ရာသီဥတုဆိုင်ရာ ကွန်ပျူတာ မော်ဒယ်

ကမ္ဘာ့ရာသီဥတုသည် ပစ္စုပ္ပန်၌ ပြောင်းလဲနေရုံတင်မက ပြောင်းလဲမှု အရှိန်အဟုန် မြင့်မားလာလျက် ရှိရာ အနာဂတ်တွင် ကမ္ဘာ့ရာသီဥတု မည်သို့ မည်ပုံ ပြောင်းဦးမည်နည်း ဆိုသည်ကို လေ့လာရန် လိုအပ်သည်။ ယင်းအချက်ကို သိရန် ပညာရှင်တို့သည် ရာသီဥတုဆိုင်ရာ ကွန်ပျူတာ မော်ဒယ်များကို ရေးဆွဲ တည်ဆောက် လေ့လာကြသည်။

ကမ္ဘာ့လေထု မြေထု ရေထု သစ်ပင် ရေခဲပြင်စသည်တို့နှင့် ဆိုင်ရာ အချက်အလက်များ၊ ညီမျှခြင်းများ စသည်တို့ကို ကွန်ပျူတာတွင် ထည့်သွင်း၍ ယင်းတို့ အချင်းချင်း အပြန်အလှန် ဆက်နွှယ် ပြောင်းလဲပုံကို သင်္ချာနည်းဖြင့် တွက်ချက်ကာ မိုးလေဝသနှင့် ရာသီဥတု ပြောင်းလဲပုံ လေ့လာခြင်းကို ရာသီဥတုဆိုင်ရာ ကွန်ပျူတာ မော်ဒယ် တည်ဆောက် တွက်ချက်သည် ဟု ခေါ်သည်။ ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ပညာရှင်တို့သည် ရုပ်လုံးကြွ ကွန်ပျူတာ မော်ဒယ်များကို သုံး၍ မိုးလေဝသ အခြေအနေများကို ရက်ပေါင်း များစွာ ကြိုတင် ခန့်မှန်းနိုင်လာကြသည်။ ရုပ်လုံးကြွ မော်ဒယ်ဟု ဆိုခြင်းမှာ ကွန်ပျူတာသည် ကမ္ဘာ့လေထု တစ်နံ တစ်လျား ရှိ အချက်အလက်များကိုသာမက အမြင့်ကိုပါ ထည့်သွင်း တွက်ချက်သောကြောင့် ဖြစ်သည်။

မိုးရွာခြင်း၊ နေပူခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ သက်သက်ကိုသာ လေ့လာ ခန့်မှန်းလျှင် သမုဒ္ဒရာ၊ သစ်ပင်၊ ရေခဲပြင် စသည်တို့ကို ထည့်မတွက်ဘဲ ကျန်အချက်များနှင့် တွက်ချက် အဖြေထုတ်နိုင်သည်။ နွေ မိုး ဆောင်း စသည့် ရာသီဥတုများနှင့် ယင်းတို့ ပြောင်းလဲပုံများကို လေ့လာ ခန့်မှန်းလျှင်မူ သမုဒ္ဒရာရေ အပူချိန်၊ သစ်ပင် ပေါက်ရောက်မှု၊ ရေခဲပြင် အကျယ်အဝန်း စသည့် များပြားလှသော အချက်များကိုပါ ထည့်သွင်းရသည်။

ရာသီဥတု ပြောင်းလဲမှု ခန့်မှန်းခြင်းသည် လနှင့် နှစ်နှင့် ချီ၍ ကြာသော ကာလကို တွက်ချက်ရရာ ယင်းကာလ အတွင်းတွင် သစ်ပင်များသည် ကြီးထွားသည့် အပင်က ကြီး၊ သေသည့် အပင်က သေ၊ ရေခဲပြင်များလည်း ကျယ်လာလိုက် ကျုံ့သွားလိုက်နှင့် အပြောင်းအလဲ ဖြစ်ကြ၊ မီးတောင်များ ထပေါက်၊ ဖန်လုံအိမ် ဓာတ်ငွေ့များက တိုးလာ စသည်ဖြင့် ပြောင်းလဲနေ သည်။ သမုဒ္ဒရာများသည်လည်း လေထုထဲမှ အပူဓာတ်ကို စုပ်ယူထားပြီး အယ်လ်နီညိုစသည့် အပြောင်းအလဲများ ဖြစ်သည့်အခါ လေထုထဲသို့ ပြန်လည် ထုတ်လွှတ်ကြသည်။ ယင်းအချက်များကြောင့် ကွန်ပျူတာ မော်ဒယ်များသည် ရာသီဥတုပြောင်းလဲမှုကို တွက်ချက်ရန် အခက်အခဲများစွာ ရှိခဲ့ သည်။

သို့သော် လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ရာသီဥတုဆိုင်ရာ ကွန်ပျူတာ မော်ဒယ်များသည် များစွာ တိုးတက်လာသည်။ ၁၉၈၀ ပြည့်နှစ် လွန်အချိန်က အတိုးတက်ဆုံး ရာသီဥတု မော်ဒယ်သည် လေထုနှင့် မြေမျက်နှာပြင်မျှကိုသာ ဖော်ပြနိုင်ခဲ့သည်။ ယခုအခါတွင်မူ လေထုနှင့် မြေထုသာမက သမုဒ္ဒရာ၊ ရေခဲပြင်နှင့် ပင်လယ်ထဲမှ ရေခဲတောင်များ၊ သစ်ပင်ပေါက်ရောက်မှု စသည်တို့ကိုပါ ထည့်သွင်း တွက်ချက်နိုင်လာသည်။

ရာသီဥတုမော်ဒယ် အမျိုးမျိုး ရှိသည်။ အချို့မော်ဒယ်များသည် ရာသီဥတုကို သက်ရောက်မှု ရှိသည့် အချက်တစ်ခု သို့မဟုတ် အချက် အနည်းငယ် ဥပမာ လေထု သို့မဟုတ် သမုဒ္ဒရာကိုသာ စူးစိုက် တွက်ချက် သည်။ ယင်းမော်ဒယ်များကို တစ်ကိုယ်ရည်သုံး ကွန်ပျူတာနှင့် တွက်ချက်နိုင် သည်။ အချို့မော်ဒယ်များသည်မူ လေထု၊ ရေထု၊ မြေထု၊ သက်ရှိများ၊ ရေခဲပြင်၊ နေရောင်ခြည် စွမ်းအင်တို့ကို ထည့်သွင်းထားသဖြင့် စူပါကွန်ပျူတာများနှင့်မှ တွက်နိုင်သည်။ စူပါကွန်ပျူတာများသည် လတစ်လ နှစ်တစ်နှစ် စသည်ဖြင့် လိုသည့်အချိန်တွင် ဖြစ်ပေါ်မည့် ရာသီဥတု ပြောင်းလဲမှုကို မှန်းဆ တွက်ချက်နိုင်သည်။ အမေရိကန်ပြည် အမျိုးသားလေထု သုတေသနဌာနရှိ ကွန်ပျူတာသည် ကမ္ဘာ၏ နေ့တစ်နေ့အတွက် ရာသီဥတုကို တွက်ပေးရာတွင် တွက်ချက်မှုပေါင်း ၃ ထရီလျံမျှ လုပ်ဆောင်ရ သည်။

ရာသီဥတု ကွန်ပျူတာ မော်ဒယ်ကို ပြင်ဆင် ဆောက်လုပ်နေသော အဆောက်အအုံ တစ်ခုရှိ ငြမ်းများနှင့် ဥပမာပေးကြသည်။ ကမ္ဘာလုံး ဆိုင်ရာ ကွန်ပျူတာ မော်ဒယ်၏ “ငြမ်း”သည် ကမ္ဘာ့ မျက်နှာပြင် တစ်ခုလုံးပေါ်တွင် တည်ဆောက်ထားသည်။ တကယ့်ငြမ်းတွင် တန်းများဖြင့် ဖွဲ့စည်းထားသော အကွက်များ ရှိသကဲ့သို့ ရာသီဥတု မော်ဒယ်တွင်လည်း အလားတူ အကွက်များ ရှိသည်။ ရာသီဥတု ဆိုင်ရာ တွက်ချက်မှုများကို ယင်းအကွက်များ၏ အလယ်တွင်ရှိသော အမှတ်၌ ဖြစ်ပေါ်နေသည့် အချက်အလက်များအရ သင်္ချာ နှင့် ရူပဗေဒ ဖော်မြူလာများကို အသုံးပြု၍ အဖြေထုတ်သည်။

ရာသီဥတု မော်ဒယ်များသည် ကမ္ဘာပေါ်သို့ ကျရောက်လာသော အလင်းရောင်နှင့် အပူဓာတ်တို့အပြင် မြေပြင်ကို ရိုက်ခတ်၍ ပြန်ထွက်သွားသော ရောင်ခြည်တို့ကိုပါ တွက်ချက်သည်။ နောက်ဆုံး ဖြစ်ထွန်းမှုများအရ ရာသီဥတု မော်ဒယ်များတွင်းသို့ ထည့်သွင်း တွက်ချက်ရသော အရာမှာ လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ ဖြစ်သည်။ ထိုသို့ ထည့်သွင်းရာတွင် တိုးလာမည့် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏတစ်ခုတည်းကို ထည့်လိုက်ရုံနှင့် ပြီးမသွားချေ။ တိုးလာသော ဓာတ်ငွေ့ကို အပင်နှင့် သမုဒ္ဒရာ ရေပြင်တို့က စုပ်ယူလိုက်သော အချက်ကိုလည်း စဉ်းစားရသည်။ ထို့ပြင် ကာဘွန်ဒိုင်အောက်ဆိုက်ကြောင့် ပူလာသော လေထုသည် ရေခဲပြင်များကို အရည်ပျော်စေသည်။ ရေခဲပြင်တို့သည် နေရောင်ကို ရောင်ပြန်ဟပ်ထုတ်သော သဘော ရှိရာ ရေခဲပြင် ပမာဏ လျော့နည်းလာလျှင် နေရောင်ကို ရောင်ပြန်ဟပ်မှု နည်းလာခြင်းပင် ဖြစ်၍ ယင်းဖြစ်ရပ်ကြောင့် ကမ္ဘာကြီး တိုး၍ ပူလာသည့် အချက်ကိုလည်း ထည့်သွင်း တွက်ချက်ရသေးသည်။ ထို့အတူ ပူလာမှု ကြောင့် ရေအငွေ့ပျံမှု ပိုလာသည်၊ ရေငွေ့ များလာလျှင် ကမ္ဘာသည်လည်း တိုး၍ ပူလာသည်ကိုပါ တွက်ရသေးသည်။ ယင်းအချက်များသည် မိုးလေဝသ မော်ဒယ်နှင့် ရာသီဥတု မော်ဒယ်တို့ ကွာခြားချက်ကို ဖော်ပြသည်။

ရာသီဥတုမော်ဒယ်တစ်ခုအလုပ်လုပ်ပုံဗီဒီယိုရှုစားရန် Click here

အမှန်တကယ် ဖြစ်ခဲ့ သိရှိခဲ့ပြီးသည့် ဖြစ်ရပ်များ နေရာများကို ပြန်တွက်ပြီး ရာသီဥတုမော်ဒယ်များက ထုတ်ပေးသော အဖြေများသည် တကယ်ဖြစ်ခဲ့သည်နှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးကြရသည်။ ဥပမာ ၂၀ ရာစုနှစ်အတွင်းက တိုးမြင့်လာခဲ့သော ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏကို ထည့်သွင်းကာ အဖြေထုတ်ရရှိသော ကမ္ဘာ့အပူချိန်ကို တကယ်ဖြစ်ခဲ့သည့် အပူချိန်နှင့် တူမတူ လေ့လာခြင်းမျိုး ဖြစ်သည်။ ယင်းအဖြေ မှန်ပါက ရာသီ ဥတုမော်ဒယ်သည် အတိတ်နှင့် အနာဂတ်ရာသီဥတုကို မှန်ကန်စွာ ခန့်မှန်းနိုင်ကြောင်း စိတ်ချရသည်။ အခြား စစ်ဆေးနည်းတစ်မျိုးမှာ ကမ္ဘာအနှံ့ရှိ ရာသီဥတု မော်ဒယ်များက ထုတ်ပေးသော အဖြေအချင်းချင်း တိုက်ဆိုင် စစ်ဆေးကာ အမှားအယွင်း ရှိလျှင် ပြန်လည် ပြင်ဆင်ကြသည်။

Key words; Climate model; ရာသီဥတုမော်ဒယ်; ရာသီဥတုခန့်မှန်းခြင်း

One thought on “ရာသီဥတုဆိုင်ရာ ကွန်ပျူတာ မော်ဒယ်

  1. Pingback: ကမ္ဘာ့ ရာသီဥတု မော်ဒယ်များကို အသုံးပြု၍ ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်း ဒေသ၏ အနာဂတ် ရာသီဥတု ပြော

Leave a comment