(စက်ရေတွင်းများအတွက် ဦးတည် ရေးထားခြင်း ဖြစ်သော်လည်း လက်တူးတွင်းများအတွက်လည်း သင့်သလို အသုံးချနိုင်ပါသည်။)
စက်ရေတွင်း မတူးမီ တူးမည့် အရပ်၌ ရှိထားပြီးသော ရေတွင်း(များ)၏ ရေနေ၊ အနက်ပေ၊ ရေထွက်နှုန်း၊ ရေအရည်အသွေး၊ ရေထုတ်ယူထားသော ရေအောင်းလွှာ၏ မြေသဘာ၀၊ ရေအောင်းသဲကြော အထူအပါးနှင့် အမျိုးအစား စသည်တို့ကို ကြိုတင် သိရှိထားသင့်သည်။
ကြိုတင်လေ့လာတွက်ချက်ခြင်း
ဖြစ်နိုင်လျှင် စက်ရေတွင်း တူးဖော်မည့် ဒေသ၏ ဘူမိဗေဒနှင့် ဇလဗေဒဆိုင်ရာ အခြေခံ အချက်အလက်များကို လေ့လာသင့်သည်။ မြေအောက်ရေ ပညာရှင်များနှင့် ဆွေးနွေး၍ ကျောက်လွှာ မြေလွှာ အမျိုးအစား၊ အနည်ပို့ချထားသည့် အနေအထား၊ ကျောက်လွှာ မြေလွှာများနှင့် ဆက်နွှယ်နေသည့် မြေမျက်နှာသွင်ပြင်နှင့် နေထား ဘူမိဗေဒတို့ကိုပါ သိထားသင့်သည်။ ဘူမိဗေဒမြေပုံများ၊ မှတ်တမ်းများ ရှိပါက ယင်းတို့ကို စူးစမ်းသင့်ပါသည်။
ယင်းလုပ်ငန်းများ ပြီးပါက နယ်မြေဧရိယာ အကျယ်အဝန်း အလိုက် အနည်းဆုံး နှစ်တွင်း (သို့) သုံးတွင်း တူးဖော်ပြီး ရေမှုတ် စမ်းသပ်ခြင်း၊ ရေအရည်အသွေး စမ်းသပ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရသည်။ ထို့နောက် လိုအပ်သော ရေပမာဏ ထုတ်ပေးနိုင်မည့် စက်ရေတွင်း အရွယ်အစား၊ အရေအတွက်နှင့် ရေဖိအားဆိုင်ရာ အချက်အလက်များကို အခြေခံ၍ စိတ်ချစွာ ရေထုတ်ယူမည့် ပမာဏ (safe yield)ကို တွက်ချက်ရ၏။
ဆောင်ရန် ရှောင်ရန်
ကမ်းရိုးတန်းနှင့် မြစ်၀ကျွန်းပေါ်ဒေသရှိ ရေတွင်းများသို့ ရေငန်တိုးဝင်နိုင်သည်။ မြစ်ချောင်းအနီး၊ မြေနိမ့်၊ ရေလွှမ်းလွင်ပြင်များတွင် စက်ရေတွင်း မတူးသင့်ပါ။ ရေကြီးရေလျှံ ကာလ၌ မသန့်ရှင်းသော ရေများ ရေတွင်းထဲသို့ ဝင်တတ်၏။ မြစ်ချောင်း၊ အင်း၊ အိုင်၊ ကန်မြောင်းတို့သည် ရာသီချိန်ခါနှင့် မြေမျက်နှာပြင် အနိမ့်အမြင့်အလိုက် မြေအောက်ရေကို ညစ်ညမ်းစေနိုင်သဖြင့် တွင်းသည် ယင်းတို့နှင့် ပေ ၅၀ ကွာသင့်၏။ တွင်းသည် မြေပေါ်ရေ အရင်းအမြစ်တို့ထက် ပိုမြင့်သောနေရာ၌ ရှိသင့်၏။

ရေအောင်းလွှာသည် ဖိအားမဲ့ ရေအောင်းလွှာ ဖြစ်ပါက အညစ်အကြေး စိမ့်ဝင်ရန် လွယ်သည်။ မြေသည် ရွှံ့မြေ (သို့) နုန်းမြေ (သို့) ရွယ်သေးစေ့ သဲမြေ အမျိုးအစားဖြစ်ပါက အညစ်အကြေးရည်များ ရေတွင်းထဲသို့ စိမ့်ဝင်မှု အလွန်နည်းသည်။ မည်သည့်မြေမျိုး ဖြစ်စေ၊ မြေအောက်ရေ စီးဆင်းသည့် လားရာကို လေ့လာပြီး တွင်းကို အိမ်သာ စသည်တို့ထက် မြင့်သောအရပ်တွင် ထားရမည်၊ ရေစီးလားရာကို သိရန် ခက်ခဲပါက မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်ကို ကြည့်၍ မြင့်ရာအရပ်ကို ရွေးသင့်၏။
တွင်းနှင့် အညစ်အကြေးကန်သည် အဆောက်အဦး၏ ရှေ့ဘက်နှင့် နောက်ဘက်တို့၌ သီးခြားစီ ဖြစ်နေလျှင် ကောင်းသည်။ ယင်းနှစ်ခုသည် အနည်းဆုံး ပေ ၅၀ ကွာဝေးသင့်သည်။ လူနေရပ်ကွက်များတွင် ရေတွင်းသည် မိမိအိမ်၏ အညစ်အကြေးကန် အပြင် ဘေးအိမ်၏ ကန်နှင့်လည်း ဝေးကွာနေစေရန် သတိထားသင့်ပါသည်။ တွင်းနှင့် အညစ်အကြေးကန် ရေပြင်ညီ အကွာအဝေးအပြင် တွင်း၏ ရေထိပ်နှင့် ကန်၏ အောက်ခြေတို့၏ ထောင်လိုက် အကွာအဝေး အနည်းဆုံး ၁၅ ပေ ရှိသင့်သည်။
(အခြေခံ စက်ရေတွင်းတူး နည်းပညာ စာအုပ်၊ အခန်း-၅ ကို အကျဉ်းမျှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။)
မြေအောက်ရေနှင့် စက်ရေတွင်းများ အတွဲ-၁
အခြေခံ မြေအောက်ရေ နည်းပညာ စာအုပ် မှာယူရန် Click here
မြေအောက်ရေနှင့် စက်ရေတွင်းများ အတွဲ-၂
အခြေခံ စက်ရေတွင်းတူး နည်းပညာစာအုပ် စာအုပ် မှာယူရန် Click here