သံဓာတ်(Iron; Fe++)သည် မြေအောက်ရေ၊ စက်ရေတွင်းများတွင် အများဆုံးတွေ့ရသည့် ဓာတ်တစ်မျိုးဖြစ်ပြီး ရေပိုက်များ ရေညှိတက်ခြင်း၊ ရေချိုးတက်ခြင်းများကို ဖြစ်စေသည့် အဓိကတရားခံ ဖြစ်ပါသည်။ သံဓာတ်ပျော်ဝင်မှု များသော ရေအရောင်သည် အဝါရောင်၊ လိမ္မော်ရောင်၊ သံချေးရောင် စသည်ဖြင့် တွေ့ရပါသည်။ အနံ့ရှိပြီး အနက်ရောင်၊ ညိုညစ်ညစ်အရောင် အစွန်းအထင်းများ ဖြစ်စေပါသည်။ ထမင်းချက်လျှင် အရောင် မဖြူဖွေးပါ၊ သံဓာတ်များသောရေဖြင့် တည်သော ရေနွေးကြမ်းသည် သောက်၍ မကောင်းပါ။ သို့သော် ကျန်းမာရေးကို မထိခိုက်နိုင်ပါ။
သံဓာတ်စစ်ဆေးနည်း
အထက်ပါလက္ခဏာများရှိသည့် စက်ရေတွင်း(အဝီစိတွင်း)ရေတွင် သံဓာတ် ပါ၊ မပါ သေချာစွာ သိနိုင်ရန် ကျွမ်းကျင်သူများဖြင့် ရေနမူနာ ရယူကာ ဓာတ်ခွဲခန်းသို့ပို့၍ စမ်းသပ် စစ်ဆေးခြင်းဖြင့် တိကျသည့်အဖြေကို ရရှိနိုင်ပါသည်။ ဓာတ်ခွဲခန်းပို့ရန် အဆင်မပြေလျှင် တွင်းရေကို မြန်မာ လက်ဖက်ခြောက်၊ လက်ဖက်ရည်ကြမ်းခွက်ထဲသို့ အတော်အသင့် သွန်ထည့်ကြည့်ပါ။ ရေနွေးကြမ်းရေ အနည်းငယ် ညိုမည်းသွားပါက သတ်မှတ်အဆင့်ထက် သံဓာတ် နှစ်ဆ သုံးဆခန့်၊ ညိုမည်းသွားပါက သတ်မှတ်အဆင့်ထက် ငါးဆမှ ခုနစ်ဆခန့် ပိုနေသည်ဟု မှတ်ယူနိုင်ပါသည်။
သောက်သုံးရန်သင့်သောရေအတွက် သံဓာတ်သတ်မှတ်ချက်မှာ ၀ . ၃ – ၁ . ၀ ပီပီအမ်(ppm)ဖြစ်ပါသည်။ (ရေထုထည် တစ်လီတာလျှင် သံဓာတ် ၀ . ၃ – ၁ . ၀ မီလီဂရမ်ထက် ပိုမပါသင့်)
သံဓာတ်ကို ရေတွင် သံအောက်ဆိုက်အနေနှင့် အတွေ့များပါသည်၊ ဖဲရပ်စ်အောက်ဆိုက် (Ferrous-oxide, Fe 203) နှင့် ဖဲရစ်အောက်ဆိုက် (Ferric-oxide, Fe304) ဟူ၍ သံအောက်ဆိုက်နှစ်မျိုးရှိရာ ဖဲရပ်စ်အောက်ဆိုက် အနေနှင့် အတွေ့ရများပါသည်။ သံဓာတ်ကို မက်ဂနိ(စ်) (Manganese; Mn) နှင့်လည်း တွဲ၍တွေ့ရတတ်သည်။
ရေချိုးနှင့်သံကြေး(ချေး)
ရေနမူနာစစ်ဆေးချက်တွင် အောက်ပါအချက်များကိုကြည့်၍ သံဓာတ်ကြောင့် ရေချိုး(incrustation) တက် မတက်ကို သိရှိနိုင်ပါသည်။
(၁) ပီအိပ်(ချ်)တန်ဖိုး ၇ ထက် ကျော်လွန်နေခြင်း
(၂) ရေစေးအဆင့် (calcium hardness) သည် သတ်မှတ်အဆင့် ၂၀၀ ထက် ကျော်လွန်နေခြင်း
(၃) သံဓာတ်ပါဝင်နှုန်း ၁ – ၃ ပီပီအမ်ထက် ကျော်လွန်နေခြင်း
(၄) မက်ဂနိ(စ်) ၀ .၀၂ ပီပီအမ်ထက် ကျော်လွန်နေခြင်း
(၅) ဆလ်ဖိတ် (Sulfates) ပျော်ဝင်မှုသည် ၅၀ ပီပီအမ်ထက် ကျော်လွန်နေခြင်း
(၆) ဖော့စဖောရပ်(စ်)သည် ၁ ပီပီအမ်ထက် ကျော်လွန်ခြင်း
ရေနမူနာစစ်ဆေးချက်တွင် အောက်ပါအချက်များကိုကြည့်၍ သံဓာတ်ကြောင့် ရေပိုက်နှင့် ဆက်စပ်ပစ္စည်းများ သံကြေးတက်မတက်(corrosivity) သိရှိနိုင်ပါသည်။
(၁) စုပေါင်း ပျော်ဝင်နေသော အနယ်အနှစ်များ (Total Dissolved Solids/TDS) သည် ၆၀၀ ပီပီအမ်ထက် ကျော်လွန်နေခြင်း
(၂) ပီအိပ်(ချ်)တန်ဖိုး ၇ ထက် လျော့နည်းနေခြင်း
(၃) အောက်စီဂျင်ပျော်ဝင်နှုန်း (Dissolved Oxygen) ၂ ပီပီအမ်ထက်ကျော်လွန်နေခြင်း
(၄) ကယ်လ်စီယံကာဘွန်နိတ် (CaCo3) သည် ၅၀ ပီပီအမ်ထက် ကျော်လွန်နေခြင်း
(၅) ကလိုရိုက် (Cl) သည် ၅၀၀ ပီပီအမ်ထက် ကျော်လွန်နေခြင်း
မဟာရန်ကုန် တိုးချဲ့မြို့သစ်များအပါအဝင် နိုင်ငံတစ်ဝန်း မြေအောက်ရေသုံးစွဲသူ အတော်များများသည် သံဓာတ်ပါဝင်သော မြေအောက်ရေကို သောက်သုံးရေအဖြစ် အသုံးပြုနေကြရပါသည်။ အချို့တွင်းများတွင် သံဓာတ်ပျော်ဝင်မှု ၃ ပီပီအမ်အထက်တွင် ရှိပြီး အချို့နေရာများတွင် ၇ ပီပီအမ်အထက် ရှိပါသည်။
မြေအောက်ရေတွင် ပျော်ဝင်နေသော သံဓာတ်ကို လေနှင့် ထိတွေ့ဓာတ်ပြုစေခြင်း (Aeration)၊ ကာဘွန် (Carbon / C) ဖြင့် စုပ်ယူခြင်း (Absorption)၊ ကျောက်စရစ်ဖြင့် အနည်စစ်ခြင်း (Filtration) စသောနည်းများဖြင့် သန့်ရှင်းကြည်လင်ပြီး သောက်သုံး၍ ရသည်အထိ လျှော့ချနိုင်ပါသည်။
စာရေးသူ လုပ်ဆောင်ခဲ့သော မြေအောက်ရေတွင် ပျော်ဝင်နေသည့် သံဓာတ်ဖယ်ရှားပေးသော ယူနစ်ကို ဖော်ပြအပ်ပါသည်။ ယင်းစနစ်ကို တောင်ဒဂုံမြို့သစ် ကိုရီးယားလူမျိုးများ ငှားရမ်း နေထိုင်သည့်အိမ်၌ ၂၀၀၀ တပ်ဆင်ပေးခဲ့ပါသည်။ သံဓာတ်ပါဝင်မှု ၁၀ ပီပီအမ်ရှိသောရေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်အဆင့် ၁ ပီပီအမ် ရအောင် လျှော့ချနိုင်ခဲ့ပါသည်။
သံဓာတ်ဖယ်ရှားပေးသောယူနစ် (Iron Removal Unit (IRU)) ပြုလုပ်တပ်ဆင်နည်း

(၁) တိုက်ခန်း အိမ်ခန်းသုံး သံဓာတ်ဖယ်ရှားပေးသော ရေစစ်ကိရိယာ ပြုလုပ်ပုံ
၁။ အဝန်း ၁၈ လက်မ အမြင့် ၁၀ လက်မရှိ သံပုံး ၁ လုံး၊ အဝန်း ၁၈ လက်မ အမြင့် ၂၄ လက်မရှိ သံပုံး ၁ လုံး၊ အဝန်း ၁၈ လက်မ အမြင့် ၁၄ လက်မရှိ သံပုံး ၁ လုံး စုစုပေါင်း သံပုံး ၃ လုံး ပြုလုပ်ပါ။ ပထမ ၂ လုံး၏ အောက်မျက်နှာပြင်ကို ပုံပါအတိုင်း အပေါက်ငယ်လေးများ (၁၆ ပိုင်း ၁ ပိုင်း လက်မ အရွယ် အပေါက်များ) ဖောက်ပါ (သံဖြူဆိုင်၌ ပြုလုပ်ခိုင်းရပါမည်)။
၂။ ပုံပါအတိုင်း သံချောင်း ၃ ချောင်းထောက် (သို့) ၄ ချောင်းထောက်စင် ၁ ခုလည်း ပြုလုပ်ပါ။ စင်၏ ပထမဆင့်သည် အောက်ခြေမှ ၂၀ လက်မ ကွာရပါမည်။ ပထမဆင့်နှင့် ဒုတိယဆင့်သည် ၃၄ လက်မ ကွာရပါမည်။
၃။ ပုံး (၂) ထဲသို့ ပုံတွင် ပြထားသည့်အတိုင်း ကျောက်စရစ်၊ စပါးခွံမီးသွေး၊ အုန်းဆံဖတ်တို့ကို ထည့်ပါ။ (အဆိုပါ ပစ္စည်း တစ်မျိုးချင်း၏ အောက်တွင် နိုင်လွန်ဇာများ ခံပေးရပါမည်)
၄။ ထိုကိရိယာကို လေကောင်းစွာရမည့် လသာဆောင်၊ ဝရန်တာ စသည့် အခန်းအပြင် (Open space) တွင်ထားရပါမည်။ အိမ်ခန်းထဲ၌ ထား၍ မဖြစ်ပါ။
၅။ သံပုံး (၁) ထဲသို့ သံဓာတ်ပါသည့် ရေလောင်းထည့်ပါ။ ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ (လက်နှိပ်တုံကင်သုံး ရေတွင်းများအတွက် ပိုကောင်းပါသည်)
၆။ အောက်ဆုံး သံပုံးထဲသို့ သံဓာတ် ဖယ်ထုတ်ထားသော ရေများ ကျဆင်းလာမည်။ သောက်သုံး၍ ရနေပါမည်။ (ပုံပါအတိုင်း ရေထွက်ပေါက် တစ်ခုဖောက်၍ ရေပိုက်ခေါင်း တစ်ခု တပ်ရပါမည်။) ရေပိုက်ခေါင်း တပ်ဆင်ရာတွင် ရေပိုက်ခေါင်းနှင့် သံပုံးကြား ရေမယိုစိမ့်နိုင်အောင် အတွင်းအပြင် ဝါရှာ ၂ ခု၊ (အတွင်းတစ်ခု၊ အပြင်တစ်ခု) ခံရပါမည်။ ရေပိုက်ခေါင်း ခိုင်ခံ့စေရန် ရေတိုင်ကီအတွင်းမှ အရစ်ပါသော ပီဗီစီ ပိုက်အတိုတစ်ခုနှင့် ရေပိုက်ခေါင်းတို့ ဆက်ရန် ဖြစ်ပါသည်။)
၇။ ပြုပြင်ထိန်းသိမ်းနည်း၊ သံပုံး(၂) ထဲရှိ အုန်းဆံမျှင်များ မည်းလာပါက အသစ်လဲရန်၊ စပါးခွံမီးသွေး အပေါ်ပိုင်းသည် သံချေးရောင် အနည်များ ဖြစ်လာပါက ထိုနေရာတစ်ဝိုက်ရှိ စပါးခွံမီးသွေးကို အသစ်လဲပစ်ရပါမည်။
(၂) မိမိအိမ်ဝင်းအတွင်း စက်ရေတွင်းအနီး ပြုလုပ်ပုံ (Outdoor Type)

၁။ အလျား ၆ ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ ရှိ မြေပေါ်အုတ်ကန်တစ်ခုကို စက်ရေတွင်းနှင့် အနီးဆုံး နေရာတွင် ဆောက်ပါ။ (အနည်းဆုံး ၅ ပေ ခွာ၍ ဆောက်လုပ်သင့်ပါသည်။) (ရေစစ်တိုင်ကီမှ ကျလာသော ရေသန့် ခံယူသိုလှောင်ရန် ဖြစ်ပါသည်။)
၂။ အလျား ၄ ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ အရွယ် ရေတိုင်ကီတစ်ခုပြုလုပ်ပါ။ သွပ်ပြားနှင့် ပြုလုပ်ရမည် ဖြစ်ပါသည်။ ရေတိုင်ကီကို ခိုင်ခံ့အောင် အန်ကလ်ဘား (Angle bar)နှင့် ဘောင် ပြုလုပ်ရပါသည်။ သံဖြူဆိုင်က ရေတိုင်ကီ ပြုလုပ်သည့်သူများ နားလည်ပါသည်။ ပုံပါအတိုင်း ပီဗီစီပိုက် တစ်လက်မခွဲအရွယ် အပေါက် ၃ ပေါက် ပြုလုပ်ခိုင်းပါ။ (ထို့နောက် အောက်ပါအတိုင်း ဆက်လက်ပြုလုပ်ပါ)
၂။ (က) ၁ လက်မခွဲအရွယ် ပီဗီစီပိုက် ၁ ပေ အရှည်ကို လက်ကိုင်သံလွန် (Hand Drill) ဖြင့် ပတ်ပတ်လည် အပေါက်များ ဖောက်ပါ။ တစ်ပေါက်နှင့် တစ်ပေါက်၊ လေးပိုင်း သုံးပိုင်း လက်မ ကွာဝေးရပါမည်။ အပေါက်အရွယ်အစားမှာ တစ်မတ်အရွယ် (လေးပိုင်း တစ်ပိုင်း လက်မ) ခန့်ရှိသော အပေါက်ငယ် အနည်းဆုံး ၃၀ ခန့် ရှိရပါမည်။ စုစုပေါင်း ၃ ခု ပြုလုပ်ရပါမည်။
၂။ (ခ) အပေါက်ငယ်လေးများ ဖောက်ပြီးသော ပီဗီစီပိုက်များ၏ တစ်ဖက်စီကို ပီဗီစီအဖုံး (PVC Cap) တစ်ခုစီဖြင့် ရေပိုက်သုံးကော် (ပီဗီစီဂလူး)သုံး၍ ပိတ်ပါ။ ကျန်တစ်ဖက်စီကို အတွင်းရစ်ပါသော အမ ဆော့ကက် (PVC Socket / Female) တစ်ခုစီဖြင့် ရေပိုက်သုံးကော် (ပီဗီစီဂလူး) သုံး၍ တွဲဆက်ပါ။
၂။ (ဂ) နိုင်လွန်ကာ (နိုင်လွန်ဇာ) ဖြင့် ထိုပိုက်တစ်ခုစီကို ၂ ထပ်ခန့် ပတ်၍ အုန်းဆံကြိုး (သို့) ဂုန်နီကြိုးနှင့် စည်းထားပါ။
၂။ (ဃ) အထက်အပိုဒ်ပါအတိုင်း ပြုလုပ်ပြီးပါက ထိုပိုက်များကို ရေတိုင်ကီအတွင်း အောက်ခြေမှာ ရေထွက်ပေါက် ၃ ပေါက် ဖောက်ထားသော နေရာများတွင် အတွင်းရစ်ပါသော ဆော့ကက် (PVC Socket /Female) တစ်ခုစီကို ရေတိုင်ကီ အပြင်ဘက်က အပြင်ရစ်ပါသော အဖိုဆော့ကက် (PVCSocket / Male) တစ်ခုစီနှင့် အတွင်းအပြင်၌ ဝါရှာခံပြီး ဆီးလ်တိပ်သုံး၍ တင်းကြပ်နေအောင် တွဲဆက်ပါ။ ပိုက်ဂိုက် အသုံးပြုရပါမည်။ (ထိုအကူးအဆက် ရေမယိုရန် အရေးကြီးပါသည်)
၂။ (င) ထို့နောက် တိုင်ကီအပြင်မှာ ဆော့ကက်နှင့် ပီဗီစီအလ်ဘိုး (Elbow)ကို အတွင်းက ပီဗီစီပိုက်တို (၂ လက်မခွဲ အရှည်ခန့်) တစ်ခုစီခံ၍ ဆက်ပါ (ပုံတွင် ပြထားပါသည်)
၂။ (စ) စက်ရေတွင်းမှ ရေတင်စက်နှင့် မောင်းတင်သည့် ရေကို ရေပန်းဆန်ကာဖြင့် ရေစစ်ကန်သို့ ကျဆင်းစေရပါမည်။ သို့ပါ၍ ရေပန်းတစ်ခု ပြုလုပ်ရပါမည်။ ပြုလုပ်ပုံမှာ ရေထွက်ပိုက်နှင့် အရွယ်တူ (same size) ပီဗီစီပိုက်အတို ၄ ချောင်း (အရှည်၊ လက်မ ၂၀ – ၂ ချောင်း။ လက်မ ၁၄ – ၂ ချောင်း ဖြတ်ပါ။ အဆိုပါ ပိုက် ၄ ချောင်းကို ၈ ပိုင်း ၁ ပိုင်း လက်မအရွယ် အပေါက်များ၊ အတန်းလိုက် ၃ တန်း ဖောက်ပါ။ တစ်ပေါက်နှင့်တစ်ပေါက် အန်လွဲ လက်မဝက် ကွာရပါမည်။ (ပိုက်၏တစ်ဖက်တစ်ချက် ၂ လက်မစီ ချန်၍ ဖောက်ပါ။ ရေပန်းပုံကြမ်းနှင့်ရေကျပိုက် အပေါက်ပုံကို ပုံကြီးနှင့် တွဲဖော်ပြထားသည်)
မှတ်ချက် ။ ပီဗီစီပိုက် ၁ လက်မခွဲအရွယ် ပေ ၂၀ တစ်ချောင်း (ပိုက်ပေအရှည်ကို မိမိ လိုအပ်သလောက် ဝယ်ယူရမည် ဖြစ်ပါသည်) နှင့် sockets, elbows, seal tapes, union, washers, etc.. pipe wrench ဆော့ကက်၊ အလ်ဘိုး၊ ဆီလ်းတိပ်၊ ယူနီယံ၊ ဝါရှာ စသည့် ရေပိုက်လုပ်ငန်းသုံး ပစ္စည်း အပြည့်အစုံ ဝယ်ယူရမည် ဖြစ်ပါသည်။
၃။ ကျောက်စရစ် (တစ်မတ်အရွယ်)ကို အုတ်သဲကျောက် ရောင်းသော နေရာမှ ဝယ်ပါ (အဆိုပါ ကျောက်စရစ်ကို ရေစင်ကြယ်စွာ ဆေးကြောပြီး ပီနံအိတ်များနှင့် ထည့်ထားပါ။ (ပြုလုပ်ပြီး ရေတိုင်ကီကို ပထမ တပ်ဆင်လိုသည့်နေရာသို့ သယ်ယူပြီး အုတ်ကန်ပေါ်၌ အထိုင်ကျအောင် ပြုလုပ်ပါ။ ထို့နောက် သံရေတိုင်ကီထဲသို့ ထိုကျောက်စရစ်ကို အောက်က နိုင်လွန်ဇာခံ၍ ထည့်ပါ။ ကျောက်စရစ်ထု ၆ – ၈ လက်မခန့် ထူအောင် ထည့်ပါ)
၄။ စပါးခွံမီးသွေး (အရပ်အခေါ် – အိုးတိုက်ဖွဲပြာ (တစ်မီးကျ) မှတ်ချက် – ပြာများ မပါစေရ)ကို ဝယ်ပါ။ ပီနံအိတ်ကြီးကြီး ၄၊ ၅ လုံးခန့် ဝယ်ရပါမည်။ ကျောက်စရစ်လွှာနှင့် စပါးခွံမီးသွေး ကြားတွင်လည်း နိုင်လွန်ဇာ ၂ ထပ်ခံက ပိုကောင်းပါသည်။ စပါးခွံမီးသွေးကို ရေတိုင်ကီအပေါ်ပိုင်း ၆ လက်မအလိုထိ ဖြည့်ပါ။
၅။ အုန်းဆံဖတ် (အမျှင်များ) (အုန်းဆံဖတ်နှင့် အတူရှိသည့် အဖတ်များ မပါရပါ။ ထိုအဖတ်များသည် ရေသန့်စင်ရာတွင် ကောင်းကျိုးထက် ဆိုးကျိုးသက်ရောက်စေပါသည် (ရေကိုစေးစေပါသည်။) ထို့ကြောင့် အုန်းဆံအမျှင်များသာ ရယူရန် ဖြစ်ပါသည်။ (အုန်းတံမြက်စည်း အမျှင်များများ ရယူရန် ဖြစ်ပါသည်။) (အုန်းဆံမျှင်ကို ပီနံအိတ် (ပုံမှန်အရွယ်) ၃၊ ၄ အိတ်ခန့် ဝယ်ရပါမည်။ အဆိုပါ အုန်းဆံမျှင်ကို အမှုန်အမွှားများ ကင်းစင်အောင် ပြုလုပ်ပြီး နိုင်လွန်ဇာဖြင့် ခေါင်းအုံးပုံ ချုပ်ရပါမည်။ ခေါင်းအုံးအရွယ်မှာ အလျား ၂ ပေ ၆ လက်မ၊ အနံ ၁၄ လက်မ၊ အမြင့် ၄ – ၆ လက်မခန့် ဖြစ်ရပါမည်။
၆။ အုန်းဆံမျှင် ခေါင်းအုံးကို အပေါ်ဆုံးက တင်ပါ။ ထိုခေါင်းအုံးသည် စက်ရေတွင်းက လာသော ရေပန်း (ရေပိုက်အောက်တွင် ရှိနေရပါမည်။)
၇။ လိုအပ်သော ပစ္စည်းများ အပြည့်အစုံ စုဆောင်းရရှိပြီးပါက စက်ရေတွင်းနှင့် အနီးဆုံးနေရာသို့ ထိုပစ္စည်းများအားလုံး သယ်သွားပါ။ ပထမ ရေတိုင်ကီကို အုတ်ကန်ပေါ်သို့ တင်ပါ။ အုတ်ကန်နှင့် ရေတိုင်ကီ ကြားတွင် သစ်သားချောင်း (၄ -၂ လက်မ ၃ ပေ ၂ ချောင်း)များ ခံရပါမည်။ အုတ်ကန်အပေါ်တွင် ရေစစ်သံတိုင်ကီ အထိုင်ကျပြီးဖြစ်ပါက အထက်အပိုဒ်များပါအတိုင်း တစ်ခုပြီးတစ်ခု တပ်ဆင်ရပါမည်။
၈။ စက်ရေတွင်းမှ ရေကို ရေသန့်စင်ယူနစ်သို့ မပို့လွှတ်မီ ရေနမူနာ ယူထားပါ။
စ။ စက်ရေတွင်းမှ ရေကို မောင်းတင်ပြီး ရေစစ်ကန်သို့ ဖြည်းဖြည်းချင်း ရေပန်းပုံစံ (Sprinkler) ရေကျဆင်းပါစေ။ (မှတ်ချက် – ရေပန်းရေပိုက်နှင့် အုန်းဆံမျှင်ခေါင်းအုန်းတို့ အကွာအဝေးသည် ၁ ပေ၊ ၁ ပေခွဲ ခန့် ရှိရပါမည်။)
ဆ။ စောင့်ဆိုင်းချိန် ၁၅ မိနစ် ၂၅ မိနစ်ခန့် ကြာပြီးနောက် ရေစစ်ကန် အောက်ခြေရေထွက်ပိုက်မှ ရေကျလာမည် ဖြစ်သည်။ ကနဦး ကျလာသော ရေသည် အမည်းရောင် ဖြစ်နေနိုင်ပါသည်။ ထိုရေကို မရယူပါနဲ့။ ဘေးသို့ ထုတ်ပစ်ပါ။ နောက် တဖြည်းဖြည်းချင်း ရေကြည်များ ကျဆင်းလာမည် ဖြစ်ပေသည်။ ရေကြည်ကို ရေသန့်ပုလင်းဖြင့် ရယူ၍ ရေစမ်းသပ် ဓာတ်ခွဲကြည့်ပါ။ သံဓာတ်လျော့နည်းသွားသည်ကို တွေ့ပါမည်။ ရေနွေးကြမ်း ကျိုသောက်ကြည့်ပါ။
စာရေးသူ အတွေ့အကြုံအရ မြေအောက်ရေတွင် ပျော်ဝင်နေသော သံဓာတ် ၁၀ ပီပီအမ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်အဆင့် ၀ . ၅ – ၁ . ၀၀ ပီပီအမ်အထိ လျှော့ချနိုင်ပါသည်။ (ရေနွေးကြမ်း ကျိုသောက်ကြည့်ပါ။ လက်တွေ့ကောင်းကျိုးရပါမည်။ ရေသန့်ဝယ်ရသည့် ငွေကုန်ကျစရိတ် သက်သာလာပါမည်။)
အထက်ပါနည်းကို စာရေးသူ၏ ကျေးဇူးရှင် ကွယ်လွန်သူ ဆရာကြီးဦးငွေသိန်း (Retired Water Supply Officer / UNICEF အပူပိုင်းဒေသ၊ ကျေးရွာရေရရှိရေး စီမံကိန်း၊ အငြိမ်းစားပါမောက္ခ၊ ဘူမိဗေဒဌာန၊ ရန်ကုန်စက်မှုတက္ကသိုလ်) (Groundwater Guru) က လက်တွေ့ သင်ကြား ပြသပေးခဲ့ပြီး စာရေးသူနှင့်အတူ (၁၉၉၉-၂၀၀၃) ခုနှစ်အတွင်း မဟာရန်ကုန် တိုးချဲ့ မြို့သစ်များရှိ အိမ်ရာများ၊ ရေနှင့် ဆက်နွှယ်သောဌာန စက်ရုံ အလုပ်ရုံများတွင် တပ်ဆင် လုပ်ဆောင် ပေးခဲ့သောနည်း ဖြစ်ပါသည်။ (ကျွန်တော်၏ ကျေးဇူးရှင်ဆရာကို ဤဆောင်းပါးဖြင့် ကန်တော့ပါသည်။)
ရေသည် ကမ္ဘာလောကသား အားလုံးအတွက် မရှိမဖြစ် အခြေခံ အလိုအပ်ဆုံးသော အရာ ဖြစ်ပါသည်။ ထို့ကြောင့် မြေအောက်ရေကို အဆိပ်အတောက်၊ ရောဂါပိုးမွှားများ ပျော်ဝင်ညစ်ညမ်းမှုမရှိအောင် စဉ်ဆက်မပြတ် ဆက်လက် စောင့်ရှောက် ထိန်းသိမ်းထားရမည် ဖြစ်ပါသည်။ သို့မှသာ လူသားအားလုံးအတွက် အလိုအပ်ဆုံးသော သောက်သုံးရေကို အမြဲရယူ သုံးစွဲနိုင်မည် ဖြစ်ပေသည်။ ရေကြောင့် စိတ်ဆင်းရဲမှုမှ ကင်းကြပါစေ။
Thanks you for your time.
LikeLike