သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး

မိလ္လာအညစ်အကြေးရေတို့ကိုသန့်စင်၍ပြန်သောက်ပါဟုဆိုလျှင် အချို့သူများအဖို့ ပြန်သောက်ဖို့မဆိုထားနှင့်၊ ကြားရရုံမျှဖြင့်ပင် အော့ချင်အန်ချင်ဖြစ်လာကြမည်။ သို့သော် ကမ္ဘာ့အချို့ဒေသများတွင် မိလ္လာနှင့် အခြား ရေဆိုးများကို သန့်စင်ပြီး စိုက်ပျိုးရေနှင့် စက်မှုလုပ်ငန်းသုံးရေအပြင် သောက်သုံးရေအဖြစ်ပါ ပေးဝေနေခြင်းကို လက်တွေ့ အောင်မြင်စွာ လုပ်ဆောင်လျက်ရှိသည်။

ယင်းအချက်က ကောင်းမွန်သန့်ရှင်းသည့် ရေအရင်းအမြစ် ရှာရသည်မှာ ခက်သထက်ခက်လာနေသည့် အခြေအနေကို မီးမောင်းထိုးပြသည့်အပြင် ရေဆိုးများကိုပြန်လည်သန့်စင်အသုံးပြုခြင်းဖြင့်လည်း ရေပြဿနာ တစ်စိတ်တစ်ပိုင်း ပြေလည်နိုင်ကြောင်း ညွှန်းဆိုလိုက်ခြင်းပင် ဖြစ်သည်။

ယင်းနည်းပညာကို လွန်ခဲ့သောနှစ်ပေါင်း ၈၀ ခန့်ကတည်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် စတင် အသုံးပြုခဲ့သည်။ သို့သော် သန့်စင်ပြီးရေကို စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းစသည့် သောက်သုံးရန် မဟုတ်သောနေရာတို့တွင်သာ အသုံးချခဲ့သည်။ နောက်ပိုင်း နည်းပညာများ ပိုတိုးတက်လာသောအခါ သောက်သုံးနိုင်သည့် အဆင့်အထိ ရောက်ရှိအောင်မြင်လာခဲ့ကြသည်။ အမေရိကန် ကြည်းတပ်နှင့် ကမ်းတက်တပ်သည် အရှေ့အလယ်ပိုင်းဒေသရောက် တပ်သားများအတွက် လိုအပ်သည့်အခါ ယင်းနည်းပညာများဖြင့် ရေဆိုးကို သန့်စင်၍ သောက်သုံးစေခဲ့သည်။

စွန့်ပစ်ရေသုံး မြို့များ

စွန့်ပစ်ရေဆိုးကို မြို့ရေပေးရေးအတွက် ပထမဆုံးအသုံးပြုသောမြို့မှာ အာဖရိကတိုက် နမီးဘီးယားရှိ ဝင်းဟွတ်(ခ်)မြို့Windhoek ဖြစ်သည်။ ယင်းမြို့၌ ကန်ရေ၊ မြေအောက်ရေတို့ဖြင့် မလုံလောက်သည့်အတွက် တစ်ရက်လျှင် စွန့်ပစ်ရေဆိုး ကုဗမီတာ ၂၀၀၀၀ ခန့်ကိုသောက်ရေအဖြစ်ပြောင်းလဲပေးဝေနေသည်မှာ ၁၉၆၈ ခုနှစ် ကတည်းက ဖြစ်သည်။

၁၉၇၀ နှစ်ကာလများအထိ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အောရိန်းကောင်တီ Orange County ၏ ရေပေးရေးစနစ်သည် မြေအောက်ရေကိုအဓိကမှီခိုခဲ့သည်။ ရေအထုတ်လွန်လာသောအခါ မြေအောက် ရေကြောများထဲသို့ ပင်လယ်ရေငန်များ စိမ့်ဝင်ရောနှောလာသည်။ သောက်သုံးရန်မသင့်ဖြစ်လာသည်။ အခြားသော ရေအရင်းအမြစ်များမှရယူရန် မလုံလောက် အဆင်မပြေသောအခါ ရေပေးရေးအင်ဂျင်နီယာတို့သည် ရေဆိုးများကို အဆင့်ဆင့်သန့်စင်၍ သောက်ရေအဆင့်အထိရောက်အောင် ပြုပြင်သုံးစွဲရန် ဆုံးဖြတ်ကြသည်။

ဦးစွာ ဆန်ကာကျဲများကိုသုံး၍ ရေဆိုးတွင်ပါသည့် အရွယ်ကြီး အမှိုက် အစိုင်အခဲစသည်တို့ကိုစစ်ထုတ်သည်။ စစ်ယူပြီးသော ရေဆိုးတွင်ပါသည့် အန္တရာယ်ပြုအော်ဂဲနစ်ဓာတ်ပေါင်းများကို အကျိုးပြုဘက်တီးရီယားများ၏ အကူဖြင့် ဓာတ်ပြုပြောင်းလဲသည်။

ထို့နောက် မျက်စိဖြင့်မမြင်နိုင်လောက်အောင်သေးငယ်သော အပေါက်များပါသည့် ဆန်ကာများဖြင့် ထပ်ဆင့် စစ်ယူပြန်သည်။ ထိုမှ တဖန် အာရ်အိုခေါ် ပြောင်းပြန်အော့စ်မိုးဆစ်စနစ်ဖြင့် ဓာတ်ဆားများ၊ သတ္တုဓာတ်များ၊ ဆေးဝါးအကြွင်းအကျန်များကို ထပ်မံဖယ်ထုတ်သည်။ ထိုသို့သန့်စင်ပြီးသောရေတွင် အက်စစ်ကဲနေသဖြင့် ထုံးနှင့် ဓာတ်ပြုစေကာ အက်စစ်ပမာဏလျှော့ချသည်။ ပြီးမှ ခရမ်းလွန်ရောင်ခြည်ဖြင့်ပိုးသတ်သည်။ အောရိန်းကောင်တီတွင် တစ်ရက်လျှင် ရေဆိုးဂါလန်သန်း ၁၀၀ ကို ဤနည်းဖြင့် သောက်ရေအဆင့်သို့ သန့်စင်ပေးသည်။

ရရှိသောသောက်ရေအဆင့်ဂါလန်သန်း ၁၀၀ အနက် ၃၅ သန်းကို အောရိန်းကောင်တီ၏ ပင်လယ်ဘက်ခြမ်းရှိ အဝီစိတွင်းများထဲသို့ မှုတ်သွင်းသည်။ မြေအောက်ရေကြောများထဲသို့ ပင်လယ်ရေငန်မဝင်နိုင်စေရန် မြေအောက်ရေတံတိုင်းကြီးများဖြင့် ကာရံပေးခြင်း ဖြစ်သည်။

အောရိန်းကောင်တီ၏ မြေအောက်ရေကြောများထဲသို့ ပင်လယ်ရေငန်များမဝင်နိုင်စေရန် မြေအောက်ရေတံတိုင်းကြီးများဖြင့် ကာရံပေးခြင်း

ရေဂါလန် ၆၅ သန်းကိုမြေပေါ်ရေကန်များထဲသို့ထည့်ပြီး ရွာကျသော မိုးရေများနှင့်အတူ မြေအောက်ရေကြောများထဲသို့ စိမ့်ဝင်စေ၍ မြေအောက်တွင် သိုလှောင်ကာ လိုအပ်သလို သောက်သုံးရေအဖြစ် ထုတ်သုံးသည်။

ယင်းအောရိန်းကောင်တီမြေအောက်ရေ ပြန်လည်ဖြည့်တင်းစနစ်သည် ရေဆိုးသန့်စင်ပြန်လည်အသုံးပြုခြင်း၊ မြေအောက်ရေငန်မဝင်စေရန် ရေကိုရေဖြင့်တားဆီးခြင်း၊ မြေအောက်ရေကြောများကိုရေလှောင်ကန်များအဖြစ် အသုံးချခြင်းစသည်တို့ကို လုပ်ဆောင်သည့် ထူးခြားသောရေပေးရေးစနစ်ဖြစ်သည်။ ကမ္ဘာတွင် မိလ္လာရေဆိုးများကို သောက်ရေအဖြစ် ပြောင်းလဲအသုံးပြုနေသောနေရာ အများရှိရာ အောရိန်းကောင်တီ၏စနစ်သည် အကြီးဆုံးဖြစ်သည်။

စင်ကာပူတွင် တစ်နှစ်လျှင် ရေဆိုးထုထည်ကုဗမီတာသန်း ၆၀၀ နီးပါးကို သန့်စင်၍ သောက်သုံးရေအဖြစ် ပေးဝေနေသည်။ အစ္စရေးသည် စွန့်ပစ်ရေဆိုး၏ ၉၀ ရာခိုင်နှုန်းကို ပြန်လည်အသုံးချသည်။

ကမ္ဘာတစ်ဝန်းလုံး၌ အနည်းဆုံးနိုင်ငံ ၅၀ တို့တွင် စွန့်ပစ်ရေဆိုးတို့ကို ပြန်လည် အသုံးချနေသော်လည်း အများစုမှာ စိုက်ပျိုးရေးနယ်ပယ်နှင့် မြက်ခင်းရေဖြန်းခြင်း စသည့် မြေယာရှုခင်းပြုပြင်ခြင်း လုပ်ငန်းများတွင်သာ ဖြစ်သည်။ ဝင်းဟွတ်(ခ်)မြို့၊ အောရိန်းကောင်တီ၊ စင်ကာပူ၊ အစ္စရေးစသည်တို့တွင်ကဲ့သို့ သောက်ရေအဖြစ် အသုံးချမှု နည်းသေးသည်။

အများလက်ခံဖို့အဓိက

စံမီသောက်ရေသန့်အဆင့်အထိ ရောက်အောင် သန့်စင်ထားသောရေဆိုးသည် ကမ္ဘာ့ရေအခက်အခဲကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပေးနိုင်သော်လည်း ကုန်ကျစရိတ်များခြင်းနှင့် အများပြည်သူက သောက်ရေအဖြစ် လက်ခံ သောက်သုံးခြင်း ရှိမရှိဟူသောအချက်က ရေဆိုးပြန်လည်အသုံးပြုရေးကဏ္ဍတွင် အဟန့်အတားဖြစ်နေသည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တမ်ပါနှင့် သြစတေးလျနိုင်ငံ တူးဝူး(မ်)ဘာတို့တွင် သန့်စင်ပြီး မိလ္လာရည်များကို သောက်ရေထဲရော၍ ပေးဝေမည့် အစီအစဉ်သည် မြို့နေလူတို့က လက်မခံ ကန့်ကွက် သဖြင့် ပျက်ပြားသွားခဲ့သည်။

အောရိန်းကောင်တီ၏ ရေဆိုးပြန်လည်အသုံးပြုရေး အောင်မြင်သည်မှာ မြို့ခံများအား စည်းရုံးနိုင်၍ ဖြစ်သည်။ ရေအင်ဂျင်နီယာတို့သည် နည်းပညာပိုင်းအရ စိတ်ချရအောင်စီမံပြီးနောက် မြို့ခံလူများအား ရေဆိုးသန့်စင်ရေး စက်ရုံသို့ ဖိတ်ခေါ်၍ လုပ်ငန်းအဆင့်ဆင့်ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာစေသည်။ သန့်စင်ပုံစနစ်များကို စိတ်ရှည်လက်ရှည်ရှင်းပြသည်။ လေ့လာသူတို့၏ မေးခွန်းများကိုလည်း ကျေနပ်သည်အထိ အဖြေပေးသည်။ သန့်စင်ပြီး စွန့်ပစ်ရေများကို မပေးဝေမီ ယင်းရေတို့ကို စိတ်ချလက်ချ သောက်သုံးနိုင်ကြောင်း သရုပ်ပြအသိပေးမှုပေါင်း ၂၀၀၀ ကျော်လုပ်ဆောင်ခဲ့သည်။ ယင်းရေကို ဒေသခံတို့ ယုံကြည်သော ပညာရှင်များက စစ်ဆေးမှု အကြိမ်ကြိမ် လုပ်ဆောင်စေခဲ့သည်။ လေ့လာရေးအစီအစဉ်အပြီး၌ သန့်စင်ပြီး ရေဆိုးများကို သောက်လိုကသောက်ကြည့်နိုင်ကြောင်းပြောရာ လေ့လာသူ စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းက မဆိုင်းမတွသောက်လိုက်ကြသည်။ ယင်းနည်းဖြင့် မြို့နေလူထု၏ ယုံကြည်မှုကို ရယူနိုင်သဖြင့် အောရိန်းကောင်တီ၏ စွန့်ပစ်ရေ သောက်သုံးရေးအစီအစဉ် အောင်မြင်ခဲ့သည်။

စင်ကာပူတွင်လည်း သန့်စင်ပြီးရေဆိုးများကို ရေသန့်ဘူးထဲထည့်၍ စတင်ရောင်းချစဉ်က ယင်းရေဘူးများ မည်မျှစိတ်ချရကြောင်း ပြပွဲများပြုလုပ်၍ စည်းရုံးခဲ့ရာ လူ ၈၀၀၀၀၀ တက်ရောက်လေ့လာကြည့်ရှုခဲ့သည်။ ယင်းပြပွဲနှင့် အခြားမီဒီယာများ၏လှုံ့ဆော်မှုကြောင့် စင်ကာပူနိုင်ငံသားများသည် သန့်စင်ပြီးရေဆိုး၏ အန္တရာယ်မရှိပုံကို ရာခိုင်နှုန်းပြည့်လက်ခံကြသည့်အပြင် ရေမလုံမလောက်ဖြစ်မှုသည် သူတို့နိုင်ငံလုံခြုံရေးနှင့် ဆက်နွှယ်နေကြောင်း သဘောပေါက်အောင်လုပ်နိုင်ခဲ့၍ သန့်စင်ပြီးရေဆိုးကို ကျေနပ်စွာ သောက်သုံးနေကြသည်။

အာကာသစခန်းထဲက စွန့်ပစ်ရေသန့်စင်စနစ်

ယင်းရေကိုပြန်သောက်၍ မည်သည့်အန္တရာယ်မှမရှိကြောင်း အကောင်းဆုံး သာဓကအဖြစ် ရှိသမျှရေ၏ ၉၃ ရာခိုင်နှုန်းကို ပြန်လည်သန့်စင် သောက်သုံးနေသောနေရာတစ်ခုကို ပြနိုင်သည်။ ယင်းမှာ ကမ္ဘာမြေပြင်မှ အမြင့်မိုင် ၂၀၀ ကျော်၌ ပျံသန်းနေသည့် နိုင်ငံတကာ အာကာသစခန်း ဖြစ်သည်။ အာကာသယာဉ်မှူး ကိုးဦးအထိ တစ်ချိန်တည်းနေခဲ့ဖူးသည့် နိုင်ငံတကာ အာကာသစခန်းတွင် ယာဉ်မှူးတို့သည် သုံးသမျှ ရေအားလုံးလိုလိုကို ပြန်သန့်စင်၍ သောက်သုံးကြရသည်။

ယာဉ်မှူးတစ်ဦးသည် တစ်ရက်ကိုရေတစ်ဂါလန်သာသုံးခွင့်ရှိသည်။ ရေချိုးရန် ရေပန်းမရှိ၊ ရေပတ်တိုက်၍သာ သန့်စင်ရသည်။ ရေပတ်တိုက်ရာမှ ထွက်လာသောရေငွေ့၊ ပါးစပ်မှထွက်လာသော အာငွေ့၊ ချွေးတို့ကို ဖမ်းယူ၍ ရေပြန်ဖြစ်စေသည်။ သွားသောဆီးကို အငွေ့ပြန်စေကာ အရည်နှင့်အနယ်ခွဲထုတ်သန့်စင်၍ ပြန်သောက်ရသည်။

နိုင်ငံတကာ အာကာသစခန်းတွင် သုံးသမျှရေအားလုံးလိုလိုကို ပြန်သန့်စင်၍ ပြန်သောက်သုံးကြရသည်။

ယာဉ်မှူးတို့အတွက်နှင့်သုတေသနလုပ်ငန်းများအတွက် ရေနှင့်အခြားပစ္စည်းများ လိုလာပါက အာကာသယာဉ်များဖြင့် ကမ္ဘာမှ နိုင်ငံတကာအာကာသစခန်းသို့ ပို့ပေးသည်။ ပို့ခရေအလေးချိန် တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၁၈၀၀(မြန်မာငွေ ၂၅ သိန်းခန့်) ကုန်ကျသည်။

စွန့်ပစ်ရေက မြစ်ရေထက်များနေ

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အက်ကွာစတတ်၏ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်းလုံးတွင် သုံးစွဲနေသော ရေပမာဏသည် တစ်နှစ်လျှင် ကုဗမိုင် ၉၆၀ နီးနီးရှိပြီး ယင်းသုံးစွဲရေ၏ ၅၆ ရာခိုင်နှုန်းဖြစ်သော ကုဗမိုင် ၅၄၀ ခန့်ကိုရေဆိုးများအဖြစ် ပြန်လည်စွန့်ပစ်နေသည်။ တစ်ကမ္ဘာလုံးရှိ မြစ်ချောင်းများအတွင်း (အချိန် တစ်ချိန်၌) စီးဆင်းနေသောရေထုထည်သည် ကုဗမိုင် ၅၀၀ ခန့်ရှိရာ တစ်နှစ်အတွင်း စွန့်ပစ်ရေဆိုး ထုထည်စုစုပေါင်းသည် မြစ်ရေ ချောင်းရေထက်ပင် များနေ သေးသည်။

ရေအသုံး များသည်ထက်များလာနေသည့်အပြင် ရာသီဥတုပြောင်းလဲမှုကလည်း ရှိပြီးရေအရင်းအမြစ်များကို ခြိမ်းခြောက်လျက်ရှိရာ ထိုမျှများပြားသောရေထုကို စွန့်ပစ်နေမည့်အစား ရေအရင်းအမြစ် တစ်မျိုးအဖြစ် လက်ခံကာ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍတို့၌ အသုံးချခြင်းအပြင်ပြန်လည်သောက်သုံးသည်အထိ ယခုထက်ပို၍ လုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေသည်။


(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)

အခန်း ၁။ ရေမရှိအသက်မရှိ

အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က

အခန်း ၃။ ပျက်ယွင်းရေသံသရာ

အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း

အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး

အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်

အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ

အခန်း ၈။ အရည်ပျော်တောင်ထိပ်များ

အခန်း ၉။ ပင်လယ်ရေတကယ်ခန်း

အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ

အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်

အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး

အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု

အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ

အခန်း ၁၆။ ခြေရာပျောက်ရေ

အခန်း ၁၇။ ရေဖိုးရေခ

အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ

အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်

အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့

One thought on “သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s