
RO(Reverse Osmosis), UV(Ultraviolet), Ozone စနစ်များနဲ့ သန့်စင်ထားသော သဘာဝ စိမ့်စမ်းရေ ဆိုတဲ့ သောက်ရေ သန့် ကြော်ငြာမျိုး တွေ့ရင် ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်တယ်ဗျ။ Spring water (သဘာဝစိမ့်စမ်းရေ) ဆိုတာမြေကြီးအောက်မှာ သဘာဝအလျောက် တည်ရှိနေတဲ့ ရေအောင်းလွှာထဲက ရေတွေ မြေကြီးပေါ်ကို တစ်နည်းနည်းနဲ့ သူ့အလိုလို ရောက်ရှိလာတဲ့ ရေမျိုးကို ခေါ်တာပါ။ Spring water အမျိုးအစားတွေကတော့ အများကြီးပေါ့။ spring water အများစုက ရေမြေဒေသ၊ ရာသီဥတုတို့အပေါ်လိုက်ပြီး သတ္တုဓာတ် ပါဝင်မှု အချိုးအစားတွေ မတူကြပါဘူး။ အချို့ spring water တွေက ဘာမှ ပြုပြင်စရာမလိုဘဲ သောက်သုံးနိုင်တဲ့ အဆင့်မှာ ရှိနေတတ်ပါတယ်။ အဲသလို spring water မျိုးကိုတော့ နိုင်ငံတကာမှာ natural spring water အဖြစ် နေရာဒေသ တစ်ခုရဲ့ ဂုဏ်ယူစရာ ပြယုဂ် အဖြစ် ထုတ်လုပ် ရောင်းချကြပါတယ်။ (ဥပမာ Fiji တို့ Evian တို့လိုမျိုးပေါ့) သူတို့ရေရဲ့ ပင်မအရင်းအမြစ်ကိုလဲ public ကို ပွင့်ပွင့်လင်းလင်း ပြသထားပါတယ်။
အချို့ကတော့ သောက်သုံးဖို့ မသင့်တဲ့ သတ္တုဓာတ်မျိုး၊ ပိုးမွှားမျိုးတွေ ရှိတတ်လို့ သောက်ရေအဖြစ် ထုတ်လုပ်ခြင်း မရှိပါဘူး။ သောက်သုံးဖို့ မသင့်တဲ့ spring water ရေမျိုးကို treatment system တွေ တပ်ဆင်ပြီး သောက်ရေအဖြစ် ဘယ်သူမှတော့ မထုတ်ကြပါဘူး။ Treatment system တွေ ဥပမာ RO system မျိုးနဲ့ ထို spring water မျိုးကို သန့်စင်လိုက်မယ်ဆိုရင်လဲ အဲဒီရေကို spring water လို့ ပြောလို့ မရတော့ပါဘူး။ Highly processed water or Purified water လို့ပဲ ခေါ်ရပါတော့မယ်။
UV ၊ Ozone တို့နဲ့ ပိုးမွှားပေါက်ပွားမှုကို ထိန်းသိမ်းတာက ရေရဲ့ mineral composition ကို သိသိသာသာကြီး ပြောင်းလဲတာ သိပ်မရှိလို့ ပြောစရာ သိပ်မရှိပေမယ့် Ion Exchange စနစ် နဲ့ RO စနစ်တို့လို ရေထဲက mineral composition ကို ပြောင်းလဲစေတဲ့ ရေသန့်စနစ်မျိုး တပ်ဆင်လိုက်ရင် အဲဒီရေမျိုးကို သဘာဝ စိမ့်စမ်းရေလို့ လုံးဝ ပြောလို့မရတော့ပါဘူး။ ရေသန့်စက်ဖြင့် သန့်စင်ထားသော သောက်ရေသန့် (purified drinking water or highly processed drinking water) လို့ပဲ ခေါ်ရပါမယ်။ ဒီနေရာမှာ ပြောချင်တာက RO စနစ်သုံးထားတဲ့ သောက်ရေသန့်စက်ရုံတွေ၊ ရေသန့်ဘူးတွေကို မကောင်းဘူး၊ ကောင်းတယ် ပြောတာမဟုတ်ပါဘူး။ သူ့နေရာနဲ့သူ ကောင်းချက် ဆိုးချက်တွေ ရှိပါတယ်။ အခေါ်အဝေါ် လွဲမှားနေတာကို အမှန်ပြင်ပေးရုံပါ။
RO ရေလို့ပြောလိုက်ရင် Reversed Osmosis စနစ်နဲ့ သန့်စင်ထားပြီး သတ္တုဓာတ် အလွန်နည်းတဲ့ သောက်ရေသန့်ဘူးတွေရော အိမ်သုံး/လုပ်ငန်းသုံး RO သောက်ရေသန့်စက်တွေက ရေတွေပါ အပါပေါ့။ RO ရေသန့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ကျွန်တော် တစ်ဦးတည်းအမြင်နဲ့ အနည်းငယ် ဆွေးနွေးကြည့်ပါမယ်။
RO ရေသောက်တာ မကောင်းဘူး
ဘာလို့လဲဆိုတော့ –
၁ – RO ရေက အများအားဖြင့် သတ္တုဓာတ် အလွန်နည်းပါတယ်။ သတ္တုဓာတ် အရမ်းနည်းတဲ့ RO ရေလိုမျိုးရေတွေမှာ လူ့ကျန်းမာရေးကို အထောက်အကူပြုတဲ့ သတ္တုဓာတ်တွေ (Calcium, Magnesium, etc.) မပါသလောက်ဖြစ်တဲ့အတွက် ရေသောက်ပြီး ကျန်းမာရေးအတွက် အကျိုးအများကြီး မရသလိုဖြစ်ပါတယ်။ (Hydration ကလွဲလို့ပေါ့)
၂ – သတ္တုဓာတ်တွေကပေးတဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူး အများကြီး မရတာ အပြင် အချို့လေ့လာမှု စာတန်းများအရ RO ရေကဲ့သို့ သတ္တုဓာတ် အလွန်နည်းတဲ့ (သို့) သတ္တုဓာတ် မပါတဲ့ ရေကို ရေရှည်သောက်သုံးရင် ခန္ဓာကိုယ်တွင်းရှိ အစာအိမ်အူလမ်းကြောင်း နံရံများကို တိုက်ရိုက် ထိခိုက်နိုင်ခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဇီဝကမ္မဖြစ်စဉ်များ၊ pH level များ ထိန်းညှိရာတွင် ခက်ခဲစေခြင်း၊ ပင်ပန်းနွယ်နယ်လွယ်ခြင်း၊ ကြွက်တက်ခြင်း၊ နုလုံးခုန်မမှန်ခြင်း စသည်တို့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့အပြင် Mineral မပါ/ အလွန်နည်းပါးသောရေကို သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အရိုးတည်ဆောက်ခြင်း၊ အာရုံကြော တည်ဆောက်ခြင်း၊ ကိုယ်ခန္ဓာတွင်းရှိ ဆဲလ်များ တစ်ခုနှင့် တစ်ခုကြား ချိတ်ဆက်ခြင်း လုပ်ငန်းများ၊ သွေးခဲစေခြင်း လုပ်ငန်းများ စသည့်စသည့် လုပ်ငန်းများစွာ လုပ်ဆောင်ရာတွင် အလွန် အရေးပါသည့် Calcium နှင့် Magnesium ဓာတ်များ ကိုယ်ခန္ဓာအတွင်း လျော့နည်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ WHO က စာတန်း တစ်ခုကို လေ့လာလိုရင် ဒီနေရာကို နှိပ်ပါ။
၃ – RO ရေက အချို့ စားသောက်ကုန်လုပ်ငန်းများ၊ စက်ပစ္စည်းများ၊ ပိုက်လိုင်းများ အတွက် အဆင်မပြေပါဘူး။ အချို့အစားအသောက်များမှာ အရသာ မှန်မှန်ကန်ကန် မရရှိခြင်း၊ စက်ပစ္စည်း အစိတ်အပိုင်းများ၊ ပိုက်လိုင်းများ ထိခိုက်ပွန်းစားခြင်း စတာတို့ ဖြစ်ပေါ်တတ်ပါတယ်။
၄ – သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဘက်က ကြည့်ရင်လဲ ပုံမှန် အိမ်သုံး RO စက်လေးတွေက ရေဆိုးထွက်မှု များပြားပါတယ်။ အိမ်သုံး RO စက်လေးတွေက recovery rate 15-20 % လောက်ပဲရှိပါတယ်။ဥပမာ အနေနဲ့ ရေလီတာ ၁၀၀ ကိုစက်ထဲထည့်ပြီး သန့်စင်ရင် ရေသန့် ၁၅-၂၀ လီတာလောက်သာ ထွက်ပြီး ရေဆိုး လီတာ ၈၀-၈၅ လီတာလောက် ထွက်တဲ့အတွက် ရေဖြုန်းတီးရာ အလွန်ရောက်ပါတယ်။ လုပ်ငန်းသုံးစက် အကြီးတွေမှာတော့ စက်ရဲ့ design ပေါ်မူတည်ပြီးတော့ ရေဆိုးထွက်မှုပမာဏ ကွာခြား/ ပိုမိုနည်းပါးတာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် RO စနစ်တွေက ရေဆိုးများစွာထွက်တဲ့ အတွက် အထူးသဖြင့် ရေအရမ်းမဆိုးတဲ့ ရေမျိုးမှာ RO စနစ်ကို တပ်ဆင်လိုက်ရင် တန်ဖိုးရှိတဲ့ ရေချို များစွာ ဆုံးရှုံးရသလိုဖြစ်တတ်ပါတယ်။ ရေဆိုးများကို စနစ်တကျ စွန့်ပစ်ဖို့ကလဲ အရေးကြီးပါသေးတယ်။ ရေခြေရာ Water footprint အလွန်များတဲ့ ရေသန့်စင်စနစ်တစ်မျိုးပါပဲ။
RO ရေသောက်တာ ကောင်းတယ်
ဘာလို့လဲဆိုတော့ RO ရေက သတ္တုဓာတ်နည်းတာ မှန်ပေမယ့် –
၁ – သတ္တုဓာတ်ကို ရေတစ်မျိုးတည်းကသာ မဟုတ်ဘဲ အခြား အစားအသောက်များကလဲ ရနိုင်တဲ့ အတွက် လူ့ကျန်းမာရေးကို သိသာတဲ့ ဆိုးကျိုးမျိုး ဖြစ်နိုင်ခြေ နည်းပါးပါတယ်
၂ – အကယ်လို့ သင့်အနေနဲ့ RO စနစ်ကထွက်တဲ့ရေကိုမှ သတ္တုဓာတ် ပါဝင်ချင်တယ် ဆိုရင်လဲ RO စနစ် အနောက်မှာ သတ္တုဓာတ် ပြန်လည် ဖြည့်စွက်ပေးနိုင်တဲ့ စနစ်မျိုးတွေ ထပ်မံ တပ်ဆင်လို့ ရပါသေးတယ်။
၃ – အချို့ စားသောက်ကုန်လုပ်ငန်းတွေမှာ RO စနစ်ကို အသုံးပြုခြင်းက လိုချင်တဲ့ ရေ ရဲ့ chemical parameters ကို အတိအကျ ပြန်လည် ညှိနှိုင်းဖို့ အဆင်အပြေဆုံး ဖြစ်ပါတယ်။
၄ – ကျွန်တော်တို့ မြန်မာနိုင်ငံလိုမျိုး မြို့ပြရေပေးဝေရေး စနစ်တွေ၊ မြေပေါ် မြေအောက်ရေ quality တွေကို စနစ်တကျ ထိန်းသိမ်းနိုင်ခြင်း မရှိသေးတဲ့ အနေအထားမျိုးမှာ သန့်ရှင်းပြီး စိတ်ချရတဲ့ သောက်ရေ ရရှိဖို့ RO စနစ်က အလွယ်ကူဆုံး ဖြေရှင်းနည်း ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ RO ရေသန့်စက်ရုံတွေ၊ RO ရေသန့်စက်လေးတွေကြောင့် လူအများ သောက်ရေပြဿနာတွေ အများကြီး အဆင်ပြေနေတာ ငြင်းလို့ မရတဲ့ အချက်ပါ။
၅ – သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဘက်က ကြည့်ရင် ရေဆိုးအထွက်များလို့ ရေဆုံးရှုံးမှု များပေမယ့် RO စနစ်သုံးခြင်းကြောင့်ရတဲ့ အကျိုးကျေးဇူး benefit နဲ့ ဆိုးကျိုး risk ကို ပြန်ယှဉ်ကြည့်ရင် ဆိုးကျိုးထက် ကောင်းကျိုးက ပိုများပါတယ်။ နေအိမ်သုံး RO စနစ်များတပ်ဆင်ခြင်းက plastic ရေသန့်ဘူး အသုံးပြုမှုကိုတောင် အတော်အသင့် လျှော့ချပေးနိုင်ပါသေးတယ်။ ထို့အပြင် လုပ်ငန်းသုံးတွေမှာလဲ ရေဆုံးရှုံးမှု သက်သာအောင် RO စနစ်ရဲ့ recovery rate ကို design ပိုင်းစနစ်တကျ ပြုလုပ်ခြင်းဖြင့် မြှင့်တင်ပေးနိုင်သလို ရေဆိုးကို အခြားသင့်တော်တဲ့ နေရာမျိုးမှာ ပြန်လည်အသုံးပြုလို့ရတဲ့ နည်းလမ်းတွေလဲ အများကြီးရှိပါတယ်။
အနှစ်ချုပ်ပြောရရင် ရေသန့်စက်ရုံ owner တွေ ကိုယ်တိုင်ကလဲ ရေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို အမြဲ update လုပ်နေသင့်ပြီး ရေသန့်စက် treatment service provider တွေအနေနဲ့လဲ ရေသန့်စက် ရောင်းရပြီးရော မလုပ်သင့်ဘဲ ကိုယ့်ကို ယုံကြည်လို့ အလုပ်အပ်တဲ့ customer ကို အလုပ်လက်မခံခင်ကတည်းက စနစ်တကျ ပြန်ရှင်းပြပေးတာမျိုး၊ ဗဟုသုတ တိုးအောင် ပညာမျှဝေပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ထို့အပြင် ရေသန့်စက်ရုံတွေကို guideline ပြပြီး ထိန်းသိန်းတဲ့ FDA လို အဖွဲ့အစည်း ကိုယ်တိုင်ကလဲ နိုင်ငံတကာက guidelines တွေကို အမြဲ လေ့လာပြီး update လုပ်နေဖို့ လိုတယ်လို့ မြင်ပါတယ်။ မဟုတ်ရင် သူတို့ ကိုယ်တိုင်က အမှားတွေကို အားပေးနေသလိုဖြစ်နေနိုင်ပါတယ်။ အဲသလို အလွဲအမှား များစွာရှိနေလို့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သဘာဝရေထွက်နေရာတွေ အများကြီးရှိရဲ့သားနဲ့ မြန်မာရေသန့်တွေ ကမ္ဘာ့ရေသန့်လောကမှာ နေရာတစ်နေရာ ရယူနိုင်ဖို့ ခက်ခဲနေတာပါ။
Dr. Sai၏ Facebook https://www.facebook.com/WaterLabByDr.Sai
Dr. Sai ၏ Website https://saiaungthantzin.wixsite.com/waterlab
Keywords: စိမ့်စမ်းရေ၊ ပြောင်းပြန်အော့စ်မိုးစစ်စနစ်