အပူပိုင်းဒေသ မိုးရေစုဆောင်းနည်းသုံးမျိုး – ၀င်းစိုး (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အပူပိုင်းဒေသ ဖြစ်သော မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့သည် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ အဓိက စိုက်ပျိုးထုတ်လုပ်သော ဒေသများဖြစ်သည်။ အကျယ်အဝန်း အားဖြင့် ၅၄၃၉၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်း၍ မြန်မာနိုင်ငံ စုစုပေါင်း ဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့် ရှိသည်။ တစ်နှစ်ပတ်လုံး ပျမ်းမျှ မိုးရေချိန် ၇၀၀- ၁၀၀၀ မီလီမီတာခန့်သာ ရရှိပြီး စိုက်ပျိုးရေး လုပ်ငန်းများအတွက် အဓိက အဟန့်အတား ဖြစ်နေသည်။ ဇွန်လနှင့် ဇူလိုင်လတို့တွင် မိုးရွာသွန်းမှု နည်းခြင်း၊ အပူချိန် မြင့်မားခြင်းနှင့် လေတိုက်နှုန်းမြင့်မားခြင်းတို့ကြောင့် ပူပြင်း ခြောက်သွေ့ပြီး အပေါ်ယံ စိုက်ပျိုးမြေသား ဆုံးရှုံးမှုများ နှစ်စဉ် ကြုံတွေ့နေရသည်။ ထို့အပြင် ရွာသွန်းသော မိုးရေချိန် ပမာဏသည် တစ်နှစ်ထက် တစ်နှစ် သိသိသာသာနည်းလာခြင်း၊ မိုးရွာသွန်းမှု ပုံစံ မမှန်ခြင်းနှင့် ပျံ့နှံ့စွာ ရွာသွန်းမှု မရှိခြင်းတို့ကိုလည်း ကြုံတွေ့နေရသည်။

အပူပိုင်းဇုန် ဒေသ၏ မြေများသည် သစ်ဆွေးဓာတ် နည်းပြီး သဲဆန်သော မြေများ ဖြစ်ခြင်းကြောင့် ရေထိန်းသိမ်းနိုင်မှုနည်းသော မြေအမျိုးအစားများ ဖြစ်သည်။ မိုးရေချိန် နည်းပါးသော ဇွန်နှင့် ဇူလိုင်လများတွင် စိုက်ပျိုးမြေများ၏ မြေအစိုဓာတ်ကို ထိန်းထားနိုင်မှု နည်းခြင်းနှင့် ရေငွေ့ပျံမှု များခြင်းသည် သီးနှံပင်များ၏ ကြီးထွားမှုကို အဟန့်အတား ဖြစ်စေသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသများတွင် စိုက်ပျိုးရေးကဏ္ဍအတွက် သွင်းရေ အရင်းအမြစ် ရရှိရေးသည် အရေးကြီးဆုံး အချက်ဖြစ်သည်။ ထို့ကြောင့် တောင်သူများအနေဖြင့် သီးနှံအထွက် တိုးလာစေရန် ရွာသွန်းသော မိုးရေကို စနစ်တကျ စုဆောင်းပြီး အကျိုးရှိစွာ အသုံးချနိုင်ရေးသည် အရေးကြီးလာသည်။

ရေစုဆောင်းခြင်းနည်း(၃)မျိုး

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသနှင့် သင့်လျော်သော အောက်ပါ ရေစုဆောင်းနည်းလမ်း သုံးမျိုးဖြင့် မိုးရေကို စုဆောင်းနိုင်ပါသည်။

(က) ခေါင်မိုးမှ မိုးရေကို တိုက်ရိုက် စုဆောင်းခြင်း၊

(ခ) စိုက်ခင်းအတွင်း မိုးရေခံမြောင်းနှင့် ပေါင်များ (Bank and Ditch) ပြုလုပ်ခြင်းနှင့်

(ဂ) စိုက်ခင်းအနီး ရေကန်များ တည်ဆောက်၍ စီးဆင်းလာသော မိုးရေများကို စုဆောင်းခြင်းတို့ ဖြစ်ပါသည်။

ခေါင်မိုးမှရွာသွန်းသောမိုးရေကို စုဆောင်းခြင်း

ခေါင်မိုးမှ မိုးရေ စုဆောင်းခြင်း နည်းလမ်းသည် ခြောက်သွေ့သော ရာသီတွင် ပြန်လည်အသုံးပြုနိုင်ရန် မိုးရာသီကာလအတွင်း ရေပမာဏ မြောက်မြားစွာကို စုဆောင်းနိုင်သည့် ရိုးရှင်းသော နည်းလမ်းဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် သီးနှံပင်များအတွက် ရေလိုအပ်သည်သာမက သောက်သုံး ရေရှားပါးသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်။ ခေါင်မိုးမှ ရသော မိုးရေကို စနစ်တကျ စုဆောင်း သိုလှောင်ထားပြီး သောက်သုံးရေအတွက်သာမက မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် အသုံးပြုခြင်းအားဖြင့် မိသားစုဝင်ငွေ တိုးစေမည်ဖြစ်သည်။

ဆက်စပ်လေ့လာရန် မိုးကျရေချို Click here

စိုက်ခင်းအတွင်း မိုးရေခံမြောင်းတူးခြင်းနှင့် ပေါင်များ ပြုလုပ်ခြင်း

စိုက်ခင်းအတွင်း မိုးရေခံမြောင်း တူးခြင်းနှင့် ပေါင်များ ပြုလုပ်ခြင်းသည် ရိုးရှင်းပြီး အသုံးများသော နည်းလမ်းဖြစ်သည်။ မိုးရေကို စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် မြေဆီလွှာ တိုက်စားခြင်းကို ကာကွယ်ပေးနိုင်သော နည်းလမ်းလည် းဖြစ်သည်။ မြင်းခြံ စိုက်ပျိုးရေး သုတေသနခြံ၌ ၂၀၁၅ ခုနှစ်တွင် နှံစားပြောင်း သီးနှံနှင့် ပဲစင်းငုံသီးနှံ သီးညှပ်စိုက်ခင်းကြားတွင် အကျယ် ၁ ဒသမ ၅ ပေနှင့် အနက် ၃ ပေ မိုးရေခံမြောင်း တူးပြီး ပေါင်တား ပြုလုပ်ခြင်းဖြင့် စိုက်ခင်း၏ အစိုဓာတ်ကို ၁၅ ရာခိုင်နှုန်း ပိုမိုထိန်းထားနိုင်ပြီး ပဲစင်းငုံသီးနှံ၏ အထွက်နှုန်းတွင် ၁၀ ရာခိုင်နှုန်း ပိုမိုထွက်ရှိသည်ကို တွေ့ခဲ့ရသည်။ မကွေးစိုက်ပျိုးရေးသုတေသနခြံ၌ နှမ်းစိုက်ခင်း အလယ်တွင် အကျယ် ၁ ဒသမ ၅ ပေနှင့် အနက် ၃ ပေ တူးပြီး အနိမ့်ပိုင်းဘက်တွင် ရေတားပေါင်များပြုလုပ်ခဲ့ရာ နှမ်းသီးနှံ၏ အထွက်နှုန်းတွင် သိသာစွာ ကွာခြားခြင်း မရှိသော်လည်း နှစ်စဉ် ကြုံတွေ့နေရသော ရေတိုက်စားမှုကို ကာကွယ်နိုင်ခဲ့သည်။

ညောင်ဦး စိုက်ပျိုးရေး သုတေသနခြံ၌ ၂၀၁၆ ခုနှစ်က မြေပဲစိုက်ခင်းဘေးတွင် အကျယ် ၁ ဒသမ ၅ ပေ၊ အနက် ၃ ပေရှိ မိုးရေခံမြောင်း တူးပြီး ရေတားပေါင် ပြုလုပ်ခဲ့ကာ ယင်းရေတားပေါင်များ၏ ဘေးတွင် မြေပြန့် ချယ်ရီပင်များ စိုက်ပျိုးခဲ့ရာ အဆိုပါ စိုက်ကွက်သည် အခြားစိုက်ခင်းများထက် မြေပဲအထွက်နှုန်းတွင် ၁၃ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုထွက်ရှိသည်ကို တွေ့ရသည်။ အပူပိုင်းဇုန်ဒေသအတွင်း မိုးရေခံမြောင်းများတူးပြီး ပေါင်များ ပြုလုပ်ခြင်းဖြင့် မြေ၏ အစိုဓာတ်ကို ပိုမိုထိန်းထားနိုင်ပြီး သီးနှံအထွက်နှုန်းကို ပိုကောင်းစေသည့်အပြင် မြေဆီလွှာ အာဟာရဓာတ် ဆုံးရှုံးမှုကိုလည်း ကာကွယ်နိုင်ကြောင်း လက်တွေ့စမ်းသပ်ချက်များအရ သိရခြင်းဖြစ်သည်။

စိုက်ခင်းအနီး ရေစုဆောင်းကန်တည်ဆောက်ခြင်း

မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့သော နေရာများတွင် သီးနှံသက်တမ်း တစ်လျှောက် မိုးရေချိန် လုံလောက်စွာ ရရှိရေးမှာ အလွန် ခက်ခဲလှပေသည်။ မိုးရေချိန် မလုံလောက်ခြင်း၊ နေအပူချိန် မြင့်မားခြင်းနှင့် လေတိုက်နှုန်း မြင့်မားခြင်းတို့ကြောင့် သီးနှံအထွက်နှုန်းမှာလည်း သိသိသာသာ လျော့ကျလျက် ရှိသည်။ သီးနှံ အထွက်တိုးစေရန် သီးနှံသက်တမ်း တစ်လျှောက် ဖြည့်စွက်ရေ ရရှိရန် ရည် ရွယ်ချက်ဖြင့် ရေကန်ငယ်များကို တည်ဆောက်၍ ပြင်ပမှ စီးဆင်းလာသောမိုးရေများကို စုဆောင်း သိုလှောင်ရခြင်း ဖြစ်သည်။ ထို့အပြင် ရေကန်ငယ်မှ ရေကို အသုံးချပြီး ဝင်ငွေရရှိလွယ်သော ဟင်းသီးဟင်းရွက် (Cash Crops) စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေ ပိုမိုရရှိစေမည်ဖြစ်သည်။

ရေချွေတာသုံးစွဲနည်း

ရေချွေတာသုံးစွဲသည့် စိုက်ပျိုးရေးနည်းနှင့် ပတ်သက်၍ အောက်ပါနည်းနှစ်မျိုးကို အဓိကထား ဆောင်ရွက်နိုင်သည်။

(က) မွှားစနစ်ဖြင့် ရေသွင်းခြင်း (Sprinkler Irrigation) နှင့်

(ခ) အစက်ချစနစ်ဖြင့် ရေသွင်းခြင်း (Drip Irrigation) တို့ဖြစ်သည်။

မွှားစနစ်ဖြင့်ရေသွင်းခြင်း

ယေဘုယျအားဖြင့် မွှားစနစ်ဖြင့် ရေပေးသွင်း နည်းလမ်းကို သီးနှံမျိုးစုံတွင် အသုံးပြုနိုင်သည်။ ထိုရေပေးခြင်း နည်းစနစ်သည် စိုက်ခင်းများ၏ နေရာတိုင်းတွင် ရေရရှိမှု တညီတညာတည်း ဖြစ်စေနိုင်သည်။ ယင်းနည်းစနစ်ကို မြေအမျိုးအစား အများစုတွင် အသုံးပြုနိုင်သော်လည်း ရေစိမ့်ဝင်မှု မြန်သည့် သဲဆန်သောမြေတွင် အထူးသင့်တော်ပြီး မြေမျက်နှာပြင်တွင် အက်ကွဲနေသော မြေမျိုး၌ အသုံးပြုရန် မသင့်တော်ပေ။ ယင်းအပြင် ထိုစနစ်ကို အသုံးပြုသည့်အခါ မြေပေါ်တွင် ရေဝပ်ခြင်း၊ ရေများ စီးဆင်းခြင်း မဖြစ်ပေါ်စေရန် မြေထဲသို့ ရေစိမ့်ဝင်မှုနှုန်းထက် နည်းသော ရေမွှားထွက်မှုနှုန်းကို အသုံးပြုသင့်သည်။ ထို့ကြောင့် ရေမွှားထွက်မှုနှုန်းကို ဇယားတွင် ဖော်ပြထားသောမြေ အမျိုးအစားအလိုက် မြေ၏စိမ့်ဝင်မှုနှုန်းပေါ်တွင် အခြေခံ၍ စဉ်းစားရွေးချယ် အသုံးပြုသင့်သည်။

မွှားစနစ်ဖြင့် ရေပေးသွင်းခြင်း နည်းစနစ်၏ အားသာချက်များ

(၁) အလွန်ရွှံ့စေးဆန်သော မြေမှလွဲ၍ မြေအမျိုးအစား အားလုံးအတွက် သင့်တော်ခြင်း၊

(၂) သဲဆန်သော မြေများအတွက် အထူးသင့်တော်ခြင်း၊

(၃) တစ်ယူနစ် ဧရိယာတွင် အပင်ဦးရေ များသော သီးနှံ များအတွက် သင့်တော်ခြင်း၊

(၄) ရေတစ်ယူနစ် အသုံးပြုမှုအပေါ်တွင် အထွက်နှုန်း ပိုမိုမြင့်မားခြင်း၊

(၅) ရေပိုက်များကို လိုအပ်သလို ရွှေ့ပြောင်းအသုံးပြုနိုင်ခြင်းနှင့်

(၆) မြေမျက်နှာသွင်ပြင် အမျိုးမျိုးတွင် အသုံးပြုနိုင်ခြင်းတို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် ရွာသွန်းသော မိုးရေဖြင့် မြေပဲသီးနှံကို စိုက်ပျိုးကြသည်။ ထို့ကြောင့် မြေပဲသီးနှံ ကြီးထွားမှုကာလ တစ်လျှောက်တွင် မိုးရေပြတ်လပ်မှုများ ရှိလျှင် မြေပဲအထွက်နှုန်းကို မထိခိုက်အောင် ဖြည့်စွက်ရေသွင်းရန် လိုအပ်သည်။

အစက်ချစနစ်ဖြင့်ရေသွင်းခြင်း

အစက်ချစနစ်ဖြင့် ရေပေးသွင်းခြင်း နည်းလမ်းသည်လည်း ရေများကို စနစ်တကျ ချွေတာသုံးစွဲသည့်နည်း ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသကဲ့သို့သော မိုးနည်းရေရှား ဒေသများတွင် စုဆောင်းထားသော မိုးရေများကို တစ်နိုင်တစ်ပိုင် ဝင်ငွေရ ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် ရေကို အကျိုးရှိရှိ ချွေတာသုံးစွဲနိုင်ရန် အစက်ချ ရေပေးသွင်းခြင်း နည်းလမ်းသည် အသုံးဝင်ပြီး အလွန်သင့်လျော်သော နည်းလမ်းဖြစ်သည်။ ရေအစက်ချ သုံးစွဲစနစ်ကို တပ်ဆင်ရန် လုပ်အားလိုအပ်ချက်နှင့် ကုန်ကျစရိတ် များသော်လည်း တပ်ဆင်ပြီးသည်နှင့် လုပ်အားလိုအပ်မှုကို လျှော့ချနိုင်သလို ရေကို လွယ်ကူစွာ ပေးသွင်းနိုင်သည်။ ယင်းရေပေးသွင်းခြင်းစနစ်သည် ရေ ပုံမှန်ပေးရန် လိုအပ်သော တန်ဖိုးမြင့် ဝင်ငွေများ တစ်နိုင်တစ်ပိုင် စိုက်ခြင်းအတွက် ပိုမိုသင့်လျော်ပါသည်။

အစက်ချ ရေပေးသွင်းခြင်း နည်းစနစ်၏ အကျိုးကျေးဇူးများ

(၁) အပင်အမြစ်ဇုန်သို့ ရေကို တိုက်ရိုက်ရောက်စေနိုင်ပြီး ရေပေးသွင်းခြင်းကို လွယ်ကူစွာ ထိန်းချုပ်နိုင်ခြင်း၊

(၂) အခြားရေပေးသွင်းခြင်းနည်းလမ်းများထက် အငွေ့ပျံခြင်းကြောင့် ရေဆုံးရှုံးမှု လျော့နည်းစေခြင်း၊

(၃) အပင်၏ အပေါ်အစိတ်အပိုင်းများ ရေစိုစွတ်ခြင်း မရှိသည့်အတွက် စိုထိုင်းမှုကြောင့် ဖြစ်ပေါ်တတ်သော အပင်ရောဂါပြဿနာများ လျော့နည်းစေနိုင်ခြင်းနှင့်

(၄) အပင်၏အောက်ခြေ မြေဧရိယာ အနည်းငယ်ကိုသာ ရေပေးသွင်းခြင်းကြောင့် ပေါင်းမြက်ပြဿနာများ လျော့နည်းစေခြင်းတို့ ဖြစ်သည်။

ထိုသို့သော အကျိုးကျေးဇူးများကြောင့် အစက်ချ ရေပေးသွင်းခြင်းစနစ်ကို အသုံးပြုခြင်းအားဖြင့် သီးနှံအထွက်နှုန်းကို ပိုမိုကောင်းစေသည့်အပြင် ရေကိုချွေတာ သုံးစွဲနိုင်ခြင်းကြောင့် တောင်သူများအတွက် အကျိုးကျေးဇူးများလည်း ပိုမိုရရှိနိုင်မည်ဖြစ်သည်။

၁၄ . ၉. ၂၀၂၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ- ၂၃ ပါ ဆောင်းပါးရှင် ဝင်းစိုး၏ “မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ဒေသ စိုက်ပျိုးရေးအတွက် ရေစုဆောင်းနည်းနှင့် ရေချွေတာသုံးစွဲနည်းလမ်းများ” ဆောင်းပါး ဖြစ်ပါသည်။

Key words; မိုးရေ၊ အစက်ချစနစ်

(၃၀ . ၅ . ၂၀၂၂ တွင် တည်းဖြတ်သည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s