
ကမ္ဘာပေါ်၌ ရေခဲထုအများဆုံးနေရာသည် တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်ဖြစ်ပြီး ရေခဲထု ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင်မူ ရေခဲထု ကုဗကီလိုမီတာ ၈၀၀၀ ခန့်ရှိသည်။
ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တည်ရှိရာ ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ(Hindu Kush Himalayas (HKH)) တောင်တန်းများပေါ်ရှိ ရေခဲထုသည် ကုဗကီလိုမီတာ ၇၆၀၀ ခန့်ရှိသဖြင့် ယင်းဒေသကို တတိယဝင်ရိုးစွန်းဟုလည်း တင်စားခေါ်ဝေါ်ကြသည်။
တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲသည် သောက်သုံးရေအတွက် တိုက်ရိုက်အသုံးမဝင်သော်လည်း ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲထုမှ ပျော်ဆင်းလာသောရေများသည်မူ အာရှတိုက်ရှိ မြစ်ကြီးဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါမြစ်တို့ ဖြတ်သန်းစီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀ ကို သောက်သုံးရေပေးဝေလျက် ရှိသည်။
ယင်းမြစ်ဆယ်စင်းမှာ တာရင်(Tarim)၊ အမူဒါရိယာ(Amu Darya)၊ အိန္ဒု၊ ဂင်္ဂါ၊ ဗြဟ္မပုတ္တရ၊ ဧရာဝတီ၊ သံလွင်၊ မဲခေါင်၊ ယန်စီနှင့် မြစ်ဝါမြစ်များ ဖြစ်ကြပြီး ယင်းမြစ်များသည် ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မစ်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒက်ရှ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းကြသည်။
တတိယဝင်ရိုးစွန်း သို့မဟုတ် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်တွင် ရေခဲမြစ်ပေါင်း ၆၀၀၀၀ ခန့်ရှိကာ ယင်းရေခဲမြစ်များ၏ အကျယ်အဝန်း စုစုပေါင်းသည် စတုရန်းကီလိုမီတာ ၇၀၀၀၀ ခန့်ရှိသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့ရေခဲပြင်များ ပုံမှန်ထက်များစွာပို၍ အရည်ပျော်လာလျက်ရှိရာ ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ ရေခဲပြင်များလည်း အပါအဝင်ဖြစ်သည်၊ ၁၉၇၀ နှင့် ၂၀၀၀ ပြည့်နှစ်ကြား နှစ်ပေါင်း ၃၀ ကာလအတွင်း အရည်ပျော် ပျောက်ကွယ်သွားသော တရုတ်ပိုင်နက်ထဲရှိ ရေခဲပြင်များ၏ အကျယ်အဝန်းသည် ထိုင်းနိုင်ငံ အကျယ်အဝန်းနှင့် ညီမျှသည်ဟု ဆိုသည်။
ရေခဲပြင်များ ကျုံ့ဝင်သေးငယ်လာနေသဖြင့် မြစ်ဆယ်စင်းတို့ကို မှီခိုနေရသူတို့အတွက် ရေအခက်အခဲနှင့် ကြုံကြရမည်။
မြစ်ဆယ်စင်းနှင့် လူဦးရေသိပ်သည်းမှုကို ဖော်ပြသော ပူးတွဲပုံအရ ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ ရေခဲပြင် အရည်ပျော်မှုကြောင့် သောက်သုံးရေ အများဆုံးအခက်တွေ့မည့်နိုင်ငံများမှာ ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါနှင့် တရုတ်တို့ ဖြစ်သည်။
မြန်မာ့မြစ်နှစ်စင်းဖြစ်သော ဧရာဝတီနှင့် သံလွင်တို့ မြစ်ဖျားခံရာသည် ဟိမဝန္တာရေခဲပြင်နှင့် ဆက်စပ်နေရာ ဧရာဝတီနှင့် ဆက်စပ်သည့် ရေခဲမြစ်အကျယ်အဝန်းမှာ ၃၅ စတုရန်းကီလိုမီတာ ရှိပြီး သံလွင်နှင့် ဆက်စပ်သည့် ရေခဲမြစ် အကျယ်အဝန်းမှာ ၁၃၅၂ စတုရန်းကီလိုမီတာ ရှိကြောင်း သိရသည်။ အကယ်၍သာ ဆိုင်ရာရေခဲပြင်များ လုံးဝပျောက်ကွယ်သွားလျှင် သံလွင်မြစ်အပေါ်ပိုင်း (တရုတ်နိုင်ငံထဲရှိအပိုင်း)တွင် ရေစီးပမာဏ ၂၆ ရာခိုင်နှုန်းမှ ၃၆ ရာခိုင်နှုန်းအထိ လျော့နည်းမည်ဟု ဆိုသည်။ သံလွင်မြစ်အောက်ပိုင်း (မြန်မာနိုင်ငံထဲရှိအပိုင်း)တွင်မူ ထိုမျှမများသော်လည်း အတိုင်းအတာတစ်ခုအထိတော့ နည်းသွားနိုင်သည်။
ဧရာဝတီအပေါ်သက်ရောက်မှုကို မသိရသော်လည်း ယင်းနှင့် ဆက်စပ်နေသော ရေခဲမြစ်ဧရိယာသည် သံလွင်နှင့်စာလျှင် နည်းသဖြင့် ပြောပလောက်အောင် ထိခိုက်မည်မဟုတ်ဟု ယူဆနိုင်သည်။
ကိုးကား –
No Water, No Growth – Does Asia have enough water to develop?
China Water Risk Published: September 2018