
ကမ္ဘာ့ရာသီဥတုပြောင်းလဲနေပြီ၊ အနာဂတ်တွင်လည်း ဆက်၍ပြောင်းလဲကာ လူနေမှုဘဝနှင့် သဘာ၀ ပတ်ဝန်းကျင်ကို သက်ရောက်နေမည် ဖြစ်ကြောင်း ခိုင်လုံသည့် သိပ္ပံအထောက်အထားများ ရှိပြီးဖြစ်သည်။ ယင်းဖြစ်စဉ်သည် ရေရရှိရေးနှင့် အရည်အသွေးတို့ကိုပါထိခိုက်နေသည်။ များပြားလာသော ရေလိုအပ်ချက်အား အလျဉ်မီအောင် မဖြည့်ဆီးနိုင်ခြင်းသည် သောက်သုံးရေအတွက် သာမက စွမ်းအင်ထုတ်လုပ်မှု၊ စားနပ်ရိက္ခာ ဖူလုံရေး၊ စီးပွားရေးစသည်တို့အထိ သက်ရောက်သည်။ တိုးပွားလာသည့်လူဦးရေ၊ ဖွံ့ဖြိုးလာသည့် စီးပွားရေး၊ ပြောင်းလဲလာသည့်ရေသုံးစွဲမှုပုံစံ၊ တိုးမြင့်လိုအပ်လာသည့် စိုက်ပျိုးရေး ထုတ်ကုန်များ၊ ကျယ်ပြန့်လာသည့် မြို့ကြီးများက ရေလိုအပ်ချက်ကို မြင့်မားစေလျက်ရှိစဉ် အရှိန်ရလာသည့် ရာသီဥတုပြောင်းလဲမှုက ရေကောင်း ရေသန့်လုံလောက်စွာရရှိမှုကို ပို၍ မသေချာမရေရာဖြစ်လာစေသည်။
ရေကြီး၊ မုန်တိုင်းတိုက်၊ မိုးခေါင်၊ အပူလွန်ကဲစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ၏ အကျိုးဆက်အဖြစ် ရေကောင်းရေသန့် လုံလောက်စွာ မရသောအခါ ရသည့်ရေကို သောက်သုံးကြသဖြင့် ရေနှင့်ဆက်နွှယ်သောရောဂါများ ဖြစ်ပွားသည်။ ရောဂါကုရသဖြင့် စီးပွားရေးထိခိုက်သည်။ ဝင်ငွေနည်းသွားသည်။ ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးသည်။ ရောဂါများပျံ့နှံ့ခြင်းကြောင့် ဖွံ့ဖြိုးမှု နှောင့်နှေးသည်။
ရာသီဥတုပြောင်းလဲမှုကြောင့်ပေါ်ပေါက်သည့် ရေကောင်းရေသန့်လျော့ပါးခြင်း၏ အကျိုးဆက်သည် ဝင်ငွေနည်း မိသားစုများကို ပို၍ထိခိုက်သည်။ ဝင်ငွေနည်းသူများ၏ ၇၈ ရာခိုင်နှုန်း(လူသန်းပေါင်း ၈၀၀)သည် ဗိုက်မဝဘဲ အိပ်ယာဝင်နေရသည်။ လူပေါင်းသန်း ၂၀၀၀ ခန့်သည် အာဟာရ အပြည့်အဝမရကြချေ။ ယင်းတို့ထဲမှ အများစုသည် ကျေးလက်နေသူများဖြစ်ကြကာ မိုးရေသုံးစိုက်ခင်းများ၊ မွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေးကြသည်။ ရာသီဥတုနှင့် မိုးလေဝသ ဖောက်ပြန်၍ ရေပုံမှန်မရလျှင်၊ ရေကြီးလျှင် သူတို့၏ ဝင်ငွေကို သိသာစွာထိခိုက်သည်။ စိုက်ပျိုးရေးထွက်ကုန် လျော့နည်းလျှင် အစားအသောက်ဈေးနှုန်း မြင့်တက်လာပြီး ကျေးလက်ကိုသာမက မြို့ကြီး များတွင်ပါ ဆိုးကျိုးများသက်ရောက်တော့သည်။
ရေရှားခြင်းနှစ်မျိုး
ရေရှားသည်သည်ဆိုရာ၌ အများသိကြသည့် အမှန်တကယ်ရေရှားခြင်းအပြင် စီးပွားရေးနှင့်ဆက်နွှယ်သော ရေရှားခြင်း ဟူ၍လည်း ရှိသည်။ စီးပွားရေးနှင့် ဆက်နွှယ်သောရေရှားခြင်းဆိုသည်မှာ ရေအရင်းအမြစ် လုံလောက်စွာရှိသော်လည်း ငွေကြေးအခြေအနေကြောင့် အိမ်တိုင်ယာရောက် သို့မဟုတ် အိမ်အနီးသို့ ရေရောက်အောင် မစီမံနိုင်ခြင်းကိုခေါ်သည်။ ဝင်ငွေနည်းနိုင်ငံအချို့၌ စီးပွားရေးနှင့်ဆက်နွှယ်သော ရေရှားခြင်းဒဏ်ကိုခံနေရသူများရှိသည်။
စီးပွားရေးနှင့်ဆက်နွှယ်သောရေရှားခြင်းသည် နိုင်ငံအလိုက်မြို့ရွာအလိုက်အပြင် တစ်အိမ်ချင်း ရေဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများလုံလောက်စွာရှိမရှိ၊ ယင်းတို့ကောင်းမွန်စွာအလုပ်လုပ်နိုင်ခြင်း ရှိမရှိတို့နှင့်လည်း သက်ဆိုင်သည်။ ရေဘက်ဆိုင်ရာအခြေခံအဆောက်အအုံများဆိုသည်မှာရေလှောင်ကန်၊ ရေနှင့် ရေဆိုး သန့်စင်စက်ရုံများ၊ ရေစက်၊ အဝီစိတွင်း၊ ရေသယ်ပို့ဖြန့်ဝေသွယ်တန်းသည့် ပိုက်လိုင်းစနစ်များကို ခေါ်သည်။
ရာသီဥတုပြောင်းလဲခြင်းကြောင့် ပို၍စိပ်စိပ်ပေါ်ပေါက်လာ၊ ပိုပြင်းထန်လာနေသည့် မုန်တိုင်းတိုက်ခြင်း ရေကြီးခြင်းတို့ကြောင့် ရေလှောင်ကန်များ၊ ရေနှင့်ရေဆိုးသန့်စင်စက်ရုံများ၊ ရေပေးရေးစနစ်များ ချို့ယွင်းပျက်စီးသည်။ ထိန်းသိမ်းပြုပြင်ရန်ငွေကြေးမလုံလောက်သည့်၊ သက်တမ်းကြာအိုမင်းနေသည့် ရေဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများက ပို၍ပျက်စီးလွယ်သည်။ ရေအရင်းအမြစ် ရှိပါလျက် ယင်း အဆောက်အအုံတို့ပျက်စီးခြင်း၊ ချို့ယွင်းခြင်း၊ ကောင်းစွာအလုပ်မလုပ်ခြင်းစသည်တို့ကြောင့် ရေလုံလောက်စွာမရသည့်အခါ စီးပွားရေးနှင့်ဆက်နွှယ်သော ရေရှားမှုပေါ်ပေါက်သည်။
သဘာဝအဆောက်အအုံ
သစ်တော၊ မြက်ခင်း၊ မြစ်၊ ကန်၊ ရေတိမ်ဒေသ၊ မြေအောက်ရေကြောစသည်တို့သည် ရေစီးဆင်းပေးဝေခြင်း၊ ရေသိုလှောင်ပေးခြင်း၊ သဘာဝနည်းဖြင့်ရေသန့်စင်ပေးခြင်း၊ ရေစီးကိုထိန်းချုပ်၍ ရေလွှမ်းမိုးမှုကို လျော့ပါးစေခြင်းစသည့် ဝန်ဆောင်မှုတို့ကို ပေးစွမ်းနိုင်သဖြင့် ယင်းတို့ကို သဘာ၀ ရေဘက်ဆိုင်ရာအခြေခံ အဆောက်အအုံများအဖြစ် သတ်မှတ်ကြသည်။ အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် အိုးအိမ် မြို့ရွာများကိုသာ ပျက်စီးစေသည်မဟုတ်၊ သစ်ပင် သစ်တော၊ ဒီရေတောစသည့် ဂေဟစနစ်များအားလည်း ဖျက်ဆီးသည်။ ဇီဝမျိုးစုံမျိုးကွဲများရှင်သန်ခြင်းကိုသာ ထိခိုက်စေသည်မဟုတ်၊ ရေလွှမ်းမိုးမှုကို အကာအကွယ်ပေးသည့် သဘာဝ အတားအဆီးများ၊ သဘာဝရေသန့်စင်ရေး ဝန်ဆောင်မှုများကိုလည်း ပျက်ယွင်းစေသည်။
ယင်းတို့၏ဝန်ဆောင်နိုင်စွမ်းသည် ဂေဟစနစ်များ၌ ဇီဝမျိုးစုံမျိုးကွဲများစုံလင်မှု အပေါ်တွင် တည်မှီသည်။ သစ်တောများကို ခုတ်လှဲခြင်း၊ မြို့ရွာ၊ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများမှ စွန့်ပစ်အညစ်အကြေးများ ဝင်ရောက်လာခြင်းအပြင် ရာသီဥတုပြောင်းလဲခြင်းကြောင့် သတ္တဝါနှင့်အပင် မျိုးစိတ်ပေါင်း တစ်သန်းမျှ မျိုးသုဉ်းမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရသည်။ ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၀ အထိနှစ်ပေါင်း ၄၀ အတွင်း အရွယ်ကြီးရေချိုသတ္တဝါအရေအတွက် ၃၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည်။ ဇီဝမျိုးစုံမျိုးကွဲ လျော့နည်းလာသောကြောင့် သဘာဝရေဘက်ဆိုင်ရာအခြေခံအဆောက်အအုံများ၏ ဝန်ဆောင်နိုင် စွမ်းအားပျော့လာသဖြင့် ရေကောင်းရေသန့်ရရှိရေးကို ထိပါးလာလျက် ရှိသည်။
အစွန်းရောက်ရာသီဥတုဖြစ်စဉ်ဖြစ်သည့် ရေလွှမ်းမိုးမှုကြောင့် အညစ်အကြေးများ ရေထုထဲဝင်သည်။ မိုးခေါင်သောအခါ ရေလျော့နည်းပြီး ရေထဲရှိ ညစ်ညမ်းပစ္စည်း အချိုးအဆ ပိုလာသည်။ တစ်ချိန်တည်းတွင် အပူချိန်မြင့်တက်လာခြင်းကြောင့် ရေတွင် အောက်ဆီဂျင်ပျော်ဝင်မှုလျော့နည်းပြီး ရေ၏သဘာဝအလျောက် သန့်စင်နိုင်စွမ်းကို ထိခိုက်သည်။
မြေအောက်ရေ၏ကြားခံဂုဏ်သတ္တိ
ရာသီဥတုပြောင်းလဲခြင်းနှင့်ဆက်နွှယ်ကာ မြေပေါ်နှင့် သဘာဝရေဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ၏ အရေအတွက်နှင့် အရည်အသွေး ကျဆင်းခြင်းကြောင့် ရေကောင်းရေသန့်လုံလောက်စွာရရှိရေး အခက်ကြုံနေရသော်လည်း သဘာဝရေဘက်ဆိုင်ရာအခြေခံ အဆောက်အအုံ တစ်မျိုးဖြစ်သည့် မြေအောက်ရေကြောသည်မူ အစွန်းရောက် ရာသီဥတုဖြစ်ရပ်များ၏ ဒဏ်မှ ယေဘုယျကင်းလွတ်သည်။
လေထုအပူချိန်မြင့်တက်မှုကြောင့် မြေပေါ်ကန်များမှရေများ အငွေ့ပိုပျံလာချိန်တွင် မြေအောက်ရေကြောမှ ရေငွေ့ပျံခြင်းမရှိရုံသာမက မြေအောက်ရေကြောများသည် ရေကြီးခြင်းကြောင့် ထိခိုက်နိုင်ခြေ မြေပေါ်ကန်များနှင့်စာလျှင် နည်းသည်။ မြေပေါ်ရေကန်များ ခန်းသော်လည်း မြေအောက်ရေကြော မခန်းဘဲ ရေထုတ်ယူနိုင်သည်။ အစွန်းရောက် ရာသီဥတု၏ ဆိုးကျိုးမှသက်သာအောင် ကြားဝင်ခံပေးနိုင်သဖြင့် မြေအောက်ရေကြောများတွင် ကြားခံဂုဏ်သတ္တိရှိသည်ဟု ဆိုကြသည်။
ယင်းဂုဏ်သတ္တိကို အသုံးချရကောင်းမှန်းသိသူတို့က ရေအထုတ်လွန်၍ လျော့နည်းသွားသော မြေအောက် ရေကြောများကို မိုးရေ မြစ်ရေစသည်တို့ဖြင့် ပြန်ဖြည့်ပေးကာ လိုသောအခါ ထုတ်ယူအသုံးချကြသည်။ တစ်နည်းဆိုရသော် လျော့နည်းသည့် မြေအောက်ရေကြောများကို မြေအောက်ရေလှောင်ကန်ကြီးများသဖွယ် အသုံးချခြင်း ဖြစ်သည်။ မြေအောက်ရေကြောထဲတွင် တတ်နိုင်သမျှ အများဆုံး ရေသိုလှောင်နိုင်ရေးသည် မသေချာမရေရာသောရာသီဥတုကို အံတု၍ ရေလုံလောက်စွာ ပေးဝေနိုင်ရေးတွင် အရေးပါသည်။
မြေအောက်ရေပြန်ဖြည့်ခြင်းကြောင့် ပင်လယ်ရေငန်တိုးဝင်မှုကိုလည်း အကာအကွယ် ပေးနိုင်သဖြင့် ကမ်းရိုးတန်းဒေသများ၌ ယင်းလုပ်ဆောင်ချက်များ သိသာစွာများပြားလာနေသည်။
မြို့ကြီးများ၏ပြဿနာ
စနစ်တကျကြီးထွားလာသည့်မက်ဂါစီးတီးများ၌ ပြဿနာ နည်းသော်လည်း ပရမ်းပတာပြန့်ကား လူနေများ လာသည့် မြို့ကြီးများတွင် ရေအရင်းအမြစ်များ ပျက်စီးခြင်း၊ ဝန်ဆောင်မှုလျော့နည်းခြင်းတို့ကြောင့် သဘာ၀ ပတ်ဝန်းကျင်နှင့် လူ့ကျန်းမာရေးကို ထိခိုက်စေလိမ့်မည်။ မက်ဂါစီးတီး ၃၅ ရာခိုင်နှုန်းသည် ရေရှားပါးမှုနှင့် ကြုံတွေ့ရန် အလားအလာ ရှိနေသည်။ စွန့်ပစ်ရေဆိုး သန့်စင်စက်ရုံများ မနိုင်မနင်းဖြစ်ခြင်းတို့ကြောင့် ရေနှင့်ဆက်နွှယ်သည့် ရောဂါများထူပြောသည်။
ဖွံ့ဖြိုးဆဲမြို့ကြီးများတွင် ပုံမှန်အချိုးထက်များပြားသော လူတို့အတွက် ရေလုံလောက်အောင်ပေးနိုင်ဖို့ ခက်ခဲနေသည့်အခြေအနေကို ရာသီဥတု ပြောင်းလဲခြင်းက ထပ်ဆင့်ခက်ခဲစေလျက်ရှိသည်။
ကမ်းရိုးတန်းမြို့ကြီးများသည် အခြားမြို့များရင်ဆိုင်ရသည့် ရေအခက်အခဲအပြင် မြို့ချဲ့မှုကြောင့် ဒီရေတောများပျက်စီးခြင်း၊ မြေအောက်ရေအထုတ်လွန်၍ ရေငန်ဝင်ခြင်းတို့ကိုပါ ကြုံတွေ့ရမည်။
မက်ဂါစီးတီးများလာသည်နှင့်အတူ ရေလိုအပ်ချက်လည်း လိုက်မြင့်လာ၍ ရှိပြီးအရင်းအမြစ်များနှင့် မလောက်သည့်အခါ ပတ်ဝန်းကျင်မှရေဇာစ်မြစ်တို့ကို ရယူလိမ့်မည်။ ထိုအခါ မက်ဂါစီးတီးများ၏ ပြဿနာသည် အနီးအနားဒေသများသို့ပါ ရောက်ရှိသွားမည်။
ထို့ကြောင့် မြို့မချဲ့မီကတည်းက ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု အမြင်ဖြင့် ကြိုတင်စီမံထားမှ မြို့ကိုရော၊ အနီးပတ်ဝန်းကျင် ရေအရင်းအမြစ်များကိုပါ မပျက်စီးအောင် ကာကွယ်ရာရောက်မည်။ ကြိုတင်စီမံရာတွင် နည်းပညာ၊ အင်ဂျင်နီယာပညာများသာမက သဘာဝအခြေခံအဆောက်အအုံများကို ထိန်းသိမ်းခြင်းဖြင့်လည်း ရေအခက်အခဲကို ပြေလျော့စေနိုင်သည်။
ရေအခက်အခဲဖြေရှင်းရာတွင် ဆိုင်ရာမြို့ကြီးများ၏ အခြေအနေပေါ်မူတည်၍ နည်းလမ်းကွဲပြားမှုများ ရှိသော်လည်း ရေကို ချွေတာသုံးစွဲရန် စီမံခြင်းသည် အထိရောက်ဆုံးဖြစ်သည်။
ကျွန်းများနှင့်တောင်ပေါ်ဒေသများ
အချို့နိုင်ငံများ၏ပထဝီအနေအထားက ရာသီဥတု ပြောင်းလဲမှု၏ဒဏ်ကို ပို၍ခံရသည်။ ကျွန်းနိုင်ငံများသည် မိုးရေကိုသာ အဓိကအားထားရကာ မိုးမမှန်သောအခါ ရေအခက်အခဲကြုံကြသည်။ မြင့်တက်လာနေသော ပင်လယ်ရေပြင်ကြောင့် မြေအောက်ရေကြောများထဲသို့ အငန်ဓာတ်တိုးဝင်သဖြင့် မြေအောက်ရေ အပေါ်လည်း မှီခိုရခက်လာသည်။ ကျွန်းနိုင်ငံများနည်းတူ ကမ်းရိုးတန်းဒေသများသည်လည်း မြေအောက်ရေ ငန်သွားခြင်းနှင့် မုန်တိုင်းများဒဏ်ကို ခံနေကြရသည်။
တောင်ပေါ်ဒေသများလည်း မလွတ်ပါ။ တက်လာသော အပူချိန်ကြောင့် တောင်ပေါ်ရေခဲမြစ်များ အရည်ပျော်၍ ပေါ်လာသည့် ကျောက်တုံးများသည် တောင်အောက်သို့လိမ့်ဆင်းရင်း အနီးအနား မြေသားထုကိုပါ သယ်ဆောင်ကာ မြေပြိုမှုများ ဖြစ်ပေါ်သည်။ ပျော်ကျလာသောရေခဲရည်များကို တောင်ပေါ်ကုန်းရိုးစသည့် သဘာဝသွင်ပြင်တို့က တားဆီးထားသောကြောင့် ယာယီရေအိုင်ကြီးများ ပေါ်ထွန်းလာသည်။ ရေအိုင် ကြီးသထက်ကြီးလာသောအခါ အတားအဆီးများကို ဖောက်ထွက်ကျော်လွန်၍ အောက်ပိုင်းဒေသများသို့ တဟုန်ထိုးဆင်းသဖြင့် ပြင်းထန်သောရေလွှမ်းမိုးမှုများနှင့် ရင်ဆိုင်ရသည်။
မိုးနည်းရေရှားဒေသများတွင် မိုးထပ်ခေါင်သောအခါ သီးနှံအထွက်ကျဆင်းရုံမက မြေပြင်တစ်ခုလုံး ကန္တာရများအဖြစ် အသွင်ပြောင်းနေကြသည်။
နောင်မျိုးဆက်အထိ
မိုးလေဝသနှင့်ဇလဗေဒပြောင်းလဲနေမှုများ၊ မဝေးသော အနာဂတ်၌ ထပ်တိုးပြောင်းလဲလာဦးမည့် အထောက်အထားများကြောင့် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲရေးတွင် ယင်းအခြေအနေနှင့် လိုက်ဖက်ဆီလျော်မည့် အစီအစဉ်များ ပြုလုပ်ရန် အရေးတကြီးလိုအပ်နေသည်။ ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု အားနည်းပါက ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများ ပို၍ဆိုးရွားမည်။ အားကောင်းသော ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှုများက ယင်းဆိုးကျိုးများကို အထိုက်အလျောက် လျော့နည်းစေမည်။ အချို့နိုင်ငံများ၌ ကောင်းမွန်သော ရေဘက် ဆိုင်ရာ စီမံခန့်ခွဲမှုကြောင့် ဂျီဒီပီကျဆင်းမှုသက်သာသည့် အထောက်အထားများရှိသည်။
အခြားသဘာဝဘေးအန္တရာယ်များ၏အကျိုးဆက်ကို အချိန်တို နှစ်တိုအတွင်း ကုစားနိုင်သော်လည်း ရာသီဥတုပြောင်းလဲခြင်း၊ ယင်းနှင့်ဆက်စပ်နေသည့် ရေဘက်ဆိုင်ရာစိန်ခေါ်မှုများသည် ရှုပ်ထွေးသည့်အပြင် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ယခုမျိုးဆက် သာမက နောင်မျိုးဆက်များအထိပါ သက်ရောက်နေမည်ဆိုခြင်းကို အထူးသတိပြုသင့်သည်။
(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)
အခန်း ၁။ ရေမရှိအသက်မရှိ
အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က
အခန်း ၃။ ပျက်ယွင်းရေသံသရာ
အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း
အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး
အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်
အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ
အခန်း ၈။ အရည်ပျော်တောင်ထိပ်များ
အခန်း ၉။ ပင်လယ်ရေတကယ်ခန်း
အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ
အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်
အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး
အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး
အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု
အခန်း ၁၆။ ခြေရာပျောက်ရေ
အခန်း ၁၇။ ရေဖိုးရေခ
အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ
အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်
အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့