
ကမ္ဘာ့လေထုကို ကိုယ်ပိုင်ဂုဏ်သတ္တိအသီးသီးရှိကြသော နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းနှင့် အခြားဓာတ်ငွေ့ ၁ ရာခိုင်နှုန်းတို့ဖြင့် ပါဝင် ဖွဲ့စည်းထားသည်။ အခြားဓာတ်ငွေ့ ၁ ရာခိုင်နှုန်းထဲတွင် ဓာတ်ပြုနိုင်မှု နည်းပါးလွန်းသည့် အာဂွန်ဓာတ်များ ပါသကဲ့သို့ ကမ္ဘာ့လေထုကို ကြီးစွာ အကျိုး သက်ရောက်နိုင်သည့် ကာဘွန်ဒိုင်အောက်ဆိုက်နှင့် အိုဇုန်းဓာတ်ငွေ့များ၊ ရေငွေ့များလည်း ပါသည်။ ယင်းအချိုးအဆမှာ ပုံသေမဟုတ်ဘဲ အချိန်နှင့်နေရာကို လိုက်၍ အပြောင်းအလဲအနည်းငယ် ရှိသည်။
ထုထည်ပမာဏအများဆုံး ဖြစ်သည့် နိုက်ထရိုဂျင်သည် သက်ရှိခန္ဓာကိုယ်တွင်း ပရိုတိန်းဓာတ်တို့၏ အခြေခံ အုတ်မြစ် အမိုင်နိုအက်ဆစ်ဖြစ်ပေါ်ရန် အရေးပါသည့် ကဏ္ဍမှ ပါဝင်သည်။ သို့သော် လူတို့သည် နိုက်ထရိုဂျင်ကို လေထုတွင်းမှ တိုက်ရိုက် ရယူနိုင်စွမ်း မရှိချေ။ ဘက်တီးရီယားပိုးအချို့၏လုပ်ဆောင်ချက်၊ မိုးကြိုးပစ်ခြင်းတို့မှ မြေထုနှင့် ရေထုတွင်း ရောက်လာသော နီုက်ထရိုဂျင်ကို သစ်ပင်တို့က စုပ်ယူသည်။ သစ်ရွက်သစ်သီးစသည်တို့ကို စားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ်တွင်းသို့ နိုက်ထရိုဂျင် ရောက်လာသည်။
လူ့ခန္ဓာကိုယ်တွင်း၌ အစာချက်လုပ်ရန် လိုအပ်သောစွမ်းအင်ကို ထုတ်ပေးသည့် အောက်ဆီဂျင်သည် ဓာတ်ပြုလွယ်သော ပစ္စည်းဖြစ်၍ အခြားပစ္စည်းများနှင့် ဓာတ်ပြုပြောင်းလဲကာ လေထုထဲမှ ပျောက်ကွယ်သွားကြသည်။ သို့သော် သစ်ပင်တို့၏ အစာချက်ခြင်း ရှူထုတ်ခြင်း ဖြစ်စဉ်များမှ လေထုထဲသို့ ပြန်ရောက်ကာ သံသရာလည်နေ၍ အချိုးအဆအားဖြင့် ၂၁ ရာခိုင်နှုန်းတွင် တည်ရှိနေသည်။ ကမ္ဘာပေါ်တွင် သစ်ပင်တို့သာ မရှိလျှင် လေထဲတွင် အောက်ဆီဂျင် ကျန်တော့မည် မဟုတ်ချေ။
အောက်ဆီဂျင်သည် လေထု၏ အောက်ဆုံးအလွှာ ထရိုပိုစဖီးယားနှင့် သက်ရှိတို့အကြား၌ ကူးလူးနေရုံတင် မဟုတ်၊ ထရိုပိုစဖီးယား၏ အပေါ်ရှိ စထရာတိုစဖီးယားအလွှာတိုင်အောင် ပုံစံကွဲတစ်မျိုး ဖြစ်သည့် အိုဇုန်းဘဝသို့ ပြောင်းလဲ ရောက်ရှိနေသည်။ အောက်ဆီဂျင် မော်လီကျူးတွင် အောက်ဆီဂျင်အတမ် ၂ လုံး ပါပြီး အိုဇုန်းမော်လီကျူးတွင် အောက်ဆီဂျင်အတမ် ၃ လုံး ပါသည်။ လေထုတွင်း အိုဇုန်း၏ ၉၇ ရာ ခိုင်နှုန်းမှာ စထရာတိုစဖီးယားအလွှာတွင် ရှိသည်။ ကျန် ၃ ရာခိုင်နှုန်းမှာ ထရိုပိုစဖီးယားအလွှာတွင် ရှိသည်။ မြေပြင်မှ ၁၀ မိုင်နှင့် မိုင် ၂၀ အမြင့်အတွင်းရှိ စထရာတိုစဖီးယားအလွှာ အိုဇုန်းသည် အာကာသထဲမှ အန္တရာယ် ခရမ်းလွန်ရောင်ခြည်များ မြေပြင်ပေါ်ကျမလာအောင် တားဆီးထားသည်။ အိုဇုန်းသာ လေထုထဲတွင် မရှိလျှင် သက်ရှိတို့ ကမ္ဘာပေါ်တွင် မရှင်သန်နိုင်ချေ။
မြေပြင်နှင့် နီးကပ်သည့် လေထုတွင်လည်း အိုဇုန်းရှိနိုင်သည်။ ကားနှင့် အခြားစက်ကိရိယာတို့ကို မောင်းနှင်သည့် ဓာတ်ဆီ လောင်မြှိုက်လျှင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ ထွက်သည်။ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် မော်လီကျူးသည် နိုက်ထရိုဂျင်အတမ် ၁ လုံးနှင့် အောက်ဆီဂျင်အတမ် ၂ လုံးတို့ဖြင့် ဖွဲ့သည်းထားသည်။ နေသာသောနေ့များတွင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်သည် ဓာတ်ပြု လှုပ်ရှားကာ အောက်ဆီဂျင်အတမ် ၂ လုံးထဲမှ ၁ လုံး သီးခြားလွတ်ထွက်လာသည်။ လွတ်ထွက်လာသော အောက်ဆီဂျင်အတမ်သည် လှုပ်ရှားမှု မြင့်မားလှပြီး လေထုထဲရှိ အောက်ဆီဂျင် မော်လီကျူးများနှင့် ပူပေါင်းကာ အိုဇုန်းဘဝသို့ ရောက်သည်။ အိုဇုန်းပမာဏ များသော မြေပြင်အနီးရှိ လေထုတွင် မီးခိုးမြူများ ဖြစ်ပေါ်သည်။ အိုဇုန်းအခြေပြု မီးခိုးမြူများကြောင့် မျက်ရည်ထွက်သည်၊ အချို့သော ရောဂါဘယတို့ ပိုမိုဆိုးရွားလာသည်။
ရေငွေ့သည် လေထုထဲတွင် ၁ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိသာ ပါဝင်သော်လည်း ယင်း၏အရေးပါမှုမှာ ကြီးမားသည်။ ရေငွေ့များသည် မိုးရွာခြင်း၊ နှင်းကျခြင်း စသည်တို့၏ အရင်းခံဇာစ်မြစ် ဖြစ်သည်။ ရေငွေ့များသည် ကာဘွန်ဒိုင်အောက်ဆိုက်ကဲ့သို့ပင် ကမ္ဘာမြေပြင်မှ ပြန်ကန်ထွက်လာသော အပူဓာတ်ကို စုပ်ယူထားနိုင်သည်။ ထို့အပြင် နေရောင်ခြည်၏အပူဓာတ်ကိုလည်း စုပ်ယူထားနိုင်သည်။
သို့သော် ရေငွေ့ တည်ရှိမှုသည် အပူချိန်အနည်းအများပေါ်တွင် မူတည်နေသောကြောင့် လည်းကောင်း၊ ရေငွေ့သည် လေထုတွင်း၌ ရက်အနည်းငယ်မျှသာ တည်နေနိုင်သောကြောင့်လည်းကောင်း ရေငွေ့၏ ကမ္ဘာကို ပူနွေးစေမှုသည် မများလှချေ။ ထို့ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့အကြောင်း ပြောလျှင် ရေငွေ့ကို ထည့်သွင်းပြောဆိုလေ့မရှိပေ။
ရေငွေ့သည် အရည်ပြန်ဖြစ်သော အခါ စုပ်ယူထားသည့် အပူဓာတ်များကို ပြန်လည် ထုတ်လွှတ်သည်။ ယင်းသို့ ပြန်လည်ထုတ်လွှတ်သောအပူဓာတ်များမှ မုန်တိုင်းများ ပေါက်ဖွား ဖြစ်ပေါ်သည်။ ရေငွေ့၏ပမာဏမှာ သဲကန္တာရများပေါ်တွင် မရှိသလောက် နည်းပါးသော်လည်း အချို့နေရာများတွင် ၄ ရာခိုင်နှုန်းအထိ မြင့်မားသည်။
လေထုထဲရှိ ဖုန်မှုန့်နှင့် အခြားအမှုန်အမွှားများတွင် ရိုးရိုးဖုန်မှုန့်များအပြင် သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ပန်းဝတ်မှုန်များ မျိုးစေ့ငယ်များစသည်တို့လည်း ပါသည်။ ဖုန်မှုန့်များကို အများအားဖြင့် မြေပြင်နှင့် ကပ်လျက်တည်ရှိသော ထရိုပိုစဖီးယားအလွှာတွင်သာ တွေ့ရသော်လည်း အထက်ဆန် လေစီးကြောင်းများ၏ သယ်ဆောင်မှုကြောင့် လေထုအထက် လွှာများသို့လည်း ရောက်ရှိနေတတ်သည်။ ကမ္ဘာ့လေထုထဲ ဝင်ရောက်လာကာ လေထု၏ ပွတ်အားကြောင့် မီးလောင် ကြေမွသွားသည့် ဥက္ကာခဲအမှုန်များသည်လည်း လေထုထဲတွင် ရှိနေသည်။ ဖုန်မှုန့်များ၏ မျက်နှာပြင်တွင် ရေငွေ့များ ရေမှုန်များ လာရောက် ခိုကပ် ပေါင်းစည်းကာ တိမ်တိုက်များဖြစ်ပေါ်ပြီး ယင်းတိမ်တိုက်များထဲတွင် ရေမှုန်များ တဖြည်းဖြည်း ကြီးထွား လာကာ မိုးစက်များ နှင်းမှုန်များဘဝနှင့် မြေပြင်ပေါ် ကျရောက်သည်။ လေထုထဲတွင် ဖုန်မှုန့်များသာ မရှိလျှင် တိမ်တိုက်များ မြူဆိုင်းမှုများ မပေါ်ပေါက်နိုင်ချေ။ ဖုန်မှုန့်များသည် နေရောင်ခြည် အပူဓာတ်ကို စုပ်ယူထားနိုင်သကဲ့သို့ နေရောင်ကို အာကာသထဲသို့ ပြန်ကန်ပေးသည်။ မီးတောင်ပေါက်ရာမှ ထွက်သည့် ပြာမှုန့်များကဲ့သို့ လေထုအမြင့်ပိုင်းသို့ ရောက်နေသည့် ဖုန်မှုန့်များသည် နေရောင်ခြည်ကို ကာဆီးခြင်းဖြင့် မြေပြင်ကို အပူချိန် လျော့ပါးစေသည်။
အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ ကာဘွန်ဒိုင်အောက်ဆိုက်၊ ရေငွေ့၊ အိုဇုန်း စသည်တို့သည် သဘာ၀ အလျောက် ဓာတ်ပြုပြောင်းလဲပျောက်ကွယ်ခြင်း၊ ပြန်လည်ပြည့်တင်းလာခြင်း သံသရာ စက်ရဟတ်ထဲတွင် လည်နေကြသည်။ ယင်း ဓာတ်ငွေ့တို့၏ အချိုးအဆ ပမာဏမှာ အချိန်နှင့်နေရာကို လိုက်၍ အနည်းငယ် ပြောင်းလဲသော်လည်း နှစ်ပေါင်းထောင်သောင်းနှင့်ချီ၍ ပြောင်းလဲမှု မရှိတတ်ချေ။ အလွန်ထူးခြားသော အခါများတွင်မှ အပူလွန်ခြင်း၊ အအေးလွန်ကာ ရေခဲခေတ်သို့ ရောက်ခြင်းများ ရှိတတ်သည်။
ယင်းကဲ့သို့ သဘာဝတရားက ရေရှည်ထိန်းသိမ်းထားသည့် ကမ္ဘာ့လေထုတွင်း ဓာတ်ငွေ့ပါဝင်မှု အချိုးအဆ သည် ခေတ်သစ်လူသားတို့၏ ပယောဂကြောင့် ပြောင်းလဲကာ တစ်နေ့တစ်ခြား ပူပြင်းလာလျက် ရှိသည်။ ပြောင်းလဲသည့် ပမာဏမှာ မသေးငယ်လှသဖြင့် ကမ္ဘာကြီးတစ်ခုလုံး၏ ရာသီဥတုနှင့် မိုးလေဝသ အခြေအနေကိုပါ သက်ရောက်ထိခိုက်ကာ လူသား မျိုးနွယ်အပါအဝင် သက်ရှိလောကတစ်ခုလုံးကို ခြိမ်းခြောက်လျက် ရှိသည်။