ရေသံသရာ လှည့်လည်ခြင်း အဆင့်ဆင့်ရှိ ရေပမာဏများ

ဤပုံသည် ရေသံသရာအတွင်းရှိ အဆင့်အသီးသီး၌ တစ်နှစ်အတွင်း လှည့်လည်နေသော ရေပမာဏကို ကုဗကီလိုမီတာဖြင့် ဖော်ပြသည့် Shiklomanov (1999) ၏ ယူဆတွက်ချက်မှုများ ဖြစ်ပါသည်။ ပါမောက္ခ Igor A. Shiklomanov (၁၉၃၉ – ၂၀၁၀)သည် ရုရှားနိုင်ငံဖွား ဇလဗေဒနှင့် ရေအရင်းအမြစ်ပညာရှင် ဖြစ်ပြီး သုတေသနစာတမ်းပေါင်း များစွာကို ပြုစုခဲ့သည်။ သူ၏ စာတမ်းများနှင့် လုပ်ဆောင်ချက်များသည် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ စသည်တို့က အသိအမှတ်ပြုခံရကာ ပညာရပ်ဆိုင်ရာ ဆုတံဆိပ်များစွာကို ရရှိခဲ့သူ ဖြစ်သည်။ Igor A. Shiklomanov က မြေပေါ်ရေစီးဧရိယာနှင့် မြေအောက်ရေစီးဧရိယာတို့သည် ၁၁၉ သန်း စတုရန်း ကီလိုမီတာစီ ရှိကြသည်ဟု ယူဆတွက်ချက်ထားပါသည်။ ပုံ၏ အောက်ယာဘက်ထောင့်ပါ ကိန်း (၃၆၁ ဝဝဝ ဝဝဝ) သည် ပင်လယ်သမုဒ္ဒရာရေပြင် အကျယ်အဝန်းကို စတုရန်းကီလိုမီတာနှင့် ဖော်ပြထားခြင်း ဖြစ်သည်။ ကုန်းမြေမှ ပင်လယ်ထဲသို့ စီးဝင်သည့် ရေပမာဏ ၄၂၆၀ဝ ကုဗကီလိုမီတာသည် မြစ်ရေနှင့် ရေခဲပျော်ရေများ ဖြစ်ပါသည်။

လေ့လာသုံးသပ်ချက်

၁။ ရေကန်များပေါ်မှ ရေငွေ့ပြန်တက်သော ပမာဏနှင့် ရေကန်များပေါ် ပြန်ရွာကျသော ပမာဏတို့ အကြမ်းအားဖြင့် တူညီသည်ဟု လည်းကောင်း၊ ကုန်းမြေပေါ်မှ ရေငွေ့ပြန်တက်သော ပမာဏနှင့် ကုန်းမြေပေါ် ပြန်ရွာကျသော ပမာဏတို့ အကြမ်းအားဖြင့် တူညီသည်ဟု လည်းကောင်း ယူဆတွက်ချက်ထားပါသည်။

၂။ ရေကန်များနှင့် ကုန်းမြေများပေါ်မှ ရေငွေ့ပြန်ခြင်း၊ ပင်ငွေ့ပြန်ခြင်းတို့ဖြင့် လေထဲသို့ ရောက်သွားသော ရေငွေ့တို့သည် မိုးအဖြစ် ပြန်ရွာကျသော်လည်း တဖက်မှကြည့်လျှင် ရေအရင်းအမြစ်များ ဆုံးရှုံးခြင်းလည်း ဖြစ်သည်။ ယင်းနည်းဖြင့် တစ်နှစ်အတွင်း ဆုံးရှုံးသောပမာဏသည် (၉၀ဝ၀ + ၆၅၂၀ဝ =) ၇၄၂၀ဝ ကုဗကီလိုမီတာမျှ ရှိသည်။ အဆိုပါပမာဏသည် တောင်အမေရိကတိုက် အယ်မဇုန်မြစ်၏ ရေလှောင်ပမာဏ (၈၅၀ ကုဗကီလိုမီတာ) ထက် ၈၇ ဆမျှ ပိုမိုသည်။ ထို့ကြောင့် ရေဖူလုံရေးရှုထောင့်မှ ကြည့်လျှင် ရေငွေ့ပြန်ဆုံးရှုံးမှုကို အဖြစ်နိုင်ဆုံး လျှော့ချသင့်သည်။

၃။ ရေကန်များနှင့် ကုန်းမြေများပေါ် ရွာကျသော မိုးနှင့်ဆီးနှင်းပမာဏ စုစုပေါင်းသည် ၁၁၉၀ဝ၀ (= ၉၀ဝ၀ + ၆၅၂၀ဝ + ၄၄၈၀ဝ)ကုဗကီလိုမီတာခန့် ရှိသည့်အနက် ပင်လယ်ဘက်မှလာသောမိုးသည် ၄၄၈၀ဝ ကုဗကီလိုမီတာခန့် ဖြစ်သည်။ တနည်းဆိုရလျှင် ရေကန်များနှင့် ကုန်းမြေများပေါ် ရွာကျသော ရေပမာဏ၏ ၃၈ ရာခိုင်နှုန်းခန့်သည် ပင်လယ်ဘက်မှ လာသည်။ ပူနွေးလာသည့် ရာသီဥတုကြောင့် ပင်လယ်ရေ အငွေ့ပိုပြန်လာနေသဖြင့် အနာဂတ်တွင် ရေကန်များနှင့် ကုန်းမြေများပေါ် မိုးပိုမိုရွာကျမည်။

၄။ ကုန်းမြေမှ ပင်လယ်ထဲသို့ စီးဝင်သည့် ရေပမာဏ ၄၂၆၀ဝ ကုဗကီလိုမီတာသည် မြစ်ရေနှင့် ရေခဲပျော်ရေများ ဖြစ်ရာ ကုန်းမြေပေါ်၌ မိုးပိုလာခြင်း၊ ပူနွေးလာသော ရာသီဥတုကြောင့် ရေခဲပြင် အရည်ပိုပျော်ခြင်းတို့ကြောင့် အနာဂတ်တွင် ကုန်းမြေမှ ပင်လယ်ထဲသို့ စီးဝင်သည့် ရေပမာဏ ပိုလာရန် ရှိသည်။

၅။ ကုန်းမြေပေါ်၌ တစ်နှစ်အတွင်း လှည့်လည်နေသော ရေပမာဏမှာ – ရေကန်များ၌ ၉၀ဝ၀ ကုဗကီလိုမီတာ၊ မြေပြင်ပေါ်၌ ၆၅၂၀ဝ ကုဗကီလိုမီတာ၊ ပင်လယ်မှ ရောက်လာသော မိုးရေ ၄၄၈၀ဝ ကုဗကီလိုမီတာ = စုစုပေါင်း ၁၁၉၀ဝ၀ ကုဗကီလိုမီတာ ဖြစ်ပါသည်။

၆။ ပင်လယ်၌ တစ်နှစ်အတွင်း လှည့်လည်နေသော ရေပမာဏမှာ ၄၅၈၀ဝ၀ ကုဗကီလိုမီတာ ဖြစ်ပါသည်။

၇။ ထို့ကြောင့် တစ်ကမ္ဘာလုံး၌ တစ်နှစ်အတွင်း လှည့်လည်နေသော ရေပမာဏမှာ (၁၁၉၀ဝ၀ + ၄၅၈၀ဝ၀ =) ၅၇၇၀ဝ၀ ကုဗကီလိုမီတာ ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ ရေစုစုပေါင်းသည် ၁ ၃၈၆ ဝဝဝ ဝဝဝ ကုဗကီလိုမီတာ ဖြစ်ရာ ရေသံသရာအတွင်း၌ တစ်နှစ်ကြာ လှည့်လည်နေသော ရေပမာဏသည် ရေစုစုပေါင်း၏ ဝ ဒသမ ၄၁ ရာခိုင်နှုန်းသာ ရှိသည်။ ရေအများစုသည် ရေသံသရာမှ ကင်းလွတ်သည့် သမုဒ္ဒရာအနက်ပိုင်းဒေသများ၌ ရောက်ရှိနေကြသည်။

Leave a comment