
လူ့ခန္ဓာကိုယ်တွင်း၌ အပူများလာသောအခါ ချွေးထွက်ခြင်းဖြင့် ကိုယ်တွင်းအပူများကို အလိုအလျောက် ထုတ်ပေးသည်။ လေထုတွင်း ရေငွေ့နည်းလျှင် ခန္ဓာကိုယ်တွင်းမှ အပူများ ချွေးအဖြစ် ထွက်သွားနိုင်သော်လည်း လေထုတွင်း ရေငွေ့ အလွန်အမင်းများနေလျှင် ခန္ဓာကိုယ်အပူသည် ချွေးအဖြစ် ထွက်မသွားနိုင်တော့ချေ။ ယင်းအခါမျိုးတွင် လူသေဆုံးနိုင်သည်အထိ အန္တရာယ် ရှိသည်၊ ထိုင်နေရင်းလည်း အသက်ထွက်သွားနိုင်သည်။ ထို့ကြောင့် အပူကြောင့် လူအန္တရာယ် ဖြစ်ခြင်း မဖြစ်ခြင်းကို ညွှန်ပြရာ၌ ပကတိအပူချိန် အပြင် ရေငွေ့ပါဝင်မှုကိုလည်း ထည့်တွက်ကာ စိုထိုင်းအပူချိန် (wet bulb temperature) ဖြင့် ပြဆိုကြသည်။
၂၀၂၂ ဇွန်လ ၁၅ ရက် နံနက် လေးနာရီခွဲတွင် ရန်ကုန် အပူချိန် ၂၆ ဒီဂရီ စင်တီဂရိတ်၊ စိုထိုင်းဆ ၉၄ ရာခိုင်နှုန်း ရှိရာ ဖော်မြူလာအရ စိုထိုင်းအပူချိန်သည် ၂၅ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ လူ့ခန္ဓာကိုယ် အပူချိန် (၃၆ ဒီဂရီ စင်တီဂရိတ်)၏ အောက်တွင် ရှိနေသည်၊ အန္တရာယ် မရှိချေ။ အကယ်၍ အပူချိန်က ၄၀ ဒီဂရီ စင်တီဂရိတ် ရောက်သွားပြီး စိုထိုင်းဆက ၉၆ ရာခိုင်နှုန်း ဆိုလျှင် စိုထိုင်းအပူချိန်သည် ၃၉ . ၅ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ လူ့ခန္ဓာကိုယ် အပူချိန် (၃၆ ဒီဂရီ စင်တီဂရိတ်)အပေါ်ကို ရောက်သွားသည်၊ အန္တရာယ် ရှိလာပြီ။
အညာဒေသ နွေအခါများတွင် ၄၅ ဒီဂရီ စင်တီဂရိတ်အထိ ရောက်တတ်ရာ ယင်းအချိန်တွင် စိုထိုင်းဆသည် ၅၀ ရာခိုင်နှုန်း ဖြစ်ပါက စိုထိုင်းအပူချိန်သည် ၃၅ ဒီဂရီသာ ဖြစ်၍ (ဤတွက်ချက်မှု အရ) အန္တရာယ် မရှိသေးဟု ယေဘုယျ ပြောနိုင်မည်။ တစ်ဖန် အပူချိန်သည် ၄၅ ဒီဂရီ စင်တီဂရိတ် ရှိမြဲ ဖြစ်သော်လည်း စိုထိုင်းဆသည် ၆၀ ရာခိုင်နှုန်းသို့ ရောက်သွားသောအခါ စိုထိုင်းအပူချိန်သည် ၃၇ . ၅ ဖြစ်သွား၍ အန္တရာယ် ရှိသွားသည်။
လက်တွေ့တွင် စိုထိုင်းအပူချိန်သည် ၃၂ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ပါက လူများ ပုံမှန် အလုပ်မလုပ်နိုင်တော့ဘဲ ၃၅ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ပါက သေဆုံးတတ်သည်။
မိမိမြို့ရွာ၏ အပူချိန်နှင့် စိုထိုင်းဆကို အင်တာနက်တွင် သို့မဟုတ် စမတ်ဖုန်းတွင် ရှာပြီး အောက်လင့်ခ်ပါ အကွက်တွင် ထည့်လိုက်လျှင် စိုထိုင်းအပူချိန်ကို အလွယ်တကူ သိနိုင်ကြသည်။
Key words; အပူချိန်၊ စိုထိုင်းဆ