(Myanmar Environmental and Economic Review (Volume 3, Number 5) ၌ ဖော်ပြခဲ့သော ဆောင်းပါးကို မှတ်ချက်နှင့် ဖြည့်စွက်ဓာတ်ပုံများဖြင့် ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်။)
နိဒါန်း
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ပတ်ဝန်းကျင်နှင့် စီးပွားရေး ပညာဆိုင်ရာ သုတေသနသိပ္ပံ (Environmental and Economic Research Institute – EER.i) မှ လစဉ်ထုတ်ဝေလျက်ရှိသော မြန်မာပတ်ဝန်းကျင်နှင့် စီးပွားရေးပညာ သုတေသန ရီဗျူးစာစောင် (Myanmar Environmental and Economic Review – MEER) အယ်ဒီတာချုပ် ဦးဇော်သန်း (ဇော်ဟိန်း)က “ဆရာရေ၊ မြေနိမ့်ကျနေတဲ့ ကမ္ဘာ့မြို့ကြီးအချို့ အကြောင်း ဆောင်းပါး တစ်ပုဒ်လောက် ရေးပေးစေလိုပါတယ်။” ဟု စာရေးသူအား တယ်လီဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားလာခဲ့သည်။ ထိုစဉ်က စာရေးသူသည် နိုင်ငံတော်သမ္မတရုံးမှ ပေးအပ်သောတာဝန်တစ်ရပ်ဖြစ်သည့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ဖြင့် လွန်စွာမအားမလပ်ဖြစ်နေခဲ့သဖြင့် “ယခုတော့ သည်းခံပါဦး အယ်ဒီတာချုပ်ကြီး ရေ၊ နောင် အလုပ်တာဝန် နည်းနည်း ပါးသွားတဲ့အချိန်ကျမှဘဲ ရေးပေးပါမယ်” ဟု မေတ္တာရပ်ခံခဲ့ရသည်။ ယခုဆောင်းပါးသည် အယ်ဒီတာချုပ်၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
ကမ္ဘာဂြိုဟ်၏ မျက်နှာပြင်တွင် ကုန်းမြေမျက်နှာပြင်နှင့် ရေမျက်နှာပြင်ဟူ၍ မျက်နှာပြင် အမျိုးအစား နှစ်ခုရှိသည်။ ကုန်းမြေ ထောင်လိုက်မြင့်တက်ခြင်း၊ နိမ့်ဆင်းခြင်းအကြောင်းကို လေ့လာမည်ဆိုလျှင် ရေမျက်နှာပြင် အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင် (sea level)၏ အခြေအနေနှင့် ဆက်စပ် စဉ်းစားလေ့ရှိသည်။ ဥပမာ – ပင်လယ်ရေမျက်နှာပြင် တည်ငြိမ်နေသော်လည်း မြေလွှာလှုပ်ရှားမှု ဖြစ်စဉ်များကြောင့် ကုန်းမြေထောင်လိုက် မြင့်တက်ခဲ့လျှင်သော်လည်းကောင်း၊ သို့မဟုတ် ကုန်းမြေ တည်ငြိမ်နေသော်လည်း ပင်လယ်ရေမျက်နှာပြင် နိမ့်ကျသွားခဲ့လျှင် သော်လည်းကောင်း၊ သို့မဟုတ် ကုန်းမြေကလည်း မြင့်တက်၍ ပင်လယ်ရေမျက်နှာပြင်ကလည်း နိမ့်ကျသွားခဲ့လျှင်သော်လည်းကောင်း၊ ကုန်းမြေ ထောင်လိုက် မြင့်တက်ခြင်း (Land Emergence) ဖြစ်စဉ် ဖြစ်ပေါ်မည်ဖြစ်သည်။
အလားတူပင် ပင်လယ်ရေမျက်နှာပြင် တည်ငြိမ်နေသော်လည်း မြေလွှာလှုပ်ရှားမှု ဖြစ်စဉ်များကြောင့် ကုန်းမြေ ထောင်လိုက် နိမ့်ကျခဲ့လျှင်သော်လည်းကောင်း၊ သို့မဟုတ် ကုန်းမြေတည်ငြိမ်နေသော်လည်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်သွားခဲ့လျှင် သော်လည်းကောင်း၊ သို့မဟုတ် ကုန်းမြေကလည်းနိမ့်ကျ၍ ပင်လယ်ရေမျက်နှာပြင်ကလည်း မြင့်တက်သွားခဲ့လျှင် သော်လည်းကောင်း၊ ကုန်းမြေ ထောင်လိုက်နိမ့်ကျခြင်း (Land Subsidence) ဖြစ်စဉ် ဖြစ်ပေါ်မည် ဖြစ်သည်။ ယခု ဆောင်းပါးတွင် ရေးသားတင်ပြမည့် အကြောင်းအရာ၊ အချက်အလက်များသည် ကုန်းမြေ ထောင်လိုက် နိမ့်ကျခြင်း (Land Subsidence) ဖြစ်စဉ်နှင့် ဆက်နွယ်မည်ဖြစ်ပါသည်။
၂၀၀၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနိုင်ငံ (United States of America – USA)၊ လူဝစ်ဆီယားနား ပြည်နယ် (Louisiana)၊ မစ္စစ္စပီမြစ်ဝကျွန်းပေါ်ဒေသ (Mississippi river delta) ကို အလွန်ပြင်းထန်သော အပူပိုင်း မုန်တိုင်းကြီး အမျိုးအစား (Very severe tropical storm) ဖြစ်သည့် ဟာရီကိန်း ကတ်ထရီးနား (Hurricane Katrina) ဝင်ရောက် မွှေနှောက်ပြီး အကြီးအကျယ်ထိခိုက်ပျက်စီးစေခဲ့ပါသည်။
(အလွန်ပြင်းထန်သော အပူပိုင်းမုန်တိုင်းကြီးအမျိုးအစားကို ဖြစ်ပေါ်ရာ နေရာဒေသကိုလိုက်၍ အမည်အမျိုးမျိုး ခေါ်ဝေါ်ကြသည်ဖြစ်ရာ အိန္ဒိယသမုဒ္ဒရာ (Indian Ocean) တွင် ဆိုက်ကလုန်း (Cyclone) ဟု လည်းကောင်း၊ ပစိဖိတ် သမုဒ္ဒရာ (Pacific Ocean)တွင် တိုက်ဖွန်း (Typhone) ဟုလည်းကောင်း၊ အတ္တလန္တိတ်သမုဒ္ဒရာ (Atlantic Ocean) တွင် ဟာရီကိန်း (Hurricane)ဟု လည်းကောင်း ခေါ်ဆိုသုံးနှုန်းကြပါသည်–ဤကား စကားချပ်။)
ကတ်ထရီးနားမုန်တိုင်းကြီးကြောင့် လူပေါင်း ၁၈၀၀ ခန့် အသက်ဆုံးရှုံးခဲ့ပြီး စီးပွားရေးအရ ထိခိုက် ဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၀၀ ဘီလျံ ($100 billion) အထိပင် ရှိခဲ့ပါသည်။ ကတ်ထရီးနား မုန်တိုင်းကြီး ဖြစ်ပေါ်ပြီးနောက် သုံးနှစ်ခန့်အကြာ၊ ၂၀၀၈ ခုနှစ် မေလဆန်းပိုင်းတွင် အိန္ဒိယသမုဒ္ဒရာ၌ ဖြစ်ပေါ်သော နာဂစ် (Nargis) အမည်ရှိ အလွန်အားကောင်းသည့် အပူပိုင်းမုန်တိုင်းကြီးသည် တစ်နာရီလျှင် မိုင် ၁၃၀ (၂၁၀ ကီလိုမီတာ) ခန့်နှုန်းဖြင့် မြန်မာနိုင်ငံ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကြီး (Ayeyarwady Deltaic Region) ၏ တောင်ပိုင်း (အနိမ့်ဆုံးအပိုင်း) ကို ဝင်ရောက် ဖြတ်သန်း တိုက်ခတ်ခဲ့သည်။ ယင်းနာဂစ်မုန်တိုင်းကြီးကြောင့် ဖြစ်ပေါ်သော ၁၂ ပေခန့် (၃ . ၆ မီတာ) ခန့် မြင့်မားသည့် မုန်တိုင်းဒီရေ (ဝါ) မုန်တိုင်းလှိုင်းကြီး (storm surge) များသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကြီး၏ ကုန်းတွင်း အနိမ့်ပိုင်းသို့ မိုင် ၃၀ (၄၈ . ၃ ကီလိုမီတာ) ကျော်ခန့်အထိ ထိုးဖောက်ဝင်ရောက်လွှမ်းမိုးခဲ့သည်။ တိုကောင်းသော အချိန် ကာလ အတွင်းတွင် လူပေါင်း ၁၄၆၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။ စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၀ ဘီလျံ (USD 10 billion) ခန့်ရှိသည်ဟု ခန့်မှန်းကြပါသည်။
ကမ္ဘာပေါ်ရှိ အခြားသော မြစ်ဝကျွန်းပေါ်ဒေသများတွင် ဖြစ်ပေါ်သော ရေကြီး ရေလျှံမှုများသည် အထက်ဖော်ပြပါ မစ္စစ္စပီ မြစ်ဝကျွန်းပေါ် ဒေသနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများလောက် ပမာဏ မကြီးမားလှသော်လည်း သက်ဆိုင်ရာ ပထဝီဝင်ဒေသအသီးသီးအပေါ်တွင် ကြီးမားသော ထိခိုက် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။
ထိုင်းနိုင်ငံ (Thailand) ၏ မြို့တော် ဘန်ကောက် (Bangkok) သည် ကျောက်ဖယား မြစ်ဝကျွန်းပေါ်ဒေသ အတွင်း လုံးလုံးလျားလျား ကျရောက်တည်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် ကျောက်ဖယားမြစ် (Chao Phraya River) ရေကြီး ရေလျှံခြင်းကြောင့် ဘန်ကောက် မြို့တော်သည် လပေါင်းများစွာ ရေလွှမ်းမိုးမှု ဘေးအန္တရာယ်ကို ရင်ဆိုင် ကြုံတွေ့ခဲ့ရသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးမှာ အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ အကျိုးဆက်အားဖြင့် တစ်ကမ္ဘာလုံး၌ ကွန်ပျူတာ ဟာ့ဒစ်ခ် (hard-disk) ဈေးနှုန်းများအပေါ် သိသာ ထင်ရှားသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။
စူးစမ်း လေ့လာချက်များအရ ကမ္ဘာ့အဓိက မြစ်ဝကျွန်းပေါ်ဒေသများ၏ ၈၅ ရာခိုင်နှုန်းသည် လွန်ခဲ့သော ဆယ်စုနှစ် အတွင်း၌ ဆိုးရွား ပြင်းထန်သော ရေကြီးရေလျှံမှု၊ ရေလွှမ်းမိုးမှု ဘေးအန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။ ဤဖြစ်ရပ်များ ကြုံတွေ့ရခြင်းအတွက် အကြောင်းရင်း တစ်ရပ် ရှိသည်။ ၎င်းမှာ အခြားမဟုတ်။ ကမ္ဘာပေါ်ရှိ မြစ်ဝကျွန်းပေါ်ဒေသ အများစုသည် အောက်သို့ နိမ့်ဆင်း နစ်ဝင်နေကြခြင်း (sinking or subsiding) နှင့် လျင်လျင်မြန်မြန် အောက်သို့ နိမ့်ဆင်း နစ်ဝင်နေကြခြင်း (sinking fast or subsiding fast) ပင် ဖြစ်ပေသည်။ (အောက်ပုံကို ရှုပါ။)

ကမ္ဘာ့အဓိက မြစ်ဝကျွန်းပေါ် ဒေသများ၏ သုံးပုံ နှစ်ပုံခန့်သည် အောက်သို့ နိမ့်ဆင်း နစ်ဝင်နေကြသည်။ နိမ့်ဆင်း နစ်ဝင်မှုနှုန်း အများဆုံး၊ ဘေးအန္တရာယ် အကြီးဆုံး မြစ်ဝကျွန်းပေါ်ဒေသများကို ဤကမ္ဘာ့မြေပုံတွင် ဖော်ပြထားသည်။ မြစ်ဝကျွန်းပေါ် ဒေသတစ်ခုအတွင်း အချိန်ကာလနှင့် နေရာဒေသကို လိုက်၍ အောက်သို့ နိမ့်ဆင်း နစ်ဝင်သည့်နှုန်း ကွဲပြား ခြားနားမှု ရှိသည်ကို သတိပြုပါ။ ဥပမာ – အီတလီနိုင်ငံ (Italy)၊ ပိုး မြစ်ဝကျွန်းပေါ်ဒေသ (Po River Delta) သည် ၁၉၆၀ ခုနှစ်များ အတွင်းက တစ်နှစ်လျှင် ၆၀ မီလီမီတာနှုန်းဖြင့် နိမ့်ကျခဲ့ပြီး အခြားဆယ်စုနှစ်များအတွင်းတွင်မူ လျော့နည်းသော နှုန်းဖြင့် နိမ့်ကျခဲ့ပါသည်။)
နိမ့်ဆင်း နစ်ဝင်တော့မည့် ကမ္ဘာ့မြို့ကြီး ခုနစ်မြို့ (7 Cities About to Sink)
ယင်းမြို့ကြီး ခုနစ်မြို့အနက် တစ်မြို့မြို့သည် တစ်ခါက ရေအောက်သို့ နစ်မြုပ် ပျောက်ကွယ်သွားခဲ့သည်ဟု ယူဆခဲ့ကြသော အတ္တလန်တစ် မြို့ကြီးကဲ့သို့ နောက်ထပ် အတ္တလန်တစ် ဖြစ်လာနိုင်မည်လော (Could one of these cities be the next Atlantis?)
လူအတော်များများက ကျွန်ုပ်တို့ ချစ်ခင် မြတ်နိုးလှစွာသော မြို့ကြီးများသည် နောင်လာမည့် ရာစုနှစ်ပေါင်း များစွာ တိုင်အောင် ကျွန်ုပ်တို့ လူသားများနှင့်အတူ ရှင်သန် တည်ရှိနေကြလိမ့်မည် ဟူသောအချက်ကို စွဲစွဲမြဲမြဲ ယုံကြည်နေကြသည်။ သို့စေကာမူ ကမ္ဘာပေါ်ရှိ မြို့ကြီးများအနေဖြင့် ‘နောက်ထပ် အတ္တလန်တစ်မြို့ကြီး’ (“The Next Atlantis”) ဟူသော ဘွဲ့တံဆိပ်ကို မည်သူ ဆက်ခံနိုင်မည်လဲ ဆိုသော သဘောနှင့် သူနိုင် ကိုယ်နိုင် ပြိုင်ဆိုင်နေကြသကဲ့သို့ ဖြစ်နေသည်။ တည်ငြိမ်မှုမရှိဘဲ တလှုပ်လှုပ် တရွရွဖြစ်နေသော အောက်ခံမြေသားများ (shaky foundations) နှင့် ကုန်းတွင်းဘက်သို့ နယ်ပယ် ချဲ့ထွင် တိုးဝင်လျက်ရှိသော ပင်လယ်များ (encroaching seas) သည် ကမ္ဘာပေါ်ရှိ အကြီးဆုံးနှင့် ချစ်မြတ်နိုးဖွယ် အကောင်းဆုံး မြို့ကြီးများအနက် အချို့ကို နိမ့်ကျ နစ်ဝင်မှု ဖြစ်စဉ်နှင့် ကြုံတွေ့စေရန် ထင်ထင်ရှားရှား ခြိမ်းခြောက်လျက် ရှိနေသည်။
နောင်လာမည့် အားလပ်ရက်ကာလအတွင်း ကမ္ဘာပေါ်ရှိ ဘယ်အရပ်၊ ဘယ်ဒေသသို့ သွားရောက် လည်ပတ်ရမည်နည်းဟု စဉ်းစား စီစဉ်မည်ဆိုလျှင် မိမိတို့၏ စိတ်ထဲ စွဲမှတ်ထားရမည့် အချက်မှာ ကမ္ဘာ့ လူကြိုက်အများဆုံး ခရီးသွား ပန်းတိုင် အရပ်ဒေသများ (tourist destinations) (ဝါ) မြို့ကြီးများအနက် အချို့သည် နိမ့်ကျ နစ်ဝင်မှုဖြစ်စဉ်ကို အချိန်နှင့်အမျှ ခံစားနေကြရသည် ဟူသော အချက်ပင် ဖြစ်သည်။ မြေသား နိမ့်ကျ နစ်ဝင်မှုဖြစ်စဉ် ဖြစ်ထွန်းလျက်ရှိသော ကမ္ဘာ့အဓိက မြို့ကြီးများအနက် မြို့ကြီးခုနစ်မြို့ အကြောင်းကို အောက်တွင် ဆက်လက် ရေးသားတင်ပြပါမည်။
ဘန်ကောက်မြို့ (ထိုင်းနိုင်ငံ)
ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်သော ဘန်ကောက်မြို့ကြီးသည် နိမ့်ဆင်းနစ်ဝင်နေသည်။ လျင်မြန်သောနှုန်းဖြင့် နိမ့်ဆင်း နစ်ဝင်နေပါသည်။ သို့စေကာမူ အခြားသော နိမ့်ဆင်းနေသည့် မြို့ကြီးများနှင့် မတူ ကွဲပြား ခြားနားသော အချက်မှာ ယခုကဲ့သို့ မြေနိမ့်ကျမှု ဖြစ်စဉ် ဖြစ်ပေါ်နေရခြင်း၏ အကြောင်းရင်းသည် ဘန်ကောက်မြို့ကြီး၏ အောက်ခံမြေသား မြေလွှာများ ခိုင်မာမှုမရှိခြင်း (shoddy foundation) ကြောင့်ဟု မဆိုလိုပါ။
ဘန်ကောက်မြို့ကြီးသည် ထိုင်းနိုင်ငံ၏ အထင်ကရမြစ်ဖြစ်သော ကျောက်ဖယားမြစ်ဝှမ်းဒေသ (Chao Phraya River Basin) တွင် တည်ရှိသည်။ ကျောက်ဖယားမြစ်သည် ဘန်ကောက်မြို့လယ်ခေါင်မှ တောင်ဘက် မိုင် ၃၀ (၄၈ . ၃ ကီလိုမီတာ) ကွာဝေးသော ဘန်ကောက်ပင်လယ်အော် (Bay of Bangkok) အတွင်းသို့ စီးဆင်း ဝင်ရောက်သည်။ ဤမျှ ကြီးမား ကျယ်ပြန့်သော မြို့ပြ လူနေမှုဒေသကြီး (colossal urban settlement) ဖြစ်သည့် ဘန်ကောက်မြို့တော်အဖို့ မြေလွှာ နိမ့်ကျသည့် သဘောထက် မြစ်ရေလျှံမှု၊ ရေကြီးရေလွှမ်းမိုးမှု၊ ရေနစ်မြုပ်မှုကဲ့သို့သော ဘေးအန္တရာယ်မျိုးကို ပို၍တွေ့ကြုံ ခံစားရဖွယ် ရှိသည် (more likely to drown than sink)။
ကျွမ်းကျင်ပညာရှင်များ၏ လေ့လာ တွက်ချက်မှုအရ ဆိုလျှင် ကျောက်ဖယားမြစ်ဝရှိ ဆန်ရေစပါး ပေါများ ကြွယ်ဝသည့် ဘန်ကောက် မြို့ပြဒေသကြီးနှင့် ယင်းဒေသရှိ လှပသပ္ပာယ်သော ဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်း၊ ကန် စသည်တို့သည် အနည်းဆုံး ရှေ့လာမည့် ခုနစ်နှစ် ကာလအတွင်းတွင် ရေအောက်သို့ နစ်မြုပ်ရောက်ရှိသွားနိုင်သည်ဟု သိရှိရသည်။ဘန်ကောက် မြို့တော်ကြီး တည်ရှိရာ ကျောက်ဖယား မြစ်ဝကျွန်းပေါ်ဒေသသည် ပျမ်းမျှ တစ်နှစ်လျှင် ၁၅၀ မီလီမီတာ (၅ . ၉ လက်မ) နှုန်းဖြင့် မြေနိမ့်ကျမှုဖြစ်စဉ် အလွန်လျင်မြန်စွာ ဖြစ်ပေါ်နေသည်ဟု ကျွမ်းကျင်ပညာရှင် ဂျိမ်းစ်စဗစ်စကီ (James Syvitski) နှင့် စတက်ဖနီဟစ်ဂင် (Stephanie Higgins) တို့က New Scientist ဂျာနယ်တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ရေးသား ဖော်ပြခဲ့ကြသည်။
ထိုင်လူမျိုး သိပ္ပံပညာရှင်တစ်ဦး ဖြစ်သော ဒေါက်တာ အာဂျွန် ချွမ်ဆိုင် နာ အာယုဒ္ဒယ (Dr. Ajon Chumsai na Ayudhya) ကတော့ ဘန်ကောက်မြို့တော်ကြီး၏ အနာဂတ် ရေနစ်မြုပ်မှု ကံကြမ္မာကို ဖန်တီးမည့် အဓိက အကြောင်းရင်းမှာ ကမ္ဘာချီ ပူနွေးမှု ဖြစ်စဉ် (global warming) ဖြစ်မည်။ ကမ္ဘာချီ ပူနွေးမှု ဖြစ်စဉ်သည်သာ ဘန်ကောက်မြို့တော်ကြီး ရေနစ်မြုပ်ရခြင်း၏ အကြောင်းရင်းကို အကောင်းဆုံး ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ဆိုပါသည်။ အာရှသတင်းကွန်ယက် (Asia News Network) က ထိုင်းပညာရှင် ဒေါက်တာ အာဂျွန်၏ သဘောထားအမြင်ကို ဖော်ပြရာ၌ ‘ဤကဲ့သို့သော ဘေးအန္တရာယ်များ (disasters) ဖြစ်ပေါ်ရခြင်းအတွက် အပြစ်တင်ရမည့် အဓိက လက်သည်တရားခံမှာ လူများပင် ဖြစ်သည်။ အကြောင်းမှာ လူတို့က ပတ်ဝန်းကျင်မှ သဘာဝ သယံဇာတများ(ဝါ) သဘာဝ အရင်းအမြစ်များ (natural resources)ကို ထုတ်ယူ သုံးစွဲသည်။ သစ်ပင်၊ သစ်တောများကို ခုတ်ထွင် ရှင်းလင်းပစ်သည်။ ဖန်လုံအိမ် ဓာတ်ငွေ့များ (greenhouse gases) ကို ကမ္ဘာ့လေထုအတွင်းသို့ စဉ်ဆက်မပြတ် ထုတ်လွှတ်လျက်ရှိသည်။ မည်သည့်လုပ်ငန်းကိုပဲ လုပ်လုပ် မျက်မှောက်ကာလရှိ လူများသည် အနာဂတ်မျိုးဆက်သစ်များအတွက် မည်သည့်အခါကမျှ ထည့်သွင်း စဉ်းစားလေ့ မရှိကြောင်း ဒေါက်တာ အာဂျွန်က ပြောဆိုခဲ့သည်’ ဟု ဖော်ပြထားပါသည်။
ထို့အပြင် တစ်ကမ္ဘာလုံး၏ ရာသီဥတု အခြေအနေများ အပြောင်းအလဲဖြစ်ခြင်း၏ အကျိုးဆက်အနေဖြင့် ထိုင်းပင်လယ်ကွေ့ (Gulf of Thailand) အတွင်း၌ ပြင်းထန်သော မုန်တိုင်းလှိုင်းကြီးများကို ပိုမို၍ ဖြစ်ပေါ်လာစေနိုင်လိမ့်မည်၊ ယင်း မုန်တိုင်း လှိုင်းကြီးများသည် ထိုင်းနိုင်ငံ တောင်ပိုင်းဒေသကို အလွန်အမင်း ပြင်းထန်သော ဆိုးကျိုးများ (ဝါ) အနုတ် လက္ခဏာ သက်ရောက်မှုများ (extremely negative effects) ကို ဖြစ်ပေါ်စေလိမ့်မည်ဟုလည်း ဒေါက်တာ အာဂျွန်က ပြောဆိုခဲ့ပါသည်။
လက်ရှိ အခြေအနေအတိုင်းသာ ဆိုပါက ထိုင်းနိုင်ငံတောင်ပိုင်း၏ နာမည်ကျော် ခရီးသွားလုပ်ငန်းဒေသကြီးသို့ အပန်းဖြေ ခရီး သွားရောက်ဖို့ ကိစ္စမှာ တဖြည်းဖြည်းနှင့် အချိန်ကြုံ့၍လာနေသည်ဖြစ်ရာလာမည့် ဆယ်စုနှစ်တစ်ခုတောင် ခံနိုင်ရည် ရှိပါ့မလားဟု စိုးရိမ်ဖွယ် အခြေအနေ ဖြစ်ပါသည်။
နယူးယော့မြို့တော် (အမေရိကန်ပြည်ထောင်စုနိုင်ငံ)
အကယ်၍များ တစ်စုံတစ်ယောက်သည် အမေရိကန်ပြည်ထောင်စုနိုင်ငံ (The United States of America)၊ နယူးယော့ ပြည်နယ် (New York State)၊ နယူးယော့မြို့တော် (New York City)တွင် ရှိသော လွတ်လပ်ရေး အထိမ်းအမှတ် ဖြစ်သည့် လေဘာတီ ရုပ်တုကြီး (Statue of Liberty) ကို လည်းကောင်း၊ မီးရောင်စုံများဖြင့် လှပ တင့်တယ်သည့် တိုင်း(မ်)စကွဲယား (Times Square) ကို လည်းကောင်း မရောက်ဖူးသေးလျှင်၊ မမြင်ဖူးသေးလျှင်၊ ယခုအချိန်သည် ထိုနေရာ ဒေသများသို့ သွားရောက် လည်ပတ် ကြည့်ရှုရန် အချိန်ကောင်း အခါကောင်း ဖြစ်သည်ဟု ဆိုလေ့ရှိသည်။
နယူးယော့မြို့တော်ကြီး၏ ဘဝသည်လည်း ၎င်း၏မိတ်ဆွေ ထိုင်းနိုင်ငံမှ ဘန်ကောက်မြို့တော်ကြီး၏ ဘဝနှင့် အတော်ပင် ဆင်တူလှပေသည်။ ဘန်ကောက်မြို့တော်ကြီးကဲ့သို့ပင် အမေရိကန်ပြည်ထောင်စုနိုင်ငံ၏ လူနေသိပ်သည်းဆ (population density) အများဆုံး မြို့ကြီးဖြစ်သော နယူးယော့မြို့တော်ကြီးသည် ကမ္ဘာချီ ပူနွေးမှုဖြစ်စဉ် (global warming) ၏ အနုတ် လက္ခဏာ အကျိုးသက်ရောက်မှုများ (negative effects) ကို တွေ့ကြုံ ခံစားရမည့် ကံကြမ္မာဆိုးနှင့် ရင်ဆိုင်နေရပြီ ဖြစ်ပါသည်။
နယူးယော့မြို့တော်ကြီး၏ ပထဝီဝင် တည်နေရာမှာ အမေရိကန်ပြည်ထောင်စုနိုင်ငံ အရှေ့မြောက်ပိုင်း ဟဒ်ဆင်မြစ်(Hudson River) ၏ မြစ်ဝတွင် ရှိပြီး ယင်းမြစ်သည် အရှေ့ဘက် အတ္တလန္တိတ်သမုဒ္ဒရာ (AtlanticOcean) အတွင်းသို့ စီးဆင်း ဝင်ရောက်သည်။ နယူးယော့မြို့တော်ကြီးကား ကမ္ဘာ့ခေတ်အမီဆုံး အလွန်ကြီးမားသည့်မြို့ကြီး (Mega-city) တစ်မြို့ ဖြစ်သည်နှင့် အညီ ဘိလပ်မြေ၊ ထုံး၊ အုတ်၊ သဲ၊ ကျောက်စရစ်၊ သံထည်၊ သစ်သားစသည်တို့ဖြင့် တည်ဆောက်ထားသော နေအိမ်၊ တိုက်တာ၊ အဆောက်အဦများ၊ လမ်း၊ တံတားများနှင့် အလားတူ ပိသုကာလက်ရာများကို အရွယ်အစားမျိုးစုံ မြင်တွေ့နိုင်သည်။ အကယ်စင်စစ်မူ နယူးယော့မြို့တော်ကြီးကို ကွန်ကရစ် စုံတောမြိုင်ကြီး (concrete jungle) ဟုပင် တင်စား ခေါ်ဆိုနိုင်ပါသည်။ ကွန်ကရစ် စုံတောမြိုင်ကြီး၏ အနန္တအလေးချိန်ကြောင့် နယူးယော့ မြို့တော်ကြီးသည် ယင်း၏ အောက်ခံမြေလွှာများအတွင်းသို့ တဖြည်းဖြည်း နိမ့်ဆင်း နစ်ဝင်လျက် ရှိသည်။ သို့ဖြစ်ရာ များမကြာမီ ကာလအတွင်းတွင် နယူးယော့မြို့တော်ကြီးသည် တရိပ်ရိပ် မြင့်တက်လာနေသော ပင်လယ်ရေမျက်နှာပြင် (rising sea levels) ကြောင့် လည်းကောင်း၊ ဖြစ်ကြိမ်နှုန်း ပိုမိုများပြားမည့် ပြင်းထန်သော အပူပိုင်း မုန်တိုင်းကြီးများ (severe tropical storms) ကြောင့် လည်းကောင်း ထိခိုက် ပျက်စီး ဆုံးရှုံးမည့် ဘေးအန္တရာယ်ကြီးများနှင့် ပိုမို ရင်ဆိုင် ကြုံတွေ့ လာရတော့မည့် အခြေအနေတွင် ရှိနေပေသည်။ ဟော်လိုးဝင်းပွဲတော် (Halloween) ကာလတွင် အသုံးပြုသည့် စည်ပိုင်းထဲရှိ အရာများမှာ မြုပ်ချီ ပေါ်ချီဖြင့် မျောပါနိုင်သော်လည်း နယူးယော့မြို့တော်ကြီးမှာမူ ထိုကဲ့သို့ မျောပါနိုင်မည်မဟုတ်ဘဲ ရေနစ်မြုပ်ခံရမည်သာ ဖြစ်ပါသည်။
သိပ္ပံနေ့စဉ် (Science Daily)သတင်းစာစောင်၏ ရေးသား ဖော်ပြချက်အရဆိုလျှင် နယူးယော့မြို့တော်ကြီးတွင် မြင့်တက်လာမည့် ပင်လယ်ရေ မျက်နှာပြင်၏ မြင့်တက်မှုနှုန်းသည် ကမ္ဘာ့အခြားအရပ်ဒေသ အသီးသီးတွင် ဖြစ်ပေါ်မည့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနှုန်းထက် နှစ်ဆခန့် ပိုမို လျင်မြန်လိမ့်မည် ဟု တွက်ချက် ခန့်မှန်းထားပါသည်။ ဆိုလိုသည်မှာ နယူးယော့မြို့တော်ကြီး တည်ရှိရာ ပထဝီဝင်ဒေသသည် အမေရိကန်ပြည်ထောင်စုနိုင်ငံရှိ အခြားသော ပထဝီဝင် ဒေသများထက် ပင်လယ်ရေအောက်သို့ အရင်ဦးစွာ နစ်မြုပ်ရောက်ရှိသွားမည် ဖြစ်ပါသည်။ သို့စေကာမူ သိပ္ပံနေ့စဉ် (Science Daily) သတင်းစာစောင်က ဆက်လက် ရေးသား ဖော်ပြထားသည်မှာ ‘နယူးယော့မြို့တော်ကြီး ကြုံတွေ့ ခံစားရမည့် အနာဂတ်ဘေးအန္တရယ်မှာ ပင်လယ်ရေအောက်သို့ နစ်မြုပ် ရောက်ရှိခြင်း တစ်မျိုးတည်းသာ ဖြစ်မည် မဟုတ်ပါ။
မြေနိမ့်ပိုင်း အရပ်ဒေသများ ရေလွှမ်းမိုး နစ်မြုပ်မှု (submersion of low-lying land)၊ ပင်လယ်ကမ်းပြင်များ တိုက်စားခံရမှု (erosion of beaches)၊ ရေတိမ်ဒေသများ ရေနက်ကွင်းပြင်ကျယ် အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားမှု (conversion of wetlands to open water)၊ မြစ်ဝကျယ်ဒေသများတွင် ဆားငန်ဓာတ် ပါဝင်နှုန်း တိုးမြင့်လာမှု (increase in the salinity of estuaries) စသည့် တွဲဖက် ပါဝင်လာမည့် ဘေးအန္တရာယ် အမျိုးမျိုးကလည်း နယူးယော့မြို့တော် ဒေသ၏ ဂေဟစနစ်များ (ecosystems) ကို ထိခိုက်စေနိုင်မည် ဖြစ်ပြီး လက်ရှိကမ်းခြေဒေသ တိုးတက်ဖွံ့ဖြိုးမှု(coastal development) အခြေအနေများကိုလည်း များစွာ ထိခိုက် ပျက်စီးစေလိမ့်မည်ဖြစ်သည် . . . . .’ ဟူ၍ စိစစ် သုံးသပ် ထားပါသည်။ အင်ပိုင်ယာ စီးတီး(Empire City) ဖြစ်သော နယူးယော့မြို့တော်ဒေသကြီးသည် နောင်အနာဂတ်တွင် ရေအိုင် တစ်အိုင် (a wading pool) အဖြစ်သို့ အသွင် ပြောင်းလဲသွားမည်သာမက တဖြည်းဖြည်းနှင့် ပင်လယ်ရေအောက်သို့ နိမ့်ဆင်း ပျောက်ကွယ်သွားမည် ဖြစ်ပါသည်။
ဟူစတန်မြို့ (အမေရိကန် ပြည်ထောင်စု နိုင်ငံ)
အမေရိကန် ပြည်ထောင်စုနိုင်ငံ၊ တက္ကဆပ်ပြည်နယ် (Texas State)၊ ဟူစတန်မြို့ (Houston) သည်လည်း ပြဿနာ တစ်ရပ်ရပ် အမှန်တကယ်ပင် ရှိနေသည်။ ၎င်းမှာ အခြားမဟုတ်၊ အမေရိကန်ပြည်ထောင်စု နိုင်ငံ၏ အမျိုးသား လေကြောင်းနှင့် အာကာသအေဂျင်စီ (National Aeronautic and Space Agency – NASA ) သို့ လာရောက် လည်ပတ် လေ့လာကြသူများအတွက် ဧည့်သည် တည်းခို နားနေရာ ဗဟိုဌာနမြို့ (Visitor’s Center) ဖြစ်သော ဟူစတန်မြို့သည် များမကြာမီ ကာလအတွင်းတွင် မြေမျက်နှာပြင်မှာသာ တည်ရှိမည် မဟုတ်ဘဲ မြေကြီးထဲသို့ပင် နိမ့်ကျ နစ်ဝင်နေမည် ဖြစ်သည်။
ဟူစတန်မြို့သည် တက္ကဆပ်ပြည်နယ်၏ အထင်ရှားဆုံးသော ကော့စမိုပိုလီတန်မြို့ကြီး (most cosmopolitan) ဖြစ်ပြီး ယခုအခါ မြေကြီးပေါ်တွင် ဆက်လက် ရပ်တည်နိုင်ရန် ကြိုးစား ရုန်းကန်နေရသည်။ ဟူစတန်မြို့သည် သဘာဝ သယံဇာတများ၊ အထူးသဖြင့် ရွှေသတ္တု တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းအပေါ်တွင် အမှီပြု၍ တည်ထောင်ခဲ့သော မြို့ပြ ဒေသကြီး ဖြစ်ပြီး ရှေ့သို့ ဖွံ့ဖြိုး စည်ပင်မှု ဖြစ်ထွန်းစေရန်လည်း ကောင်းစွာ သန္နိဌာန် ချထားသည်။ ထို့အပြင် ဟူစတန်မြို့သည် အာကာသဆိုင်ရာ မြို့ကြီး (Space City) ဟု ထင်ရှားပြီး စွမ်းအင်ထုတ်လုပ်ရာ အဓိက ဗဟိုဌာနတစ်ခု (a major energy hub) လည်း ဖြစ်လာသည်။
သို့စေကာမူ အမေရိကန် ပြည်ထောင်စုနိုင်ငံ၏ စတုတ္တအကြီးဆုံး မြို့ကြီး (fourth-largest city) ဖြစ်သော ဟူစတန်မြို့ကို သဲကျောက်လွှာများပေါ်တွင် အခြေပြု တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ မက္ကဆီကို ပင်လယ်ကွေ့ (Gulf of Mexico) အတွင်းသို့ စီးဝင်သော အဓိကမြစ်လေးစင်း (four major bayous)တို့ တိုက်စား သယ်ဆောင် ပို့ချထားပြီး ကျစ်လစ်ခိုင်မြဲမှု မရှိသေးသည့် ရေဆောင်နုန်း အနည်အနှစ်များဖြင့်သာ တည်ဆောက်ထားသော မြစ်ကမ်းပါးများပေါ်တွင် အခြေပြု၍ ဟူစတန်မြို့ကြီး တည်ရှိနေခြင်း ဖြစ်သည်။
ဟူစတန် မြို့ပြဒေသကြီးတွင် နေထိုင်ကြသော မြို့သူမြို့သား အားလုံးတို့သည် မိမိတို့၏ သောက်ရေ သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် မြေအောက်ရေ (groundwater) အပေါ် မှီခို အားထားခဲ့ကြရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော် မြို့ပြဒေသ နေထိုင်သူ လူဦးရေ တိုးပွားလာပြီး မြို့ပြဒေသ ဧရိယာ အစဉ်ထာဝရ ကျယ်ပြန့် ကြီးထွားနေသော ဟူစတန် မြို့ပြဒေသကြီးအဖို့ မြေအောက်ရေပမာဏ အမြောက်အမြားကို ထုတ်ယူ သုံးစွဲရန် အမြဲတမ်း လိုအပ်လျက်ရှိသည်။
မြေအောက်ရေ ဂါလံ သန်းပေါင်းများစွာကို နေ့စဉ် ထုတ်ယူ သုံးစွဲခြင်းသည် ဟူစတန် မြို့ပြဒေသကြီး တစ်ခုလုံးအား သယ်ပိုး ထမ်းရွက်ထားရသော အောက်ခံမြေလွှာ၏ တောင့်တင်း ခိုင်မာမှုအားကို တစ်စထက် တစ်စ လျော့နည်း ကျဆင်းလာစေပါသည်။ ဟူစတန် မြို့ပြဒေသကြီး၏ အနီးပတ်ဝန်းကျင်တွင် ရုပ်ကြွင်းလောင်စာ တစ်မျိုးဖြစ်သော ရေနံ သယံဇာတကို ကာလတာရှည်စွာ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းသည်လည်း ဤမြို့ပြဒေသကြီး၏ အောက်ခံ အုတ်မြစ် (foundation)ကို ထိခိုက် ပျက်စီးစေသည်။ ဟူစတန် မြို့ပြဒေသကြီးကလည်း စဉ်ဆက်မပြတ် ပြန့်ကား ကြီးထွား (continuous sprawl) လျက် ရှိသည်။ ထို့အပြင် ဟူစတန် မြို့ပြဒေသကြီး၏ လမ်းမကြီး၊ လမ်းမငယ်များ၊ အထပ်မြင့် (ဝါ) မိုးမျှော် အဆောက်အဦများ (skyscrapers) ၏ အောက်ဖက်တွင် အစဉ် ရှင်သန် လှုပ်ရှားနေသော မြေလွှာပြတ်ရွေ့ကြောင်း (active fault lines) အရေအတွက် ၃၀၀ ခန့်ကလည်း တည်ရှိနေပြန်ပါသည်။ ယခုအခါ ဤ ဟူစတန် မြို့ပြဒေသကြီး (ဝါ) မက်ထရိုပိုလစ် (metropolis)၏ အစိတ်အပိုင်း အတော်များများ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းရှိ ဂျာဆီဗီးလိပ်(ချ) (Jersey Village) သည် တစ်နှစ်လျှင် ၂ လက်မ (၅ . ၁ စင်တီမီတာ) နှုန်းဖြင့် ထောင်လိုက် မြေလွှာနိမ့်ကျမှု ဖြစ်ပေါ်လျက် ရှိသည်ဟု သိပ္ပံနေ့စဉ် (Science Daily) သတင်းစာစောင်က ရေးသား ဖော်ပြခဲ့ပါသည်။
ဤဟူစတန်မြို့ပြဒေသကြီးတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကို ရပ်ဆိုင်းပစ်လိုက်သော မြို့ပြ အစိတ်အပိုင်းများ၌ မြေနိမ့်ကျမှုနှုန်း သိသိသာသာ လျော့နည်း နှေးကွေးသွားကြောင်းကို ကျွမ်းကျင်ပညာရှင်များက စူးစမ်း လေ့လာ တွေ့ရှိခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ၊ ဟူစတန်မြို့ပြဒေသကြီး ရင်ဆိုင်ကြုံတွေ့နေရသော မြေနိမ့်ကျမှု (ဝါ) မြေနိမ့်ဆင်း နစ်ဝင်မှု ပြဿနာကို ရှင်းလင်းပေးနိုင်ရန်အတွက် ထာဝရအဖြေတစ်ခု (a permanent solution) ကိုတော့ အမြန်ဆုံး ရှာဖွေတွေ့ရှိအောင် ဆက်လက် ကြိုးပမ်းကြရဦးမည် ဖြစ်ပါသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဟူစတန် မြို့ပြ ဒေသကြီးသို့ သွားရောက် လည်ပတ်ရန် ဆန္ဒရှိသည်ဆိုပါက တစ်စုံတစ်ခုသော ပြဿနာ (မြေနိမ့်ကျမှု) မဖြစ်မီ အမြန်ဆုံး သွားရောက် လည်ပတ်နိုင်ဖို့ ပြင်ဆင်သင့်ကြောင်း အကြံပြုလိုပါသည်။
ရှန်ဟိုင်းမြို့ (တရုတ်ပြည်သူ့သမ္မတနိုင်ငံ)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People’s Republic of China) မှ ရှန်ဟိုင်းမြို့ (Shanghai) ၏ အနာဂတ်ကာလအတွက် အခြေအနေနှင့် အလားအလာများသည်လည်း မကောင်းလှချေ။ ရှန်ဟိုင်းမြို့သည် တရုတ်နိုင်ငံ၏ ကမ်းရိုးတန်းဒေသတွင် တည်ရှိပြီး ယင်း၏ မြို့ပြဧရိယာသည် အစဉ်အမြဲ ပြန့်ကား ကြီးထွား(sprawling) လျက်ရှိကာ တရုတ်ပြည်၏ ကမ္ဘာကျော် မြစ်ကြီးတစ်စင်း ဖြစ်သော ယန်စီမြစ် (Yangze River) မြစ်ဝကျွန်းပေါ်၏ ရွှံ့ညွန်ဒေသ (swamplands) ပေါ်တွင် တည်
ဆောက်ထားသည့် မြို့ပြဒေသကြီး ဖြစ်သည်။ ရှန်ဟိုင်းမြို့သည် (မြန်မာနိုင်ငံမှ ရန်ုကန်မြို့ကဲ့သို့ပင်) နဂိုမူလက ငါးဖမ်းသူများ နေထိုင်ရာ တံငါရွာငယ်လေး တစ်ရွာ အဆင့်မျှသာ ဖြစ်ခဲ့သည်။
ဤသို့နှင့် ၁၉ ရာစုနှစ်အလယ်ခန့်မှ စတင်၍ ရှန်ဟိုင်းမြို့ပြဒေသသည် အရပ်ရှစ်မျက်နှာမှ လူအများအပြားကို ပို၍ ပို၍ ဆွဲဆောင်ခဲ့လေသည်။ တော်ရုံသင့်ရုံ နေအိမ်အဆောက်အုံများ (modest homes) နေရာတွင် ရင်သပ်ရှုမောဖွယ်ရာ မိုးမျှော် အထပ်မြင့် အဆောက်အအုံများ (skyscrapers) က တစ်စထက် တစ်စ အစားထိုးနေရာယူခဲ့ကြပါသည်။ အာရှတိုက် (Asia) ၏ အကောင်းဆုံး ဈေးရောင်း ဈေးဝယ် ဗဟိုဌာနကြီးများ (the best shopping venues)ကို ရှန်ဟိုင်း မြို့ပြဒေသတွင် တွေ့မြင်နိုင်သည်။
များမကြာသေးမီ အချိန်က ရှန်ဟိုင်းသည် ကမ္ဘာပေါ်တွင် လူနေသိပ်သည်းမှု အများဆုံး မြို့ကြီးအဆင့် (the most densely populated city) သို့ ရောက်ရှိခဲ့သည်။ ၂၀၀၁ ခုနှစ်က လူဦးရေ သန်း ၂၀ ကျော်နေထိုင်ခဲ့ပါသည်။ ရှန်ဟိုင်းမြို့ကြီးတွင် လျင်မြန်သော မြို့ပြဧရိယာ ချဲ့ထွင်မှု (rapid urban expansion) (ဝါ) မြို့ပြဖြစ်ထွန်းမှု (urbanization) ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်မှာ ၂၀ ရာစုနှစ် အစောပိုင်းကာလ မတိုင်မီအထိ အဆင်ပြေပြေ ရှိခဲ့သည်။
သို့သော် ယင်းကာလ နောက်ပိုင်းတွင်မူ ရှန်ဟိုင်း မြို့ပြဒေသကြီး၌ စက်ရေတွင်းများဖြင့် မြေအောက်ရေ ထုတ်ယူသုံးစွဲမှုသည် အဓိက ရင်းမြစ် တစ်ရပ် ဖြစ်လာခဲ့သည်။ အကျိုးဆက်အားဖြင့် ယင်းရှန်ဟိုင်းမြို့ပြဒေသကြီး၏ အောက်ခံမြေသားနှင့် ကျောက်လွှာများမှာ သိသာ ထင်ရှားသော ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။
PBS အလိုအရဆိုလျှင် ရှန်ဟိုင်း မြို့ပြဒေသကြီးသည် ၁၉၂၁ ခုနှစ် နှင့် ၁၉၆၅ ခုနှစ်အကြား နှစ်ပေါင်း ၄၅ နှစ်တာ ကာလ အတွင်း မူလနေရာမှ အောက်ဖက်သို့ အကြမ်းအားဖြင့် ၈ ပေ (၂ . ၄၄ မီတာ) ခန့် နိမ့်ကျခဲ့သည်။ တစ်နည်းအားဖြင့် တစ်နှစ်လျှင် ၂ လက်မ (၅ . ၁ စင်တီမီတာ) ကျော်ခန့် နှုန်းဖြင့် အထက် မှအောက်သို့ နိမ့်ဆင်း နစ်ဝင်လျက် ရှိပါသည်။ ရှန်ဟိုင်း မြို့ပြဒေသကြီးသည် ၁၉၆၅ ခုနှစ်မှ ယနေ့တိုင်အောင်ပင် တစ်နှစ်လျှင် ဝ . ၅ လက်မ (၁ . ၂၇ စင်တီမီတာ) နှုန်းဖြင့် အောက်သို့ ဆက်လက် နိမ့်ကျလျှက် ရှိဆဲပင် ဖြစ်ပါသည်။
ကျွမ်းကျင်ပညာရှင်များ၏ အလိုအရ ဆိုလျှင် ရှန်ဟိုင်းမြို့ပြဒေသကြီးကို အောက်သို့ ဆက်လက် နိမ့်ကျ နစ်ဝင်ခြင်း မဖြစ်ရလေအောင် ဟန့်တား ဆောင်ရွက်ဖို့ကိစ္စမှာ မဖြစ်နိုင်တော့ဟု သိရသည်။ အကြောင်းမှာ ရှန်ဟိုင်း မြို့ပြဒေသကြီး ကိုယ်တိုင်က ၎င်း၏ အောက်ခံ မြေကျောက်လွှာများအတွက် အလွန်အမင်း လေးလံနေပြီ (too heavy for its foundation) ဖြစ်သောကြောင့် ဖြစ်ပါသည်။ သို့စေကာမူ ရှန်ဟိုင်းမြို့ပြ ဒေသကြီး အောက်သို့ နိမ့်ကျခြင်း ဖြစ်စဉ်ကို နှေးကွေးသွားစေရန် ကြိုးပမ်း ဆောင်ရွက်မည်ဆိုလျှင် အထပ်မြင့် မိုးမျှော်အဆောက်အဦးများ (high-rise buildings) နောက်ထပ် အသစ် တည်ဆောက်သည့် အခါတိုင်း ယင်းတို့၏ ကြီးမားသော အလေးချိန်ကို ခံနိုင်ရည် ရှိစေရန် အတွက် ကွန်ကရစ် ကျောက်တိုင်ကြီးများ (concrete piles)ကို မြေအောက် ခပ်နက်နက်သို့ စိုက်ထည့်ပြီးမှသာ တည်ဆောက်ကြရမည် ဖြစ်ပါသည်။
တစ်စုံတစ်ယောက်သည် ရှန်ဟိုင်း မြို့ပြဒေသကြီး၏ ထင်ရှားကျော်ကြားသော ပိသုကာလက်ရာများကို ကြည်ရှုလေ့လာရန် စိတ်ဝင်စားသည်ဆိုပါက အချိန်ကြာကြာ ဆွဲမနေဘဲ အမြန်ဆုံးသာ သွားရောက်ကြည့်ရှုလိုက်ပါဟု တိုက်တွန်းလိုပါသည်။
နယူးအော်လင်းမြို့ (အမေရိကန်ပြည်ထောင်စုနိုင်ငံ)
အတိတ်သမိုင်းတွင် ကိုလိုနီနယ်ချဲ့တို့က ပြင်သစ်ပိုင်လူဝစ်ဆီယားနား (French Louisiana) ၏ မြို့တော်အဖြစ် နယူးအော်လင်းမြို့ (New Orleans) ကို ရွေးချယ်ခဲ့ရခြင်း၏ အဓိက အကြောင်းရင်း တစ်ရပ်မှာ ယင်းမြို့၏ ကုန်းတွင်းကျသော တည်နေရာ (inland locale)ကြောင့် ဖြစ်သည်။ ယနေ့ မျက်မှောက်ကာလတွင်မူ ယင်းမြို့သည် အမေရိကန် ပြည်ထောင်စုနိုင်ငံ၊ လူဝစ်ဆီယားနားပြည်နယ် (Louisiana State) ၏ နယူးအော်လင်းမြို့ (New Orleans) ဖြစ်နေပေသည်။ သို့စေကာမူ နယူးအော်လင်းမြို့တွင် ရှေးယခင်က ရှိခဲ့ဖူးသော မြို့ကို ရေလွှမ်း ရေကြီးမှု ဘေးအန္တရာယ်မှ အကာအကွယ် ပေးနိုင်ခဲ့သည့် ရေကာတာများ၊ တာတမံများ ကျိုးပေါက် ပျက်စီးကုန်ကြပြီဖြစ်၍ ယခုအခါ အင်အား ပြင်းထန်သော အပူပိုင်းမုန်တိုင်းကြီးများ၏ ဝင်ရောက် တိုက်ခတ် ဖျက်ဆီးမှုကို ခံစားရမည့် ဖြစ်တန်ခြေမှာ ပိုမို များပြားလာသည်။ အကယ်စင်စစ် အမေရိကန်ပြည်ထောင်စု နိုင်ငံတွင် လူအများ နှစ်သက်သဘောကျသော ပထဝီဝင် နယ်မြေတစ်ခု ဖြစ်သည့် နယူးအော်လင်း မြို့ပြဒေသကြီး၏ ဧရိယာ တစ်ဝက်ခန့်မှာ ပင်လယ်ရေမျက်နှာပြင်တွင် (သို့မဟုတ်) ပင်လယ်ရေမျက်နှာပြင် အောက်တွင် တည်ရှိနေပေသည်။
နယူးအော်လင်းမြို့ပြဒေသကြီး နိမ့်ကျနေမှုအခြေအနေ (downhill situation)ကို ကျွမ်းကျင်ပညာရှင်များ အမှန်တကယ် သတိထားမိခဲ့သည်မှာ အပူပိုင်းမုန်တိုင်းကြီး ဟာရီကိန်း ကတ်ထရီးနား ဝင်ရောက်မွှေနှောက် တိုက်ခတ် ဖျက်ဆီးသွားပြီးသည့် နောက်ပိုင်းအချိန်ကျမှသာ မဟုတ်ပါ။ ၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံ အခြေစိုက် အမျိုးသား ပထဝီဝင် အသင်းကြီး (National Geographic Society – NGS) က ထုတ်ပြန် ကြေညာခဲ့သော အစီရင်ခံစာအရ ဆိုလျှင် နယူးအော်လင်း မြို့ပြဒေသကြီးသည် ဟာရီကိန်း ကတ်ထရီးနား တိုက်ခတ်ခြင်းမခံရမီ (၂၀၀၅ ခုနှစ် မတိုင်မီ) နှစ်များ အတွင်းက တစ်နှစ်လျှင် ဝ . ၂၅ လက်မ (ဝ . ၆၄ စင်တီမီတာ)ခန့်နှုန်းဖြင့် မြေလွှာနိမ့်ကျခဲ့သည်ဟုဆိုပါသည်။ အလားတူ အချိန်ကာလ အတွင်း နယူးအော်လင်း မြို့ပြဒေသကြီးအား မက္ကဆီကို ပင်လယ်ကွေ့ (Gulf of Mexico) ဘက်မှ တက်လာမည့် ရေကြီး ရေလျှံမှု ဘေးအန္တရာယ်မှ ကာကွယ်ရန်အထူးဒီဇိုင်းရေးဆွဲ၍ ကာရံဆောက်လုပ်ထားခဲ့သော နုန်းတာများ (levees)သည် မြို့ပြ ဒေသကြီး နိမ်ကျသည့်နှုန်း၏ ၄ ဆ / ၅ ဆ ခန့်ရှိသည့် နှုန်းဖြင့် နိမ်ကျခဲ့သည်ဟု သိရပါသည်။
အဆိုပါ အကြောင်းတရားများကြောင့် ဟာရီကိန်း ကတ်ထရီးနား တိုက်ခတ်သောအခါ နယူးအော်လင်း မြို့ပြ ဒေသကြီးသည် ယင်းမုန်တိုင်းကြီးကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များ၊ ထိခိုက်မှုများ၊ လက်ငင်းဆိုးကျိုးများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ရက်ရှည် လများ ခံစားတွေ့ကြုံခဲ့ရပါသည်။ နယူးအော်လင်း မြို့ပြဒေသကြီး ကြုံတွေ့ နေရသော မြေနိမ့်ကျမှု ပြဿနာနှင့် စပ်လျဉ်း၍ ဘာမျှများများစားစား လုပ်ပေးနိုင်မည် မဟုတ်၊ ဖြေရှင်း ကယ်ဆယ်နိုင်မည် မဟုတ်ဟု ကျွမ်းကျင် ပညာရှင်များက ဆိုကြပါသည်။ အမေရိကန်ပြည်ထောင်စုနိုင်ငံ၊ အမျိုးသား အင်ဂျင်နီယာ အကယ်ဒမီ (National Academy of Engineering) နှင့် အမျိုးသား သုတေသနကောင်စီ (National Research Council) တို့၏ ၂၀၀၉ ခုနှစ်တွင် ပြုစု ထုတ်ဝေသော အစီရင်ခံစာ တစ်စောင်အရ ဆိုလျှင် နယူးအော်လင်း မြို့ပြဒေသကြီး၏ အနီး ပတ်ဝန်းကျင်တွင် ရှိသော နုန်းတာများ (levees) နှင့် ရေကာတံတိုင်းများ (flood walls) သည် ဆိုးရွားသော အစွန်းရောက် မိုးလေဝသနှင့် ဇလဗေဒ ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့လျှင် ပြိုလဲခြင်း၊ ပျက်စီးခြင်းဘေးမှ ရာနှုန်းပြည့် အကာအကွယ် ပေးနိုင်မည်ဟု အာမ မခံနိုင်ချေ။ အကယ်၍ ပြန်လည် နေရာချထားရေး လုပ်ငန်းများ (relocation) ဆောင်ရွက်ရန် အဆင်မပြေခဲ့ပါက နည်းလမ်း တစ်ရပ် အနေဖြင့် အဆောက်အဦးတိုင်း၏ ပထမထပ်ကို လက်ရှိအနေအထားမှ အနည်းဆုံး နှစ် ၁၀၀ ရေကြီး ရေလျှံမှု ဖြစ်လျှင် ရေအမြင့်ဆုံး တက်နိုင်သောအမြင့် (100-year flood level) အထိ တိုးမြှင့် တည်ဆောက်ပေးဖို့ လိုအပ်မည် ဖြစ်ပါသည်။
ဗင်းနစ်မြို့ (အီတလီနိုင်ငံ)
ဗင်းနစ်မြို့ကို အချို့က (La Serenissima) ဟု ခေါ်ဆိုတတ်ကြပါသည်။ အငြိမ်းချမ်းဆုံး နေရာ (the most serene one) ဟု အဓိပ္ပာယ် ထွက်ပါသည်။ ရေတွင် တစ်စိတ်တစ်ပိုင်း နစ်မြုပ်လျက်ရှိသည့် သစ်သားပြားများ၊ ပျဉ်ပြားများပေါ်တွင် မြင့်မား ထယ်ဝါသော စိန့်မတ် ဘာဆီလီကာ (St. Mark’s Basilica) အဆောက်အဦနှင့် ပြန့်ကားထွက်နေသော ပီယာဇာစန်မာကို (Piazza San Marco) တို့ကို တည်ဆောက်ရန် အီတလီနိုင်ငံ (Italy)၊ ဗင်းနစ်မြို့ (Venice)ရှိ မြို့နေ လူအပေါင်းက စဉ်းစား ဆုံးဖြတ် ဆောင်ရွက်လာခဲ့ကြသည်မှာ နှစ်ပေါင်း ရာနှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဗင်းနစ်မြို့သူမြို့သားများ (Venetians) သည် ကုန်းလမ်းခရီးကို အသုံးမပြုဘဲ တူးမြောင်းများကိုသာ အသုံးပြုပြီး တစ်နေရာမှ တစ်နေရာသို့ သွားလာကြသည်။ ဗင်းနစ်မြို့ ကောင်းစားစဉ် ရှေးယခင်အခါက မြို့၏ ပထဝီဝင် တည်နေရာသည် များစွာ အဓိပ္ပာယ် ရှိပါသည်။ မြေထဲပင်လယ် (Mediterranean Sea) ဒေသတစ်ခုလုံး၏ ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေးတို့ကို ရေရှည် ထိန်းချုပ်နိုင်ရေးအတွက် ဗင်းနစ်မြို့သူမြို့သားများအနေဖြင့် ပင်လယ်သို့ တိုက်ရိုက်ဆက်သွယ် ရောက်ရှိနိုင်ဖို့၊ ထွက်ပေါက်ရှိဖို့ (direct access to the sea) လိုအပ်ခဲ့ပါသည်။ သို့သော် ဗင်းနစ် မြို့ပြဒေသအတွက် လိုအပ်သော ရေချိုကို တူးဖော် ထုတ်လုပ် သုံးစွဲခြင်းသည် ငါးတစ်ကောင်၏ ပုံသဏ္ဍာန်နှင့် ဆင်တူသောမြို့ (fish-shaped city) အတွက် အနုတ်လက္ခဏာ အကျိုးသက်ရောက်မှုများ (negative impact) (ဝါ) ဆိုးကျိုးများကို ဖြစ်ပေါ်စေခဲ့သည်။
ခရစ်ယန်သိပ္ပံမော်နီတာ (The Christian Science Monitor) သတင်းစာကြီး၏ အာဘော်အရ ဆိုလျှင် ဗင်းနစ်မြို့ပြ ဒေသသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကာလအတွင်း ၁ ပေ (၃၀ . ၁ စင်တီမီတာ) နီးပါးခန့် နိမ့်ကျခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ ဤအခြေအနေကို ပိုမို ဆိုးရွားစေသည်ကတော့ တစ်ဖက်တွင် မြေထဲပင်လယ်၏ ရေမျက်နှာပြင်ကလည်း အငြိမ်မနေဘဲ တရိပ်ရိပ် မြင့်တက်လာနေခြင်းပင် ဖြစ်သည်။ အာကွာ အော်လတာ (Acqua Alta) ခေါ် တက်ရေ (high water) သည် ယင်းအား လာရောက် ကြည့်ရှု လေ့လာရန် ပြည်တွင်း ပြည်ပခရီးသည် အမြောက်အမြားကို ဆွဲဆောင် ခေါ်ယူ ပေးနိုင်သကဲ့သို့ တစ်ပြိုင်နက်တည်း မှာပင် ဤဗင်းနစ်မြို့အား ဒုက္ခပေးလာခဲ့သည်မှာလည်း ရာစုနှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်သည်။ ဗင်းနစ်မြို့၌ များမကြာမီ နှစ်များအတွင်းတွင်လည်း ရေကြီး ရေလျှံမှု ဖြစ်ကြိမ်နှုန်း (flooding frequency) သည် သိသာ ထင်ရှားစွာ တိုးတက် မြင့်မားလာသည်ကိုတွေ့ရသည်။ ဗင်းနစ်မြို့သည် တစ်နှစ်လျှင် တက်ရေ (ဝါ) ရေကြီး ရေလွှမ်းမှု အကြိမ် ၆၀ကျော်ခန့် ပြင်းပြင်းထန်ထန် တွေ့ကြုံခံ စားရသည်ဟု ပညာရှင် ဂျပ်စတင် ဒီမီထရီ (Justin Demetri) က LifeInItaly.com ဝက်(ဘ်) စာမျက်နှာတွင် ဖော်ပြခဲ့သည်။
ဗင်းနစ်မြို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး (Preserving Venice) မှာ အီတလီအစိုးရ၏ ဦးစားပေး ဆောင်ရွက်သည့် လုပ်ငန်းတစ်ရပ်အဖြစ် နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယူရိုငွေ (euros) ဘီလျံပေါင်းများစွာကို ကျခံသုံးစွဲပြီး ရေကြီးရေလျှံမှု ဘေးမှ ကာကွယ်ပေးသည့်စနစ် (flood defense system) တစ်ခုဖြစ်သော (MOSE Project) ကို ၂၀၁၁ ခုနှစ်မှ စတင်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဗင်းနစ်မြို့ပြဒေသမှ ရေများကို ထုတ်နှုတ်ပစ်မည့် ရေထုတ်တံခါး
ပေါင်း ၇၈ ခုကို အဆင့်ဆင့် တည်ဆောက်မည် ဖြစ်ပါသည်။ သို့သော် ကျွမ်းကျင်ပညာရှင်အချို့ကမူ ဗင်းနစ်မြို့ကို နိမ့်ကျခြင်း ဘေးမှ ကယ်တင် ဆယ်မရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ မြို့ပြဒေသကြီး တစ်ခုလုံးကို ပေါင်းစု၍ ရေလွတ်ရာ တစ်နေရာရာသို့ ရွှေ့ပြောင်းပေးနိုင်မှသာ ဖြစ်မည်ဟု ဆိုကြပါသည်။
(မှတ်ချက် – ရေကြီးရေလျှံမှု ဘေးမှ ကာကွယ်ပေးသည့်စနစ် (flood defense system) တစ်ခုဖြစ်သော (MOSE Project) သည် ယခုအခါ တည်ဆောက်ပြီးစီး၍ အသုံးချနေပြီ ဖြစ်ပါသည်။)
မက္ကဆီကို စီးတီး (မက္ကဆီကိုနိုင်ငံ)
မက္ကဆီကိုနိုင်ငံ (Mexico) ၏ မြို့တော်ဖြစ်သော မက္ကဆီကိုစီးတီး (Mexico City) သည် မက္ကဆီကိုချိုင့်ဝှမ်း (Valley of Mexico) အတွင်းရှိ ရှေးဟောင်းရေအိုင် တစ်ခု၏ အောက်ခင်းကြမ်းပြင် ဖြစ်ခဲ့ဖူးသော အရပ်ဒေသတွင် တည်ရှိနေပြီး မြေနိမ်ကျခြင်း ဖြစ်စဉ်ကို ရာစုနှစ်ပေါင်း များစွာ တွေ့ကြုံခံစားခဲ့ရပြီး ဖြစ်သည်။ သို့စေကာမူ ဘူမိဗေဒပညာရှင်များ (geologists) ၏ အလိုအရဆိုလျှင် ဤမက္ကဆီကိုစီးတီးမြို့ပြဒေသကြီး (ဝါ) မက်ထရိုပိုလစ် (metropolis)၏ အစိတ်အပိုင်းများသည် တစ်နှစ်လျှင် ၈ လက်မ (၂၀ . ၃ စင်တီမီတာ) နှုန်းဖြင့် လျင်မြန်စွာ နိမ့်ကျနေကြသည်ဟု ဆိုပါသည်။
ကောင်းမွန် လုံလောက်သော ရေဆင်းစနစ် (sufficient drainage system) မရှိသောကြောင့် မက္ကဆီကိုစီးတီး မြို့ပြဒေသကြီးသည် အနီးပတ်ဝန်းကျင် တောင်တန်းများအပေါ်မှ စီးဆင်းလာသော မြေအောက်ရေများမှ တစ်ဆင့် ရေကြီးရေလျှံမှု ဘေးအန္တရာယ်ကို ပြင်းပြင်းထန်ထန် တွေ့ကြုံခံစားခဲ့ရသည်။ ထို့ကြောင့်လည်း အကျိုးဆက်အားဖြင့် အလွန်ကြီးမား ကျယ်ပြန့်သော မြေအောက်ရေဆင်းစနစ် (underground drainage system) တစ်ခုကို တည်ဆောက်ထားရသည်။
သို့သော် လွန်ခဲ့သော ၂၀ ရာစုနှစ်အတွင်းတွင် တက်(စ)ကိုကိုရေအိုင် (Texcoco Lake)၏ အောက်ခင်းကြမ်းပြင်မှ မြေအောက်ရေများကို အလွန်အကျွံထုတ်ယူသုံးစွဲမှု (over-extraction) ပြုလုပ်ခဲ့ခြင်းကြောင့် မက္ကဆီကိုစီးတီး မြို့ပြဒေသကြီး၏ အောက်ခံမြေစေးလွှာ (clay foundation)များမှာ ထိခိုက် ပြိုကွဲပျက်စီးမှု ဖြစ်ခဲ့ရသည်။
ဤအကြောင်းတရားသည် မက္ကဆီကိုစီးတီး မြို့ပြဒေသကြီးအား အောက်သို့ ပိုမို၍ နိမ့်ကျမှု (ဝါ) နိမ့်ဆင်းနစ်ဝင်မှုကို ဖြစ်ပေါ်စေရန် တွန်းအားပေးခဲ့ပါသည်။ ထို့အပြင် မက္ကဆီကိုစီးတီး မြို့ပြဒေသကြီး နိမ့်ကျမှုနှင့်အတူ မြေအောက် ရေဆင်းစနစ်သည်လည်း နိမ့်ဆင်းခဲ့ရသည်။
ထိုအခါ မြို့ပြဒေသကြီးတစ်ခုလုံးမှ စွန့်ထုတ်ထားခဲ့သော စွန့်ပစ်ရေဆိုးများ (waste water)၊ ရေပုပ် ရေသိုးများသည် မြို့ပြဒေသကြီးရှိရာ ဖက်သို့ လမ်းကြောင်း ပြောင်းပြန် စီးဆင်းခြင်း (reverse flow) ဖြစ်ပေါ်သည်။ ဝက်(ဘ်)စာမျက်နှာ တစ်ခုဖြစ်သော AZCentral.com အလိုအရ ဆိုလျှင် မက္ကဆီကိုစီးတီး မြို့ပြဒေသကြီး၏ ရေဆင်း ရေနှုတ်နိုင်သော စွမ်းရည် (drainage capacity) သည် ၁၉၇၅ ခုနှစ်မှ စတင်၍ ယနေ့တိုင်အောင် နှစ်ပေါင်း ၄၀ နီးပါး ကာလ အတွင်းတွင် ၃၀ ရာခိုင်နှုန်းခန့် လျော့နည်း ကျဆင်းခဲ့သည်ဟု သိရပါသည်။
ဤကဲ့သို့ နိမ့်ကျ နစ်ဝင်လျက်ရှိသော မက္ကဆီကိုစီးတီး မြို့ပြဒေသကြီးအား ရေတွင် ပေါလောပေါ်(afloat) စေနိုင်မည့် ပရိုဂျက်ပေါင်း များစွာကို ရေးဆွဲ စီမံပြီး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ အရှေ့ပိုင်း ရေဆင်း ရေနှုတ်လိုဏ်ခေါင်း (Eastern Drainage Tunnel) စီမံကိန်းလည်း တစ်ခု အပါအဝင် ဖြစ်သည်။
ယင်းရေနှုတ်လိုဏ်ခေါင်းသည် ၂၃ ပေ (၇ မီတာ) ကျယ်ပြီး အမေရိကန် ဒေါ်လာ ၁ . ၁ ဘီလျံ ကုန်ကျမည့် ပရိုဂျက် ဖြစ်သည်။ မက္ကဆီကိုစီးတီး မြို့ပြဒေသကြီး တစ်ခုလုံးမှ စွန့်ထုတ်သည့် ရေဆိုးရေပုပ်များကို မြို့ပြဒေသကြီး၏ မြောက်ဘက် မိုင် ၄၀ (၆၅ ကီလိုမီတာ) ခန့် ကွာဝေးသော နေရာသို့ စွန့်ပစ်သည့် စီမံကိန်း ဖြစ်ပါသည်။ အဆိုပါ အရှေ့ပိုင်း ရေဆင်းရေနှုတ် လိုဏ်ခေါင်းကို ၂၀၁၉ ခုနှစ်တွင် ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်၊ တိုင်းရင်းဗိသုကာ လက်ရာ အမွေအနှစ်တို့ကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး အတွက် အထောက်အကူ ဖြစ်စေမည့် လုပ်ငန်းများကိုလည်း လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။ ဥပမာ – သမိုင်းဝင်နယ်မြေ (Historic District)တွင် တည်ရှိ၍ နာမည်ထင်ရှား ကျော်ကြား လူသိများလှသည့် မက်ထရိုပိုလီတန် ဘုရားကျောင်းတော် (Metropolitan Cathedral) သည် မက္ကဆီကိုစီးတီး မြို့ပြဒေသကြီး၏ အဓိက ခရီးသည်ဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်သဖြင့် အခြားသော သမိုင်း၊ ယဉ်ကျေးမှု၊ ဗိသုကာ အမွေအနှစ်လက်ရာ အဆောက်အဦးများကဲ့သို့ပင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှုကို ခံထားရသည်။
အင်ဂျင်နီယာ ကျွမ်းကျင်ပညာရှင်များ၏ အလိုအရ ဆိုလျင် အကောင်းဆုံး အစီအမံများဖြင့် မည်မျှ ကြိုးပမ်း ဆောင်ရွက်စေကာမူ မက္ကဆီကိုစီးတီး မြို့ပြဒေသကြီးအား နိမ့်ကျ နစ်ဝင်နေမှု အန္တရာယ်မှ လွတ်ကင်းအောင် ဆောင်ရွက်ရန် ကိစ္စမှာ မဖြစ်နိုင်ကြောင်း၊ နည်းလမ်း မရှိကြောင်း သိရှိရပါသည်။ မက္ကဆီကိုစီးတီး မြို့ပြဒေသကြီးသည် စိုးရိမ်ဖွယ် ကောင်းသော နှုန်းတစ်ခု (an alarming rate)ဖြင့် နိမ့်ကျလျက် ရှိသည်။ ဤမြို့တော်ကြီးကို ခရစ်သက္ကရာဇ် ၁၅၀၀ ပြည့်နှစ်များအတွင်းက အက်(ဇ)တက်လူမျိုးများ (Aztecs) သည် ရေအိုင်တစ်အိုင်၏ အလယ်တွင်ရှိသော ကျွန်းတစ်ကျွန်းပေါ်တွင် တည်ဆောက်ထားခဲ့ကြသည်။
ထိုအချိန်ကတည်းကပင်စတင်၍ ရေကြီး ရေလျှံမှု (Flooding) သည် မက္ကဆီကိုစီးတီးအတွက် အဓိက ပြဿနာကြီး တစ်ရပ်အနေဖြင့် ယနေ့တိုင်အောင် ရပ်တည်လာခဲ့ပေသည်။ ရေကြီး ရေလျှံမှု ပြဿနာကို ထိန်းချုပ်ရန် ကြိုးပမ်းအားထုတ်မှု မှန်သမျှသည် အရာထင်ခဲ့ခြင်း မရှိခဲ့ပါချေ။ ထိုအပြင် မက္ကဆီကို စီးတီး၏ မြို့ပြလူဦးရေ တိုးပွား များပြားလာသည်နှင့် အမျှ ရေကြီး ရေလျှံမှု ပြဿနာမှာလည်း တစ်နေ့တစ်ခြား ကြီးမားလျက်ရှိပါသည်။ မက္ကဆီကိုစီးတီး မြို့ပြဒေသကြီး၏ အစိတ်အပိုင်းများသည် အောက်သို့ နိမ့်ကျ နစ်ဝင်လျက်ရှိပါသည်။