(အုန်းမြင့် – ကမ္ဘာ့ဘဏ် အတိုင်ပင်ခံ အင်ဂျင်နီယာ)

မြစ်ချောင်းများအတွင်းသို့ ဝင်ရောက်စီးဆင်းနေသော ရေထုထည်သည် ယင်းမြစ်များချောင်းများက လက်ခံ သယ်ယူ စီးဆင်းစေနိုင်သော ပမာဏထက် ကျော်လွန်များပြားလာသောအခါ မြစ်ကမ်းပါးပေါ်သို့ လျှံတက်လာပြီး ရေကြီးရေလျှံမှု ပေါ်ပေါက်သည်။ သို့သော် ရေကြီးရေလျှံမှုတိုင်းသည် အပျက်အစီးများကို မဖြစ်ပေါ်စေနိုင်ချေ။ လျှံတက်လာသောရေများသည် မြစ်၏ တဖက်တချက်တွင် သဘာဝအလျောက် ဖြစ်ပေါ်နေနိုင်သည့် ရေလွှမ်းလွင်ပြင်များထဲသို့ ဝင်ရောက်ဖုံးလွှမ်းသောအခါ ရေစီးတွင် ပါလာသော နုန်းအနည်များကို ပို့ချအနည်ထိုင်စေခြင်းဖြင့် ယင်းလွင်ပြင်များကို မြေဆီအာဟာရကြွယ်ဝစေသည်။ ရေသည် ရေလွှမ်းလွင်ပြင်မှ ဆက်လက်လျှံတက်သွားပြီး လူနေအရပ်များထဲသို့ စီးဆင်းဝင်ရောက်သောအခါမှ ထိခိုက် ပျက်စီးမှုများ ပေါ်ပေါက်သည်။ သဘာဝရေလွှမ်းလွင်ပြင် မရှိလျှင်၊ ရှိသော်လည်း ယင်းလွင်ပြင်ထဲသို့ လူတို့ ဝင်ရောက်ကျူးကျော်ဆောက်လုပ်နေထိုင်လျှင်၊ သို့မဟုတ် တစ်နည်းနည်းဖြင့် ယင်းလွင်ပြင်ကို ပျက်စီးစေခဲ့လျှင် သဘာဝအကာအကွယ် မရတော့ဘဲ ထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရသည်။
ရေကြီးရေလျှံခြင်းကြောင့် ထိခိုက်ပျက်စီးမှု မပေါ်ပေါက်အောင် သို့မဟုတ် နည်းပါးအောင် နည်းသုံးနည်းဖြင့် လုပ်ဆောင်နိုင်သည်။
၁။ ရေလွှမ်းနိုင်သော အကျယ်အဝန်း၊ တက်လာနိုင်သော အမြင့်နှင့် အချိန်ကို ကြိုတင်အသိပေးခြင်း
ထိုသို့ ကြိုတင်အသိပေးရာ၌ ဒေသခံတို့ ရွှေ့ပြောင်းနိုင်ရန် လုံလောက်သောအချိန် (သုံးရက်မှ ခြောက်ရက် အတွင်း) ရဖို့ အရေးကြီးသည်။ သို့သော် ပြောင်းလဲလာသောရာသီဥတုကြောင့် လျှပ်တပြက် ရေလွှမ်းမိုးမှု များသည် အချိန်တိုအတွင်း မြန်ဆန်စွာ ပေါ်ပေါက်လာနေသဖြင့် စောစီးစွာ ကြိုတင် သတိပေးနိုင်ရန် အခက်အခဲ ကြီးမားလာနေသည်။ ထို့ပြင် “လေထဲကမြစ်” များဟု တင်စားခေါ်ဝေါ်ရလောက်အောင် လေထုထဲ၌ ရွေ့လျားနေသည့် များပြားသိပ်သည်းလှသော ရေငွေ့တန်းကြီးများကြောင့် ပိုမိုသည်းထန်သောမိုးများ ရွာကျလာနေသည်။
၂။ လျှံတက်လာသောရေများကို လူတို့ရှိရာမှ ဝေးရာသို့ လွှဲပြောင်းပေးခြင်း
မြစ်နှင့် မလှမ်းမကမ်းတွင် ရေထိန်းတမံများ၊ ရေစုကန်များ တည်ဆောက်၍ လျှံလာသောရေများကို ယာယီ သိုလှောင် ထိန်းသိမ်းထားကာ ရေကျသောအချိန်၌ ပြန်လည်ထုတ်လွှတ်ခြင်းဖြင့် ရေကြီးရေလျှံမှုကို ထိန်းချုပ်နိုင်သည်။ သို့မဟုတ် မြစ်အထက်ပိုင်း မြစ်ကြောင်းထဲ၌ ရေတံခါး၊ ရေလွှဲဆည်များ တည်ဆောက်ကာ လျှံရေများကို ယာယီထိန်းထားပြီး ရေကျသောအချိန်၌ ပြန်လည်ထုတ်လွှတ်ခြင်းဖြင့် မြစ်အောက်ပိုင်းတွင် ရေကြီးရေလျှံမှု လျော့ပါးစေနိုင်သည်။ သို့မဟုတ် မြစ်ကြောင်းနှင့်အပြိုင် ချောင်းငယ်များ၊ တူးမြောင်းများ ဖောက်လုပ်ကာ မြစ်ထဲမှ ရေအချို့ကို လွှဲယူ စီးဆင်းစေခြင်းဖြင့်လည်း ပင်မမြစ်ထဲတွင် ရေကြီးခြင်းကို သက်သာရာရစေနိုင်သည်။ အပြိုင်တူးဖော်ထားသော ချောင်းငယ်နှင့် တူးမြောင်းများ၏ လျှောစောက်ကို ခပ်ပြေပြေဖြစ်အောင် စီစဉ်ထားလျှင် ရေစီးနှုန်း လျော့နည်းသည်။
၃။ ဒေသခံတို့ကို ရေကြီးသည့်နေရာမှ လွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း
ရေကြီးရေလျှံခြင်းအကြောင်း ဗီဒီယို ရှုစားရန် (ကြာချိန် ၅ မိနစ် ၁၁ စက္ကန့်) click here
ကမ္ဘာ့ဘဏ်သည် ဆိုင်ရာနိုင်ငံများတွင် အထက်ပါနည်းအားလုံး သို့မဟုတ် နှစ်နည်းဖြင့် ရေကြီးရေလျှံခြင်းကို သက်သာရာရစေခဲ့သည်။ မည်သည့်နည်းကို သုံးသည်ဖြစ်စေ၊ အားသာချက် အားနည်းချက်များ ကိုယ်စီ ရှိကြသည်။ ယာယီတမံ၊ ရေလွှဲလမ်းကြောင်းများစသော ရေထိန်းအဆောက်အအုံများကြောင့် လူတို့ကို ထိခိုက်ပျက်စီးမှု၊ အသက်ဆုံးရှုံးမှု သက်သာရာရသော်လည်း ယင်းတို့ကြောင့် သဘာဝမြေပြင်ဧရိယာ လျော့နည်းသွားသည်။ ရေမကြီးသောအချိန်များတွင် ယာယီရေထိန်းအဆောက်အအုံများသည် အသုံးမတည့် ဖြစ်နေခြင်းမျိုးကို သဘောပေါက်ထားရမည်။
မိုးခေါင်ခြင်း
မိုးခေါင်သည်ကို ရေကြီးခြင်းကဲ့သို့ သိသာထင်ရှားစွာ မမြင်ရချေ။ ပုံမှန်ထက် လွန်ကဲစွာ ပူပြင်းလာပြီး မြစ်ချောင်း အင်းအိုင် ရေတွင်းများတွင် ရေလျော့နည်း ခန်းခြောက်လာမှ မိုးခေါင်နေမှန်း သိလာကြသည်။ ထို့ကြောင့် ရေကြီးခြင်းကို နှလုံးရောဂါကြောင့် အမောဖောက်လာခြင်းနှင့် နှိုင်းယှဉ်ပြောဆိုကြပြီး မိုးခေါင်ခြင်းကို ကင်ဆာရောဂါနှင့် တူသည်ဟု ဥပမာပေးကြသည်။
ဆက်စပ်ဖတ်ရှုရန် – မိုးခေါင်ခြင်း၊ ကမ္ဘာနှင့်မြန်မာ click here
မိုးမခေါင်စေရန် ကာကွယ်လုပ်ဆောင်၍ မရသော်လည်း မိုးမှန်စဉ်ကတည်းက ရေများကို တိုင်ကီများ၊ ကန်များ၊ ရေလှောင်တမံများထဲတွင် တတ်နိုင်သမျှ သိုလှောင်ထားခြင်းဖြင့် မိုးခေါင်မှု၏ဒဏ်ကို သက်သာရာ ရစေနိုင်သည်။
အမေရိကန်နိုင်ငံ အနောက်ပိုင်း ဟူးဗားတမံ၏ နောက်ရှိ မိ(ဒ်)ရေလှောင်ကန်ထဲတွင် ရေပမာဏ ဧကပေ ၂၈ သန်းမျှ သိုလှောင်ထားကာ စိုက်ခင်းများ၊ လော့စ်အင်ဂျလိစ်၊ လာ့စ်ဗေးဂပ်စ်စသော မြို့များကို ရေပေးဝေနေသည်။ ယင်းရေလှောင်ကန်သည် မိုးခေါင်ကာလ ၁၀ နှစ်ကျော် ကြာရှည်သည့်တိုင်အောင် ရေလုံလောက်စွာ ပေးဝေနိုင်သည်ဟု ဆိုသည်။ မိ(ဒ်)ရေလှောင်ကန်၊ ပေါင်းဝဲလ်ရေလှောင်ကန် စသည်တို့သာ မရှိခဲ့လျှင် ကယ်လီဖိုးနီးယားပြည်နယ် အနောက်ပိုင်း၊ အရီဇိုးနားပြည်နယ်မှ မက္ကဆီကို နိုင်ငံအထိ ဒေသတလျှောက်လုံးတွင် လူနေမြို့ရွာ သီးနှံစိုက်ခင်း မရှိနိုင်ဘဲ ကန္တာရအတိ ဖြစ်နေလိမ့်မည်။
ဆက်စပ်ဖတ်ရှုရန် – အတုယူသင့်သော ကော်လိုရာဒိုမြစ် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု click here
သဘာဝချစ်သူများထဲက အချို့သည် အထက်ပါရေလှောင်ကန်ကြီးများကြောင့် ပေါ်ပေါက်သော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကိုသာ မြင်ယောင်ကြ၊ အပြစ်တင်ကြသည်။ ရေလှောင်ကန်ကြီးများကြောင့် လူ့အသက်များ မဆုံးမရှုံးဘဲ ရှင်သန်နေနိုင်ကြသည်ကို လည်းကောင်း၊ သီးနှံများကို အောင်မြင်စွာ စိုက်ပျိုးနေကြသည်ကို လည်းကောင်း မမြင်တတ် သဘောမပေါက်တတ်ကြပေ။ ရေသည် ပိုက်ခေါင်းထဲမှ ထွက်လာသည်၊ ဗိုက်ဆာလျှင် ဟင်းအိုးထဲက ခပ်စားနိုင်သည်ဟုသာ အလွယ်တွေးတတ်ကြသည်။
One thought on “ရေကြီးရေလျှံခြင်းနှင့် မိုးခေါင်ရေရှားခြင်းတို့၏ ဒဏ်မှ သက်သာရာရအောင် မည်သို့လုပ်ဆောင်ကြမည်နည်း”