စက်ရေတွင်း ရေဝင်ဆန်ခါပိုက်ကို ကျောက်စရစ်ရံခြင်း၏ အကျိုးကျေးဇူးများ – ဦးမြင့်သိန်း (မောင်ကျေးရေ)

(ဤဆောင်းပါးကို ၂၀၂၂ ခုနှစ်၊ မတ်လက ရေးသားခဲ့ပါသည်။ စာရေးသူ၏မိတ်ဆွေ စက်ရေတွင်းတူးဆရာ တစ်ယောက် ကြုံတွေ့ရသည့် စက်ရေတွင်းမှ ရေမှုတ်(သို့) စုတ်ထုတ်ပါက သဲလိုက်နေကြောင်း၊ ရေဝင်ဆန်ခါပိုက်သည်လည်း လက်ထိုးလွှဖြင့် စိတ်ရသည်က များကြောင်း၊ သို့ပါ၍ မည်သို့ ပြုလုပ်သင့်ကြောင်း ဘာကြောင့် ပြုလုပ်သင့်ကြောင်းများ မေးသဖြင့် ဤဆောင်းပါးကို ဖေ့စ်ဘုတ်စာမျက်နှာ၌ ဖော်ပြခဲ့သည့်အတိုင်း ပြန်လည်မှတ်တမ်းတင်ထားပါသည်။)

က။ ကျောက်စရစ်ရံခြင်း၏ အကျိုးကျေးဇူးများ

၁။ ဆန်ခါပိုက်ကို ကျောက်စရစ်ရံခြင်းဖြင့် ဆန်ခါပိုက်ကို ဆိုးကျိုးဖြစ်စေနိုင်သော –
(၁) ပီအိပ်ချ် (pH) တန်ဘိုး ၆ ထက်ငယ်သော (သို့) ၈ ထက်ကြီးသော၊ (၂) အောက်စီဂျင်ပျော်ဝင်မှုပမာဏ သတ်မှတ်အဆင့်ထက် များသော၊ (၃) ကာဘွန်ဒိုင်အောက်ဆိုက်ပါဝင်မှု များသော၊ (၄) ကလိုရိုက်(cl)ပါဝင်မူ ၅၀ဝ ပီပီအမ်ထက် ပိုနေသော၊ (၅) သံဓာတ် (Fe) ပျော်ဝင်မှု ၃ ပီပီအမ်ထက်များသော၊ (၆) ရေစေးရေ နှင့် (၇) အချဉ်ဓာတ် (အယ်လ်ကာလီ) ပါဝင်မှုစသည့် ဓာတ်သတ္တိများ၏ ဆိုးကျိုး သက်သာ လျော့နည်းစေခြင်း

၂။ ရေအောင်းလွှာရှိ ရွယ်သေးစေ့ငယ်များ ဆန်ခါအတွင်းသို့ မဝင်ရောက်နိုင်ခြင်း
၃။ သဲကင်းစင်သော ရေကြည်ရေသန့်ကို ရရှိခြင်း
၄။ ရေပိုက်ထဲသို့ သဲမလိုက်သောကြောင့် စက်ရေတွင်းဆိုင်ရာ အသုံးပြုသည့် ပစ္စည်းများ တိုက်စားခံရမှု သက်သာခြင်း
၅။ စက်ရေတွင်းဖွံ့ဖြိုးအောင်၊ ရေကြောရေလိုက်ကောင်းအောင် ဆောင်ရွက်ရသည့်အချိန် နည်းလာသည်နှင့် အမျှ လောင်စာဆီသက်သာလာခြင်း
၆။ မြေအောက်ရေဆိုင်ရာ ဖိအားကောင်းလာသည်နှင့်အမျှ ရေစိမ့်တာနှုန်း ပိုမိုမြန်လာခြင်း
၇။ ရေထွက်နှုန်းမြင့်တက်လာခြင်း
၈။ ရေထွက်နှုန်းတည်ငြိမ်လာသည်နှင့်အမျှ ရေအောင်းလွှာရှိ ကျောက်စရစ်များ ရွယ်ကြီး ရွယ်သေး ပြန့်ကျက်မှုနှင့် ရေစိမ့်နှုန်းတည်ငြိမ်လာခြင်း
၉။ ဆန်ခါပိုက်ပတ်ပတ်လည်တွင် ရေစိမ့်ဝင်နေသည့်ဇုံ(ဧရိယာ)ကျယ်ပြန့်လာခြင်း
၁၀။ တွင်းသက်တမ်းကြာရှည်ခြင်း

ခ။ စက်ရေတွင်းတူးလုပ်ငန်း

ပုဂ္ဂလိက အိမ်သုံးနှင့်စက်မှုလုပ်ငန်းသုံး စက်ရေတွင်းများအတွက် နိုင်ငံတကာအဆင့်မီ အရည်အသွေး ပြည့်ဝသော Stainless Steel Johnson Water Well Screen ကို ဈေးနှုန်းကြီးမြင့်မူကြောင့် အသုံးပြုမှု နည်း၏။ ပီဗီစီပိုက်ကို လွှစိတ်၍ သော်လည်းကောင်း၊ အပေါက်ဖောက်၍ သော် လ ည်းကောင်း၊ ရေဝင်ဆန်ခါပိုက်အဖြစ် အသုံးပြုကြသည်။ ရေဝင်ဆန်ခါပိုက်ရှိ ဆန်ခါပေါက် (သို့) လွှစိတ်အကျဉ်းအကျယ်သည် အသုံးပြုသည့် လွန်တံအရွှယ်အစား (သို့) လွှစိတ်စသည့် အသုံးပြုသည့် လွှသွားအထူအပါးပေါ် မူတည်သည်။

ဤအခြေအနေတွင် စက်ရေတွင်းတူးဆရာများ (သို့) ကန်ထရိုက်တာများ (သို့) တွင်းတူးလုပ်ငန်း လုပ်ကိုင်သူများ အနေနှင့် စက်ရေတွင်းတူးစဉ်က ရေကြော သဲနမူနာရယူထားသော သဲပွင့်အရွယ်အစားကို အရွယ်အကြီးအသေး ဆန်ခါချ ဆန်းစစ်ပြီး သဲပွင့်အရွယ်အစား၊ ဆန်ခါပေါက် အကျဉ်းအကျယ်နှင့် ကျောက်စရစ်လောင်း မလောင်းရန် ဆုံးဖြတ်ရန် ဖြစ်သည်။ သို့သော် လုပ်ငန်းခွင်၌ သဲပွင့် အရွယ်အစားကို အရွယ်အကြီးအသေး ဆန်ခါချဆန်းစစ်ခြင်း နည်းသည်။ ကုန်ကျစရိတ်နှင့် အခြားအကြောင်းအမျိုးမျိုးပေါ် တည်ပါသည်။

စက်ရေတွင်းတူးလုပ်ငန်းများ၌ အများဆုံး အသုံးပြုနေကြသည့် လွှစိတ်၊ လွှပေါက်ပုံစံများမှာ – ပီဗီစီပိုက်ကို လျှပ်စစ်လွန်သွားဖြင့် အပေါက်ဖောက်၍သော်လည်းကောင်း၊ လွှသွားဖြင့် လွှစိတ်၍သော်လည်းကောင်း ရေဝင်ဆန်ခါပိုက်အဖြစ် အသုံးပြုကြသည်။

လွှစိတ်ရာတွင် ပီဗီစီပိုက်ကို အလျားလိုက်အတိုင်း ဆန်ခါလိုင်းစိတ်၍ သော်လည်းကောင်း၊ ကန့်လန့်စိတ်၍ သော်လည်းကောင်း ပြုလုပ်ကြသည်ကို ပုံပါအတိုင်း လေ့လာသိရှိထားသည်။ (ဓာတ်ပုံများကို စက်ရေတွင်းတူး မိတ်ဆွေများ၏ ဖေ့ဘုတ်ဂရုစာမျက်နှာမှ ရယူပါသည်။)

ဂ။ မည်သည့်အခြေအနေမျိုးများတွင် ကျောက်စရစ် ရံသလဲ

အောက်ပါအခြေအနေမျိုးတွင် ကျောက်စရစ် ရံသင့်ပါသည်။

၁။ ရေအောင်းလွှာ (သဲကြော)ရှိ သဲပွင့်များ အရွယ်အစား တူညီမှု နည်းခြင်း
၂။ ရွယ်သေးစေ့ငယ် များပြီး ရွယ်ကြီးစေ့ နည်းခြင်း
(အထက်အပိုဒ် က နှင့် ခ ပါ အချက်များကို မျက်မြင်စစ်ဆေးခြင်းအရ)
၃။ ရေဝင်ပိုက်အဖြစ် အသုံးပြုရန် ဆန်ခါစိတ်ထားသော ဆန်ခါပေါက်သည် ရေကြောသဲအရွယ်အစားနှင့် အံဝင်ခွင်ကျ ကိုက်ညီမှု မရှိခြင်း

ဃ။ ရေဝင်ဆန်ခါလိုင်းဖောက်ခြင်းနှင့် ကျောက်စရစ် ရံခြင်း

ရေအောင်းလွှာရှိ လုံးစေ့အရွယ်သဲပွင့် (Sand-grain size) သည် အလွန်သေးငယ်ပါက (သို့) သေးငယ်ပါက သဲပွင့်ငယ်များသည် ရေနှင့်အတူ ရေဝင်ဆန်ခါပေါက်ထဲသို့ စိမ့်ဝင်လာနိုင်သည် အဘယ်ကြောင့် ဆိုသော် ဆန်ခါပေါက်အကျယ် (သို့) ဆန်ခါလွှကြောင်း အကျယ်နှင့် သဲပွင့်အရွယ်အစားများသည် တစ်ခုနှင့်တစ်ခု အချိုးမကျသောကြောင့် ဖြစ်သည်။ ဤအခြေအနေ၌ ကျောက်စရစ် ရံမည်ဆိုပါက – အောက်ဖော်ပြပါ လွှသွားကို အသုံးပြု၍ ရေဝင်ဆန်ခါလိုင်း ဖောက်သင့်ပါသည်။

ဆန်ခါလိုင်းဖောက်ရာတွင် ရေဝင်ပေါက်အဖြစ် အသုံးပြုမည့် ပီဗီစီပိုက် (အဆင့် ၁၃ . ၅၀) ကို အောက်တွင် ပြထားသော ဆန်ခါပေါက် ဖောက်ပုံ နမူနာအတိုင်း ဖောက်သင့်ပါသည်။ ဆန်ခါလိုင်းကို ပိုက်အဝန်းအတိုင်း တစ်ကြောင်းလျှင် ၃ လိုင်း (သို့) ၄ လိုင်း ဖောက်သင့်သည်။ ရေဝင်ပေါက်အကျယ်သည် လွှသွားအထူအပါးပေါ် မူတည်မည်။ ဆန်ခါပေါက်ဧရိယာ (၁၂ . ၅ – ၁၅ . ဝ) ရာခိုင်နှုန်းရှိပြီး ရေထွက် အပြည့်ရမည်။

ဆန်ခါပေါက်အကျယ်နှင့် ကိုက်ညီပြီး ရေအောင်းလွှာမှ သဲပွင့်များ ရေဝင်ဆန်ခါပိုက်ထဲသို့ ရေနှင့်အတူ မဝင်ရောက်နိုင်ရန် (၃ – ၆) မီလီမီတာ အရွယ်ရှိသော ကျောက်စရစ်များကို ဆန်ခါချ၍ လောင်းရသည်။ ရေအောင်းလွှာရှိ သဲပွင့်အရွယ်အစား၊ ဝန်းရံကျောက်စရစ်နှင့် ရေဝင်ဆန်ခါလိုင်းအကျယ်တို့ အခြေခံ ရှိသင့်သည့် (ယေဘုယျ) ဇယားကို လေ့လာကိုးကားနိုင်ရန် အောက်တွင် ဖော်ပြထားပါသည်။

ထို့နောက် ရေကြောပွင့်အောင်၊ ရေစီးနှုန်းတိုးတက်လာအောင်၊ ရေထွက်နှုန်း အမြင့်ဆုံးရအောင်နှင့် ကျောက်စရစ်များ ရေဝင်ဆန်ခါပိုက်ပတ်လည် စနစ်တကျ ဝိုင်းရံနေအောင် ရေမှုတ်ဆေးကြောခြင်းကို အချိန်ပေး ဆောင်ရွက်ရပါသည်။ ရေဝင်ဆန်ခါလိုင်းအကျယ်နှင့် ဝန်းရံထားသော ကျောက်စရစ် အရွယ်အစား အကြီးအသေးထို့သည် ဆန်ခါပိုက်ပတ်လည်၌ ရှိနေပြီး ရေအောင်းလွှာမှ သဲတို့သည် ရေမူတ်အားကြောင့် ဆန်ခါမှ အဝေးသို့ ရောက်ရှိသွားပြီး ကျောက်စရစ်များသည် ဆန်ခါပေါက်ပတ်လည်၌ ဝန်းရံနေပေသည်။ စက်ရေတွင်းမှ သဲကင်းစင်သောရေကို နှစ်ရှည်လများ ထုတ်ယူရရှိနိုင်မည် ဖြစ်ပါသည်။

င။ ကျောက်စရစ် မရံသည့် ရေဝင်ဆန်ခါလိုင်းဖောက်ခြင်း

ရေကြောထဲရှိ သဲပွင့်အရွယ်သည် ရွယ်လတ်စေ့မှ ရွယ်ကြီးစေအရွယ် (၁ . ၂ – ၁ . ၅) မီလီမီတာ အရွယ် များပါက အောက်ဖော်ပြပါ လွှသွားများကို အသုံးပြု၍ ဆန်ခါလိုင်းစိတ်ပြီး ရေဝင်ပိုက်အဖြစ် အသုံးပြုနိုင်ပါသည်။

အောက်ဖေါ်ပြပါ လွှသွားများကို အသုံးပြုပါက လွှာသွားအကျယ်သည် ရေအောင်းသဲလွှာရှိ သဲပွင့် အရွယ်ထက် ငယ်သောကြောင့် ရေဝင်ဆန်ခါထဲသို့ သဲများဝင်ရောက်မှု အတော်နည်းသွားပါမည်။ အဓိကမှာ အထက်မှာ ဖော်ပြထားသည့်အတိုင်း ရေအောင်းလွှာ ဖွံ့ဖြိုးတိုးတက်အောင်၊ ရေကြော ရေလိုက်ကောင်းအောင် ရေမှုတ်ဆေးကြောခြင်းကို အချိန်ပေးပြုလုပ်ရပါသည်။

သို့သော် ဆန်ခါပိုက်ကို ကျောက်စရစ် မရံပါက အချိန်ကာလကြာသောအခါ ရေကြောထဲရှိ သဲပွင့်ငယ်များ၏ ဓာတုဗေဒဆိုင်ရာ ဓာတ်ပြုမှုများကြောင့် ရေဝင်ဆန်ခါပေါက် ကျဉ်းမြောင်းလာခြင်း (သို့) ဆန်ခါပိုက်များ တိုက်စားဒဏ်ကြောင့် ကျယ်လာခြင်း နှစ်မျိုးစလုံး ဖြစ်နိုင်၏။ နှစ်ကြာလာသော် ပိတ်ဆို့ပြီး ရေထွက်နှုန်း ကျဆင်းပါသည်။ ထိုအခြေအနေ၌ ပြုပြင်ထိမ်းသိမ်းမှုပြုပါက ရေဝင်ဆန်ခါပိတ်ပြီး ရေမထွက်သည့် အခြေအနေကို ရောက်မည်။

စက်ရေတွင်းတူးလုပ်ငန်းများ၌ ”ရေတွင်းတူးထားတာ တစ်နှစ်ကျော်သွားပြီ၊ တွင်းက ယခုထိ သဲမစင်ဘူး” “ပထမရေမူတ်စဉ် ရေတော်တော်နှင့် မကြည်ဘူး၊ အတော်ကြာမှ ရေကြည်လိုက်လာသည်” စသည်ဖြင့် ရေးသားကြသည်ကို ဖတ်ရှုရပါသည်။ ဤသို့ဖြစ်ရသည်မှာ ရေဝင်ဆန်ခါပိုက်နှင့် ရေအောင်းလွှာ သဲပွင့်အရွယ်အစားတို့ အချိုးမကိုက်၍ ဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s