရေထု၏ အပူချိန်ကိုပါ ရရှိသည်။

သမုဒ္ဒရာရေထု၏ အပူချိန်ကို တိုင်းတာ လေ့လာရခြင်းသည် ကမ္ဘာပူနွေးလာခြင်းနှင့် ဆက်စပ်နေသော အပူဓာတ် အများစုကို ရေထုက စုပ်ယူထားခြင်းကြောင့် ဖြစ်သည်၊ အတိအကျ ဆိုရလျှင် အပူဓာတ် ပမာဏ၏ ၉၀ ရာခိုင်နှုန်းသည် သမုဒ္ဒရာ ရေထုတွင်းသို့ စိမ့်ဝင် ရောက်ရှိသည်၊ ထို့ကြောင့် ကမ္ဘာပူနွေးမှုကို လေ့လာလျှင် ရေထုကို လေ့လာကြရသည်။

အနည်းဆုံးပေ ၆၅၀၀ ခန့် အနက် အထိရောက်သော ယင်းတိုင်းတာချက်များအရ သိလာရသည်မှာ ၂၀၂၁ ခုနှစ်ရှိ သမုဒ္ဒရာရေထု၏ အပူပမာဏသည် ၂၀၂၀ ပြည့်နှစ်ကထက် ၁၄ ဇက်တာဂျူးလ် (zettajoule)မျှ ပိုလာခဲ့သည်၊ ( ၁ ဂျုးလ် (joule) သည် ၁၀၀ ဂရမ်လေးသော ပစ္စည်းတစ်ခုကို မြေပြင်မှ ၁ မီတာ အမြင့်သို့ မ တင်ရာတွင် ကုန်သော စွမ်းအင် ဖြစ်သည်၊ ၁ ဇက်တာဂျူးလ် = ၁ နောက်မှ သုည ၂၁ လုံး ဂျူးလ်)

၂၀၂၁ ခုနှစ် တစ်နှစ်တည်းတွင် ရေထုထဲ ရောက်လာသော အပူပမာဏ ၁၄ ဇက်တာဂျူးလ်သည် ပေါင်မုန့်မီးကင်စက် လုံးရေ ၄၄၀ ဘီလျံကို တစ်နှစ်ပတ်လုံး ဆက်တိုက် ဖွင့်ထားလျှင် ထွက်သော အပူနှင့် ညီမျှသည်၊ အခြား ဥပမာမှာ ၁၄ ဇက်တာ ဂျူးလ်သည် တစ်စက္ကန့်လျှင် ဟီရိုရှီးမား အဏုမြူဗုံး ခုနစ်လုံးကျ၊ တစ်နှစ် ဆက်တိုက် ဖောက်ခွဲနေရာမှ ထွက်သောအပူနှင့် ညီမျှသည်။)

သာမန်ဆိုလျှင် ရေထု ပူနွေးလာခြင်းသည် အရေးမကြီးလှဟု ထင်ရသော်လည်း ယင်းဖြစ်စဉ်၏ အကျိုးဆက်များသည် အထူး စိုးရိမ်ဖွယ်ရာ ကောင်းသည်။

ရေထုသည် ပူလျှင် ပွလာသော သဘော ရှိသည်၊ မြင့်တက်လာသော ပင်လယ်ရေ ပမာဏ၏ အနည်းဆုံး သုံးပုံ တစ်ပုံသည် ရေထု ပူလာသောကြောင့် ဖြစ်သည်။ ပူနွေးသော သမုဒ္ဒရာရေထုသည် မုန်တိုင်းများ ပိုမိုဖြစ်ပေါ် ပိုမိုအားကောင်းလာရန် ဖန်တီးပေးသည်။ ရေနေသတ္တဝါများအားလုံး၏ ပေါက်ပွား ရှင်သန်နိုင်မှုသည် အပူချိန်နှင့်လည်း ဆက်စပ်နေသည့်အတွက် သမုဒ္ဒရာရေထု၏ အပူပမာဏသည် ပူနွေးမှု တစ်မျိုးတည်းကိုသာ မဟုတ်၊ ရေနေ သက်ရှိများ၏ ရှင်သန်ရေး၊ လူတို့အတွက် အစားအစာ ရရှိမှုကိုလည်း ထိခိုက်လိမ့်မည်။ ရေထုတွင်းမှ အပူသည် လေထုထဲသို့ ပြန်လည် ရောက်ရှိသည့်အတွက် ကမ္ဘာကြီး ပူသထက် ပူလာစေသည့် အကြောင်းတစ်ခုလည်း ဖြစ်သည်။

တွေ့ရှိချက်အရ ရေထုတစ်ခုလုံး တညီတညာတည်း အပူချိန်တက်နေသည် မဟုတ်ဘဲ အတ္တလန်တိတ်၊ မြောက်ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့တွင် အပူချိန် တက်နှုန်းသည် အလျင်မြန်ဆုံးဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် သမုဒ္ဒရာရေစီးကြောင်းနှင့်ရာသီဥတုပြောင်းလဲမှု Click here

Key words: သမုဒ္ဒရာရေထု၊ အပူပမာဏ၊ မုန်တိုင်း၊ ရေနေသတ္တဝါ၊ ပင်လယ်ရေပြင်မြင့်တက်ခြင်း

ကိုးကား –

https://climate.nasa.gov/vital-signs/ocean-heat/
https://www.theguardian.com/commentisfree/2022/jan/11/ocean-temperatures-earth-heat-increase-record

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s