မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာကြားရှိ ကျိုက်နဲရေလယ်ဘုရားသို့ ၂၀၂၁ နိုဝင်ဘာ ၂၁ နေ့က ဘုရားဖူးသွားသူအချို့ ပင်လယ်လှိုင်းပုတ်၍ အသက်ဆုံးခဲ့ရသည်။

ကျိုက်နဲရေလယ်ဘုရား၏ ထူးခြားချက်မှာ ကမ်းခြေမှ ၁ မိုင် ၆ ဖာလုံခန့်အကွာ ပင်လယ်တွင်း၌ တည်ရှိပြီး ဘုရားဘက်သို့ ဦးတည်သည့် လမ်းတစ်ခုရှိခြင်း ဖြစ်သည်။

ယင်းလမ်းကို ပထဝီဝင်ဝေါဟာရဖြင့် သဲခုံစွယ်(Spit)ဟု ခေါ်ကြောင်း သိရသည်။ အချို့ကမ်းခြေများတွင် ရေစီးကြောင်းနှင့် လေတိုက်ခတ်မှုတို့ကြောင့် ရေအောက်ရှိ သဲနှင့်ကျောက်စရစ်များ မို့တက် စုပုံလာကာ ကမ်းခြေမှအစွယ်ပုံစံ ထိုးထွက်တည်ရှိသော သဲနှင့်ကျောက်ခုံကို သဲခုံစွယ်ဟု ခေါ်သည်။ အမြဲတန်းပေါ်နေသော သဲခုံစွယ်ရှိသကဲ့သို့ ဒီရေအတက်အကျပေါ်မူတည်ပြီး ပေါ်လိုက် ပျောက်လိုက်ဖြစ်နေသည့် သဲခုံစွယ်များလည်း ရှိသည်။
ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာအကြားရှိ ကမ်းခြေအပါအဝင် ကမ္ဘာ့အချို့ကမ်းခြေများတွင် သဲခုံစွယ်များ ဖြစ်ပေါ်တည်ရှိသည်(အောက်ပုံ)။ အတွေ့ရနည်းသော အသွင်အပြင်ဖြစ်၍ သဲခုံစွယ်များကို လူအများက စိတ်ဝင်စားကြသည်။ ကမ္ဘာ့အရှည်ဆုံးသဲခုံစွယ်သည် ခရိုင်းမီးယားဒေသရှိ အာရာဘတ်သဲခုံစွယ်ဖြစ်ပြီး မိုင် ၇၀ ခန့်ရှည်လျားသည်။

ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာကြားရှိ သဲခုံစွယ်သည် တစ်မိုင်ခန့်ရှည်ပြီး ကျိုက်နဲရေလည်ဘုရားသည် ယင်းသဲခုံစွယ်ကို အကြောင်းပြု၍ တည်ထားသည်ဟု ယူဆရသည်။ ဒေသခံတို့က ယင်းသဲခုံစွယ်ကို နတ်လမ်းဟုလည်း ခေါ်ကြသည်။
(သဘာဝသဲခုံစွယ်ဖြစ်ပေါ်မှုကို မှီငြမ်းအတုယူ၍ လူလုပ်သဲသောင်များ ဖန်တီးကာ ကမ်းရိုးတန်းမြေကို အကာအကွယ်ပေးသော စီမံကိန်းအကြောင်း ဤနေရာကိုနှိပ်၍ ဖတ်ရှုနိုင်ပါသည်။)
နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှ ၃ ရက်အတွင်း ကျင်းပသည့် ကျိုက်နဲဘုရားပွဲတော်သို့ သဲခုံစွယ်ပေါ်မှ ဖြတ်လျှောက် ဖူးမြော်ခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ဤနှစ် အဖြစ်မျိုးမကြုံခဲ့ရဟု ဒေသခံအချို့က ဆိုသည်။ (လူသေဆုံးမှုတစ်ကြိမ်ရှိခဲ့သည်ဟု ပြောသူလည်း ရှိသည်။) ဘီဘီစီသတင်းအရ ယခုနှစ်အတွင်း ပေါ်သော သဲခုံစွယ်သည် ခါတိုင်းထက် ကျဉ်းသည်ဟု သိရသည်။
စနစ်တကျလေ့လာချက်များမရှိ၍ အတိအကျမပြောနိုင်သော်လည်း ယခုနှစ်ဖြစ်ရပ်သည် ကမ္ဘာ့ပင်လယ်ရေပြင် မြင့်တက်လာနေခြင်းနှင့် ဆက်စပ်နေဖွယ်ရာရှိသည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ကမ္ဘာ့ပင်လယ်ရေပြင်သည် တအိအိ မြင့်တက်လာလျက်ရှိရာ ကျိုက်နဲဘုရားသဲခုံစွယ်အပါအဝင် မြန်မာ့ကမ်းရိုးတန်းတလျှောက်၌လည်း ရေပြင်မြင့်တက်လာနေမည်သာ ဖြစ်သည်။
လူသိမများလှသေးသော်လည်း မြန်မာ့ကမ်းရိုးတန်းတလျှောက်တွင် ပင်လယ်ရေပြင်မြင့်တက်လာခြင်း၏ အကျိုးဆက်များကို စတင်ခံစားရသူများ ရှိနေပြီ ဖြစ်သည်။ (ဤနေရာကို နှိပ်၍ လေ့လာနိုင်ပါသည်။)
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အနာဂတ်တွင် မည်သို့ရှိစေ၊ ပင်လယ်ရေပြင်သည် ဆက်၍ မြင့်တက်နေမည်သာ ဖြစ်၍ ကမ်းရိုးတန်းဒေသခံများ၊ ယင်းဒေသများသို့ သွားရောက်လည်ပတ်သူများ သံဖြူဇရပ်ကမ်းခြေဖြစ်ရပ်ကို သင်ခန်းစာယူ၍ သတိကြီးစွာ ထားသင့်ကြောင်း အကြံပြုပါသည်။