၁။ စကားဦး
ကျွန်တော် ငလျင်ပညာရှင် မဟုတ်ပါ။ သို့သော် မြေအောက်ရေနှင့် စက်ရေတွင်းဆိုင်ရာ လုပ်ငန်းများကို ကျေးရွာရေရရှိရေး ဝန်ထမ်းဘ၀ (၁၉၈၀-ခုနှစ်)ကစ၍ စဉ်ဆက်မပြတ် လေ့လာမှတ်သား လုပ်ကိုင်ခဲ့ပါသည်။ မြေအောက်ရေနှင့် စက်ရေတွင်းများ ဆိုင်ရာ အတိုင်ပင်ခံ၊ အကြံပေးအလုပ်များကို လုပ်ကိုင်နေဆဲဖြစ်ပါသည်။ ရေအရေးဆိုင်ရာ ဆောင်းပါးများကို ပြည်သူများအတွက် ဂျာနယ်၊ စာစောင်များ၊ အင်တာနက် စာမျက်နှာများတွင် အခါအားလျော်စွာ ရေးသားပါသည်။ ဤဆောင်းပါးသည် ငလျင်ကြောင့် မြေအောက်ရေနှင့် စက်ရေတွင်းများ၌ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နိုင်သည့် အန္တရာယ်များကို ရေးသားထားခြင်းဖြစ်ပါသည်။
၂ ။ ငလျင်နှင့်မြေအောက်ရေ
၂-၁။ ငလျင်သည် ကမ္ဘာမြေကြီး၏ အပေါ်မျက်နှာပြင် တုန်လှုပ်မှု၊ တုန်ခါမှုပင် ဖြစ်သည်။ ငလျင်လှိုင်းသည် မြေတွင်းကျောက်ချပ်လွှာများ ပွတ်တိုက် တွန်းကန်အားကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။ ဘူမိဗေဒပညာရပ်ဆိုင်ရာ အခေါ်အဝေါ်အရ ပြတ်ရွေ့ (fault) ကျောများကို ဗဟိုပြု၍ ဖြစ်လေ့ရှိပါသည်။ (မြန်မာနိုင်ငံသည် ငလျင်ဘေးအန္တရာယ်မှ ရှောင်ကွင်း၍ မရပါ။ ငလျင်နှင့် ဘေးအန္တရာယ်အကြောင်းများကို ငလျင်ပညာရှင်များရေးသားထားသည့် စာစောင်၊ ဆောင်းပါး၊ စာအုပ်များ များစွာရှိပါသည်။)
၂-၂။ မြေအောက်ရေသည်ကမ္ဘာမြေမျက်နှာပြင်အောက် မြေလွှာ(သဲ၊ ကျောက်စရစ်၊ သဲဆန်သောမြေ) (Sand, Gravel, Sandy soil) စသည်တို့အတွင်း၌ သော်လည်းကောင်း ၊ ကျောက်လွှာ၊ ကျောက်ချပ်ကြား (Fractures / Rocks) များအတွင်း၌ သော်လည်းကောင်း ရေအောင်းလွှာအဖြစ် စိမ့်ဝင်ခိုအောင်းနေ၏။
၃။ ငလျင်ကြောင့် မြေအောက်ရေနှင့် ရေတွင်းများတွင် ဖြစ်ပျက်ပုံ (အကျိုးအပြစ်များ)
ငလျင်သည် ဘူမိဗေဒဆိုင်ရာ အချက်အလက်များကို အခြေခံပါသည်။ ငလျင်နှင့်ဇလဗေဒဆိုင်ရာ၊ ဇလဘူမိဗေဒဆိုင်ရာ အချက်အလက်များသည် ဆက်သွယ်နေကြသည်။ ကမ္ဘာအပေါ်ယံ မြေသားဆိုင်ရာ ဂုဏ်သတ္တိများလည်း မကင်းပေ။ ယင်းတို့ကို မြေအောက်ရေနှင့် စက်ရေတွင်းဆိုင်ရာ ဇလဘူမိဗေဒ ပညာရှင်များက လေ့လာသိရှိကြသည်။ အင်္ဂလန်နိုင်ငံ အခြေစိုက် သတ္တုတွင်းဆိုင်ရာ မြေအောက်ရေ လေ့လာရေးအဖွဲ့ကလည်း ငလျင်ကြောင့် ဇလဘူမိဗေဒဆိုင်ရာ မြေအောက်ရေ ပြောင်းလွဲမှုဖြစ်စဉ်ကို စူးစမ်း လေ့လာထားပါသည်။
ဒေးဗစ်ဟလ်အမ် (David Helms) ဆိုသူ အမေရိကန် ဘူမိဗေဒ၊ ဇလဘူမိဗေဒ စူးစမ်းလေ့လာရေး ပညာရှင်ကလည်း ငလျင်လှိုင်းအားသည် ရေခိုအောင်းနေသော မြေလွှာနှင့် ကျောက်ချပ်လွှာများကို ရွေ့လျားစေသောကြောင့် မြေအောက်ရေနှင့် ရေတွင်းများကို ထိခိုက်စေကြောင်း ဖွင့်ဆိုထားပါသည်။
ငလျင်လှုပ်ခတ်မှုကြောင့် မြေအောက်ရေကို အဓိက ဆိုးကျိုးကြီးနှစ်ခု ဖြစ်ပျက်စေနိုင်သည်။
ပထမအနေနှင့် မြေအောက်ရေ မျက်နှာပြင်( Water Level) ကို လှုပ်ခတ်စေပါသည်။ ဒုတိယအနေနှင့် မြေအောက်ရေ မျက်နှာပြင် အနိမ့်အမြင့်ကို ပြောင်းလွဲသွားစေပါသည်။ ယင်းတို့သည် ငလျင်မလှုပ်ခင်၊ လှုပ်နေစဉ်နှင့် လှုပ်အပြီးတွင် ဖြစ်ပျက်လေ့ရှိပါသည်။ (ထိုအဖြစ်အပျက်များသည် စက္ကန့်ပိုင်း မိနစ်ပိုင်းတွင်း ဖြစ်ပျက်သွား၏။ တခါတရံ ငလျင်ပြင်းအား အရှိန်မသေသေးပါက ထပ်မံဖြစ်တတ်ပါသေးသည်။)
ငလျင်မလှုပ်မီ ပြတ်ရွေ့ကျော(ပြတ်ရွေ့ဇုံ)(Fault Zone) နှင့်နီးသည့်နေရာတွေမှာ မြေတွင်းဖိအားကြောင့် မြေအောက်ရေမျက်နှာပြင် မြင့်လာသလို နိမ့်ကျသွားသည်လည်း ရှိ၏။ အမေရိကန် ဘူမိဗေဒ စူးစမ်း လေ့လာရေးဌာန၏ လေ့လာချက်အရ ငလျင်လှုပ်ရာ ဗဟိုရပ်ဝန်းက ပေထောင်သောင်း အကွာအတွင်း ငလျင်လှိုင်းပြင်းအား ပမာဏအလိုက် ရေတွင်းရေများ နောက်ကျိလာခြင်းသည် ငလျင်လှုပ်တော့မည့် အရိပ်အရောင်ကိုပြနေသည်ဟုဆိုပါသည်။
ပိတ်လှောင်မထားသော မြေအောက်ရေအောင်းလွှာ(unconfined aquifer)(သို့)ရေထွက်အားကောင်းသော ပိတ်လှောင်ထားသည့် မြေအောက်ရေအောင်းလွှာ (high permeability confined aquifer) များတွင် ထိုသို့ဖြစ်ပျက်မှုများ လျင်မြန်စွာ ဖြစ်ပေါ်လေ့ရှိပါသည်။ ထိုရေအရောင်ပြောင်းနေခြင်းသည် ခြောက်လ တစ်နှစ်ခန့်အထိ ရှိနေနိုင်ကြာင်း စဉ်ဆက်မပြတ်လေ့လာခြင်းကြောင့် သိရသည်။ (Brodsky et al 2003 )
ငလျင်လှုပ်နေစဉ်အတွင်း ငလျင်လှိုင်းအားကြောင့် မြေတွင်းတုန်ခါမှု ဖြစ်ပေါ်သည်နှင့် တပြိုင်တည်း မြေအောက်ရေအောင်းလွှာအတွင်း ရေဖိအားပြောင်းလွဲမှုကို ဖြစ်စေပါသည်။ ထိုအခါ မြေအောက် ရေမျက်နှာပြင် လှုပ်ခတ်လာပါသည်။ ငလျင်ပြင်းအား မြင့်မား၍ ငလျင်ဗဟိုချက်နှင့် မဝေးကွာပါက ဆိုးကျိုးသက်ရောက်မှု ပိုပါမည်။
ရေအောင်းသဲလွှာများသည် အချို့နေရာများတွင် ငလျင်လှိုင်းအားကြောင့် သိပ်သည်းကျစ်လျစ်သွားပြီး ရေခမ်းခြောက်သွားသည်။ အချို့နေရာများရှိ ရေအောင်းသဲလွှာများမှာ ကျစ်လစ်သိပ်သည်းမှု မရှိသည့် ကျေမွလွယ်သော မြေလွှာ၊ ကျောက်လွှာများဖြစ်သဖြင့် သဲဆန်သောဖျော်ရည်အဖြစ် ပြောင်းလွဲပြီး ရေတွင်းမှတဆင့် မြေပေါ်သို့ ပန်းထွက်လာနိုင်သည်။ ပညာရပ်အခေါ်အဝေါ်အရ (liquefaction) ဟု ခေါ်ဆိုပါသည်။
မြေတွင်းငလျင်လှိုင်းသွား အမြင့်ဆုံးအရှိန် (Peak Ground Acceleration –PGA) တန်ဖိုးမြင့်သော နေရာများတွင် မြေအောက်တွန်းကန်အားကြောင့် မြေအောက်ရေများ၊ သဲနှင့်အတူ(သို့)ရေချည်းသက်သက် ရေတွင်းများမှ ပန်းထွက်လာခြင်း၊ ရေခန်းခြောက်ခြင်း၊ စက်ရေတွင်းအနီး ပတ်ဝန်းကျင်တွင်
မြေကျွံကျခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
ငလျင်လှုပ်ပြီးနောက် ရေတွင်း(စက်ရေတွင်း၊ လက်တူးတွင်း) မြေအောက်ရေ မျက်နှာပြင်သည် ဆက်လက် အတက်အကျ ဖြစ်နေသည်၊ ဘောင်ဘင်ခတ်နေသေးသည်။ (မြေအောက်ရေဖိအား အသင့်အတင့် အနေအထားတွင်) မြေအောက်ရေနေကို အလိုအလျောက် တိုင်းတာသောစက်ဖြင့် စဉ်ဆက်မပြတ် တိုင်းတာ၊ မှတ်တမ်းပြုစုခြင်းဖြင့် လေ့လာသိရှိပါသည်။ မျက်မြင်လည်း တွေ့နိုင်ပါသည်။ တွင်းရေများလည်း ဆက်လက်နောက်နေပါသည်။ မီးခိုးရောင် ညိုညစ်ညစ်ဖြစ်သွားပါမည်။
ငလျင်လှုပ်ခတ်ပြီးနောက် မြေအောက်ရေမျက်နှာပြင် နိမ့်ကျခြင်း၊ ရေလျှံထွက်လာခြင်းများသည် ငလျင်မလှုပ်မီက အခြေအနေသို့ မိနစ်အနည်းငယ်အတွင်း လျင်မြန်စွာ ပြန်ရောက်နိုင်သကဲ့သို့ ရက်လကြာမြင့်စွာ စောင့်ဆိုင်းရသည်များလည်း ရှိပါသည်။ မြေလွှာနှင့်ကျောက်လွှာများအနေအထား ပြောင်းလွဲသွားမူကြောင့် ဇလဘူမိဗေဒအနေအထားများ ပြောင်းလွဲသွားခြင်း ဖြစ်ပါသည်။
ငလျင်လှုပ်ခတ်ရာ ဗဟိုချက်နှင့်နီးပြီး၊ ငလျင်အားပြင်းထန်ပါက စက်ရေတွင်းမှရေများ မြေမျက်နှာပြင်အထိ လျှံထွက်ခြင်း(သို့)စက်ရေတွင်းမှ ရေမျက်နှာပြင်နိမ့်ကျသွားပြီး တွင်းရေခမ်းခြောက်ပါသည်။
ထို့အပြင် မြစ်ချောင်းများ၏ ရေစီးဆင်းပုံပြောင်းလွဲမှုနှင့် မြေအောက်ရေမျက်နှာပြင် ပြောင်းလွဲမှုများသည်လည်း ဆက်စပ်နေကြ၏။ (ဥပမာ – ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပဲခူးမြစ်စသည်တို့နှင့် နီးကပ်နေသည့် မြိုနယ်များရှိ မြေအောက်ရေအောင်းလွှာနှင့် ရေတွင်းများ) ငလျင်လှုပ်ရာရပ်ဝန်းအတွင်း ငလျင်လှိုင်း ဖြတ်သန်းသွားသည့် အချိန်မှစ၍ ဖြတ်သန်းသွားပြီးသည့်အချိန်အထိ မြေအောက်ရေမျက်နှာပြင် လှုပ်ခတ်နေကြောင်း သုတေသနမှတ်တမ်းများအရ သိရသည်။ ဆက်လက် သုတေသနပြုလုပ်ရန်တော့ လိုသေးကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာတိုင်းတာရေးအဖွဲ့က ဖွင့်ဆိုထားပါသည်။
အထက်ပါအခြေအနေသုံးရပ်သည် ငလျင်ပြင်းအားပမာဏ အမ် (၆) (M 6) (M mean earthquake Magnitude) (ပီဂျီအေ တန်ဘိုး (ဝ.၁၅ ~ ဝ.၃) အထက်ပြင်းအားရှိ ငလျင်များကြောင့် ဖြစ်နိုင်ခြေများပါသည်။
ငလျင်လှုပ်ခတ်မှုကြောင့် စက်ရေတွင်းဆန်ကာများ သဲပိုက်ဆို့မူများ ဖြစ်စေနိုင်ပါသည်။ ရေထွက်အား လျော့နည်းစေပါသည်။ စက်ရေတွင်းတူးစဉ်က တွင်းအပေါ်ပိုင်း၌ ပြန်ဖို့ထားသော ရွှံ့မြေများ၊ သရွတ်မြေများ (grouting materials) သည်လည်း တွင်းဆန်ကာကို ပိတ်ဆို့စေခြင်း၊ ရေစစ်ဆန်ကာမှတဆင့် တွန်းကန်အားကြောင့် မြေပေါ်သို့ပန်းထွက်လာခြင်းများ ဖြစ်စေနိုင်ပါသည်။
အချို့တွင်းများသည် သဲများလိုက်လာပြီးနောက်၊ ရေထွက်အား ပိုကောင်းလာပါသည်။
ထိုအရာအားလုံးသည် မြေတွင်းတွန်ကန်အားကြောင့် ကျောက်လွှာအနေအထား ဘူမိဗေဒ၊ ရေအောင်းလွှာ အမျိုးအစားအလိုက်၊ နေရာဒေသအလိုက် ကွဲပြား ခြားနားစွာ ပြောင်းလွဲဖြစ်ပျက်ပါသည်။ အထက်ပါအခြေအနေ သုံးမျိုးလုံးသည် စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ဖြစ်ပျက်ပါသည်။
ဂျပန်နှိင်ငံ ဘူမိဗေဒစူးစမ်းလေ့လာရေးဌာနနှင့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဌာနတို့ ပူးပေါင်းပြီး ငလျင်ကြောင့် မြေအောက်ရေ မည်သို့ဖြစ်ပျက်နိုင်သည်ကို ၁၉၄၆ ခုနှစ် နမ်ကိုင်း (Nankai) ငလျင် မလှုပ်မီ ရက်ပေါင်းများစွာကြိုတင်၍ စူးစမ်းလေ့လာခဲ့သည့် မှတ်တမ်းများအရ မြေအောက်ရေ နောက်ကျိလာကြောင်း၊ မြေအောက်ရေမျက်နှာပြင် အနိမ့်အမြင့် အတက်အကျရှိလာကြောင်း ကြိုတင်သိရှိခဲ့သည်။ ထို့အပြင် ၁၉၇၅ ခုနှစ် ဟိုင်ချင်းငလျင်(ပြင်းအားပမာဏ ၇ .၃) မလှုပ်မီ ငလျင်ငယ်များ လှုပ်ခြင်း၊ ရေတွင်းရေများ ဘောင်ဘင်ခတ်လာခြင်း၊ ရေဒွန်ဓာတ်ငွေ့များ ထွက်လာခြင်းတို့ကို ကြိုသိခဲ့ရသည်။ ငလျင်ဘေးအန္တရာယ် စိုးရိမ်နေရသည့် မြန်မာနိုင်ငံအနေနှင့် မြေအောက်ရေ အလွန်အကျွံ သုံးစွဲနေသောမြို့များ၊ စက်မှုဇုံဒေသများအတွက် စဉ်စားစရာ နမူနာသာဓကဖြစ်ပါသည်။
၄။ မြန်မာနိုင်ငံ ငလျင်အန္တရာယ်နှင့် မြေအောက်ရေ
ငလျင်ပညာရှင်များ၏ အဆိုအရ ရန်ကုန်-သန်လျင်တဝိုက် ငလျင်အန္တရာယ် ကျရောက်နိုင်သော ဗဟိုဌာန အနည်းဆုံးလေးခု ရှိသည်။ အရှေ့ဘက်၌ စစ်ကိုင်းပြတ်ရွေ့၊ အနောက်ဘက်၌ ဒေးဒရဲ၊ မြောက်ဘက် တိုက်ကြီးအနီးအနားနှင့် တောင်ဘက် မုတ္တမပင်လယ်ထဲက ပြတ်ရွေ့များဖြစ်သည်။
မြေအောက်ရေနှင့် စက်ရေတွင်းများဆိုင်ရာ ပညာရပ် ရှုထောင့်မှ လေ့လာကြည့်သောအခါ မန္တလး အမရပူရ၊ ရန်ကုန်မြို့များသည် ငလျင်ပြင်းအားပမာဏ အမ်(၆)အထက် လှုပ်ခတ်လာပါက မြေအောက်ရေများ ရေတွင်းမှ တဆင့် လျှံတက်လာခြင်း၊ တွင်းခမ်းခြောက်ခြင်းများ ကြုံတွေနိုင်ပါသည်။ ရန်ကုန်မြို့သည် ပြင်းအားအဆင့် မာကလ်လီစကေး အတန်း (၈) အထိ ခံရဖွယ်ရှိသည်ဟု ငလျင်ပညာရှင်များက ဖွင့်ဆိုထားပါသည်။
မဟာရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း၊ ရန်ကုန်မြို့အတွင်းပိုင်း အနောက်ဘက်ခြမ်း၊ ဦးဝိစာရလမ်းမှသည် အင်းစိန်လမ်းတလျှောက် အနောက်ဘက်ခြမ်းရပ်ကွက်များ (ကြည်မြင်တိုင် စမ်းချောင်းမှသည် ဒညင်းကုန်း အထိ)နှင့် ရန်ကုန်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်များတွင်လည်း လှုပ်နိုင်သည်။ အဆိုပါ နယ်မြေ အသစ်များသည် ပို့ချမြေအောက်ရေအောင်းလွှာ (Wider Alluvial -filled aquifer) ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေခြင်း ဇလဘူမိဗေဒ၊ ဘူမိဗေဒအခြေအနေအထားများက အဓိကဖြစ်စဉ်ကြောင့်ဖြစ်သည်။
ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်မှုစကေး ပီဂျီအေ(၀ .၂ – ၀ .၃ဂျီ) အတွင်းရှိ မြို့နယ်များတွင် ရေတွင်းများက ရေလျှံခြင်းဖြင့် မြေအောက်ရေများ မြေပေါ်သို့ တက်လာနိုင်ပါသည်။
ထို့အပြင် ပြည်လမ်း၊ အင်းယားကန်ဘောင်၏ အနောက်ဘက်ခြမ်း (ပြည်လမ်းနှင့်အင်းစိန်လမ်းကြား) ရပ်ကွက်၊ မြို့နယ်များရှိ ရေတွင်းများအတွက် ပိုမိုစိုးရိမ်ရပါသည်။ အဘယ်ကြောင့်ဆိုသော် ပြည်လမ်း ဘက်ခြမ်း တာဘောင်သည် ကမ္ဘာအေးဘုရားလမ်း၊ အရှေ့ဘက်ခြမ်း တာဘောင်ထက် ခံနိုင်အား နည်းပါသည်။ အောက်ခံမြေသားသဘာဝ၊ ဂုဏ်သတ္တိမတူပါ။ အင်းယားကန်ဘောင် ရေထုထည်ကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။
မန္တလေးမြို့နေပြည်သူများ၏ ၆၀-၇၀ ရာခိုင်နှုန်းသည် မြေအောက်ရေကို မှီတင်းနေကြသည်။ မန္တလေး ဒေသရှိ မြေအောက်ရေအောင်းလွှာမှာ ရေများစွာ ထုတ်ယူနိုင်သည့် မြေအောက်ရေမျက်နှာပြင် တိမ်သော နုန်းမြေ ရေအောင်းလွှာ (Alluvial aquifer) ဖြစ်သည်။ ငလျင်၏ တွန်းအား၊ ဖိအားဒဏ်ကို ခံနိုင်အား နည်းသည့် မြေအောက်ရေ ပျော်ဝင်နေသော မြေနုမြေအောင်းလွှာဖြစ်သည်။
ငလျင်ပြင်းအားပမာဏ အမ်(၆)အထက် လှုပ်ခတ်လာပါက မန္တလေးနန်းတော်ဝင်း၏ တောင်ဘက် (အနောက်ဘက်ပိုင်း)၊ အနောက်ဘက်၊ အနောက်မြောက်ဘက် နေရာအများအပြားတွင် ရေတွင်းများ ရေလျံခြင်း၊ အချို့နေရာများတွင် မြေကျွံသွားခြင်း (Sinkhole) များ ဖြစ်နိုင်ပါသည်။
စာရေးသူ လေ့လာသိရှိထားသည့် သာဓကများမှာ ၂၂-၀၉-၂၀၀၃ နေ့တွင် တောင်တွင်းကြီးငလျင် ပြင်းအား ပမာဏ(၆.၈)ကြောင့် ဆတ်သွားရွာနှင့်ဘူတာရှိ ရေတွင်းများ၊ စက်ရေတွင်းများ ရေလျှံတက်လာပြီး အချို့တွင်းများ ရေခမ်းခြောက်သွားခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ အချို့(ယခင်က) ရေမထွက်သည့်တွင်းများ ရေများထွက်လာခြင်း၊ မီးရထားသံလမ်းများ လိမ်ကောက်သွားကြောင်း ထိုစဉ်က စက်ရေတွင်းတူးကိစ္စဖြင့် ထိုဒေသသို့ ရောက်ရှိခဲ့သည့်မိတ်ဆွေ (အိုးအိမ်ဦးစီးဌာနအငြိမ်းစား၊ ဇလဘူမိဗေဒ ပညာရှင်တစ်ဦး) ပြောပြချက်ကို ရေးသားဖော်ပြအပ်ပါသည်။
၂၄-၀၈-၂၀၁၆ နေ့တွင် အနက် ၅၈ ကီလိုမီတာကို ဗဟိုထား လှုပ်ခတ်သွားသော ပြင်းအားပမာဏ အမ်(၆.၇)ရှိ ချောက်ငလျင်ကြောင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနှင့် အနီးအနား ကျေးရွာများက ရေတွင်းများ မြေမျက်နှာပြင်အထက်(၂- ၃) ပေကျော်အထိ ရေလျှံကျခြင်းများ ထို့နောက် ရေတွင်းမှရေများ ပြန်လည်နိမ့်ဆင်းသွားသည်ကို အောက်ပါပုံများက ပြောနေပါသည်။

၁၃-၀၄-၂၀၁၆ ငလျင်ပြင်းအားပမာဏ ၆.၉ ကလေးမြို့ငလျင်ကြောင့်လည်း ပတ်ဝန်းကျင် ကျေးရွာများရှိ ရေတွင်းများ ရေလျှံခြင်း၊ ချောင်းရိုး၊ မြောင်းရိုများ ရေလမ်း ရေစီးပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်ပျက်ခဲ့သည် ကို မုံရွာမြို့နေ ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနမှ အငြိမ်းစား ဇလဘူမိဗေဒေပညာရှင်ထံမှ သိခဲ့ရသည်။
အထက်ပါဖြစ်ရပ်သုံးခုကို အခြေခံလေ့လာခြင်းဖြင့် ငလျင်ပြင်းအားပမာဏ ၆- ၆.၅ အထက် လှုပ်ခတ်သည့် ငလျင်များသည် မြေအောက်ရေနှင့်ရေတွင်းများကို အန္တရာယ်ဖြစ်စေကြောင်း သက်သေပြနေပါသည်။ ဘူမိေဒေ၊ ဇလဘူမိဗေဒ အနေအထားများ၊ မြေအောက်ရေနေ၊ အနေအထားများ ပြောင်းသွားခြင်းကြောင့် ဖြစ်ပါသည်။
ကျောက်လွှာထူထပ်သည့် အရပ်ဒေသ တောင်ကြီး၊ ရှမ်းပြည်၊ မော်လမြိုင်၊ မွန်ပြည်နယ်စသည့် ဒေသများရှိ ထုံးကျောက် ရေအောင်းလွှာများ(ကျောက်ကြားရေအောင်းလွှာ) )(fracture rock aquifer) မှာမူ ငလျင်ပြင်းအား ပမာဏများလေ၊ ရေခိုအောင်းနေသည့် ကွဲအင်များ ကျယ်ပြန့်လာခြင်း၊ ကျဉ်းမြောင်းသွားခြင်း (သို့) ပိတ်သွားခြင်းများ ပိုမိုဖြစ်ပေါ်နိုင်ပါသည်။ ရေထွက်နှုန်းလည်း ပြောင်းလဲသွားနိုင်သည်။ ရေထွက်သည့်တွင်း အပေါ်ပိုင်းက မြေသားကျောက်သားများပြိုကျသဖြင့် ရေထွက်သည့် ကျောက်ကြားများ ပြန်လည်ပိတ်ဆို့သွားသဖြင့် ရေလုံးဝမထွက်တော့သည်လည်း ဖြစ်နိုင်သည်။
၅။ မြေအောက်ရေကိုအသုံးပြုနေကြသူများ ကြိုတင်သိထားသင့်သော နည်းလမ်းများ
က။ ဆောက်လုပ်ရေးပညာရှင်များ အဆောက်အအုံ တည်ဆောက်ရန် ပုံစံထုတ် ရေးဆွဲရာတွင် ရေပင်ရေရင်း (ရေတွင်း)များ(water supply source) အတွက် ရေသုံးစွဲမှု ပမာဏနှင့် ရေရရှိနှိင်မှုပမာဏကို အခြေခံတွက်ချက်၍ ရပ်ကွက် အစုအဖွဲ့အလိုက်၊ စက်မှုဇုံအလိုက် သီးခြားနေရာ တနေရာတွင် စက်ရေတွင်း၊ ရေတွင်းများတူးပြီး မြေအောက်ရေထုတ်ယူသုံးစွဲသည့်စနစ်ကို ကျင့်သုံးရန်။ (ယခင် ဖဆပလခေတ်နှင့် မဆလခေတ်က ဆောက်လုပ်ထားသည့် ပြည်ထောင်စုရိပ်သာ (ယခုမရှိတော့ပါ) အိမ်ယာ၊ ဦးဝိစာရအိမ်ယာ၊ မင်းမနိုင်အိမ်ယာများကဲ့သို့ စက်ရေတွင်းများကို သီးသန့် နေရာပေးသင့်ပါသည်။)
ထို့ပြင် ယခင်က အိုးအိမ်ဦးစီးဌာနက ဆောက်လုပ်ပေးထားသည့် ကြို့ကုန်း အိမ်ယာတွင် ရေတွင်းကို သီးခြားတစ်နေရာတွင် တူးဖော်၍ တိုက်ခန်းများကို ရေဖြန့်ဝေခဲ့ပါသည်။ ယခုအခါ ပြုပြင်ထိန်းသိမ်းမှု မရှိသည့်အတွက် စက်ရေတွင်းများမှ ရေပေးဝေနိုင်ခြင်းမရှိသောအခါ တစ်တိုက် တစ်တွင်း၊ မိမိအစီအစဉ်နှင့် ထုတ်ယူသုံးစွဲနေကြသည်။ ငလျင်အန္တရာယ်ဖြစ်လာပါက စိုးရိမ်ရသည့် မြေသားအမျိုးအစားတွင် ပါဝင်နေသည်။
ခ။ ယနေ့ဆောက်လုပ်ထားသော ကန်ထရိုက်တိုက်၊ အဆင့်မြင့် အဆောက်အအုံများအောက်ရှိ စက်ရေတွင်းများမှ ရေထုတ်ယူသုံးစွဲနေခြင်းသည် ငလျင်လုပ်သည့်အခါ ဖြစ်ပေါ်လာမည့် အန္တရာယ်ကို ဖိတ်ခေါ်နေခြင်း ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းများကို တားမြစ်ရန်။
ဂ။ ထို့အပြင် ရန်ကုန်မြို့ ဦးဝိစာရလမ်း အနောက်ဘက်၊ ပြည်လမ်း အနောက်ဘက်ခြမ်း၊ အင်စိန်လမ်းမကြီး အနောက်ဘက်ခြမ်းရပ်ကွက်များ၊ မဟာရန်ကုန်အရှေ့ပိုင်းမြို့သစ်များတွင် စက်ရေတွင်း၊ ရေထုတ်ပိုက်၌ ရေအားထွက်ပေါက်များ (relief valve) တပ်ဆင်ထားသင့်ပါသည်။
ဃ။ ငလျင်လှုပ်ပြီးကာစ (တစ်ရက်နှစ်ရက်)အတွင်း ရေတွင်းရေကိုမသုံးဘဲ ပြင်ပက သန့်စင်သော ရေကိုသုံးရန်။
င။ ငလျင်လှုပ်ပြီးနောက် စက်ရေတွင်း မျက်မြင်ပျက်စီးမှုများကိုစစ်ဆေးရန်။
စ။ တွင်းရေကို သောက်သုံးရန်သင့်မသင့် ရေအရည်အသွေး စစ်ဆေးပြီးမှသုံးရန်။
ဆ။ ရေအရောင်အသွေးပြောင်းလဲလာခြင်း၊ အနံ့အသက်ရှိခြင်း၊ ရေထွက်နှုန်း ပြောင်းလဲလာခြင်း စသည် တို့သည် ငလျင်ကြောင့် ဖြစ်ပေါ်လာသော အခြင်းအရာများ ဖြစ်သည်။ ရေညိုညစ်ညစ် အရောင်သည် တစ်ရက်နှစ်ရက်အတွင်း မပျောက်ပါက မြေအောက်ရေ ကျွမ်းကျင်ပညာရှင်၊ ဘူမိဗေဒပညာရှင်တို့နှင့် တိုင်ပင်သင့်ပါသည်။
ရေဝင်ပေါက်ဆန်ကာ ကျိုးပျက်သွားပါကလည်း ထိုသို့ဖြစ်နိုင်ပါသည်။ သို့သော် ရေဝင်ဆန်ကာ ပျက်စီးပါက ရေအရောင် ပြောင်းသည်သာမက သဲနှင့်ကျေက်စကွဲ အရွယ်သေးများ ပါလာပါသည်။ ဤအချက်ဖြင့် ငလျင်ကြောင့် ပျက်သလား(သို့) ဆန်ကာပျက်သလားဆိုသည်ကို ခွဲခြားနိုင်ပါသည်။
ဇ။ ရေတွင်းကို ပြန်လည် ရေမှုတ်ဆေးကြောရန်။
၆။ နိဂုံး
ဤဆောင်းပါးသည် ငလျင်ကြောင့် ဖြစ်ပေါ်နိုင်သည့် မြေအောက်ရေ ဘေးအန္တရာယ်များကို သိရှိရန်နှင့် ကြိုတင်လုပ်ဆောင်၍ ရသည်များကို လုပ်ဆောင်နိုင်ရန်၊ လူနေတိုက်တာ အဆောက်အအုံများ ထိခိုက်ပျက်စီးခြင်းများ မဖြစ်ရန်နှင့် မြေအောက်ရေ သုံးစွဲနေသူများ အသိ၊ သတိရှိစေရန် ရည်ရွယ်ပါသည်။
ကျမ်းကိုး။
မြန်မာပြည်နှင့်ငလျင်၊ မြန်မာ့ငလျင်ဘေးလျှော့ချရေး (ဒေါက်တာသိန်း) ဘူမိဗေဒ ၁၉၇၄ အသင်း၊ ပညာရပ်စာစဉ်(၁) ၁၉၇၄
-SCIENCE VOL 300, 27 JUNE 2003 / Stream flow and Water Well Responses to Earthquakes
-DEC (AL / US): Earthquake Information for Private Well Owners
-Earthquakes and Groundwater and Surface Water Management at Mines Sites
Gareth Digges La Touche, Golder Associates, 1 Alie Street, London, E1 8DE, UK,
-Brodsky EE “ (2003) A mechanism for sustained groundwater pressure changes induced by distant earthquakes”
(မှတ်ချက် – ၂၀၁၆ ခုနှစ်က ငလျင်ပြင်းအား အမ် ၆ .၇ ရှိ ချောက်ငလျင်ကြောင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနှင့် အနီးအနားကျေးရွာများရှိ ရေတွင်းများ ထိခိုက်ပျက်စီးခဲ့သည်ကို အကြောင်းပြု၍ မြေအောက်ရေနှင့်ငလျင် ဆက်စပ်နေကြောင်း ပညာအသိမျှဝေရန် မိုးမခ အင်တာနက်စာမျက်နှာတွင် ရေးသားခဲ့သောဆောင်းပါးဖြစ်ပါသည်။)
One thought on “ငလျင်နှင့် မြေအောက်ရေ (မောင်ကျေးရေ (ခေတ္တ ကယ်လီဖိုးနီးယား))”