မျိုးစိတ်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရာသီဥတု

မျိုးစိတ်(species)ဆိုသည်မှာ အပင်နှင့်သက်ရှိသတ္တဝါများကို အုပ်စုဖွဲ့ခေါ်ဝေါ်သည့် ဇီဝဗေဒဝေါဟာရဖြစ်သည်။ မျိုးစိတ်တစ်ခုအတွင်းရှိ သက်ရှိများသည် ကိုယ်ပိုင် ထူးခြားသော လက္ခဏာများ (ဥပမာ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အမူအရာ စသည်)ရှိကြပြီး အချင်းချင်း မျိုးပွားခြင်းအမှုကို ဆောင်ရွက်ကာ မျိုးဆက်သစ်များ ပေါ်ပေါက်လာစေသည်။ ထို့ကြောင့် လူ၊ ခွေး၊ ငါး၊ ငှက် စသော သတ္တဝါများ၊ သစ်ခွ၊ ကျွန်းစသည့် အပင်များသည် မျိုးစိတ်များပင် ဖြစ်ကြသည်။

သတ္တဝါမျိုးစိတ်တို့သည် အစာအတွက် တစ်မျိုးကို နောက်တစ်မျိုးက စား၊ တစ်ဖန် ယင်းသတ္တဝါကို နောက်ထပ် သတ္တဝါတစ်မျိုးက စား စသည်ဖြင့် ကွင်းဆက်ပမာ စား၍ ရှင်သန်နေကြသည်။ ဥပမာ ရေသတ္တဝါတို့၏ အစာကွင်းဆက်တွင် ရေတွင် ရှင်သန်သော ဖိုင်တိုပလန်တွန်ခေါ် အပင်ငယ်များကို ဇူး ပလန်တွန်ခေါ် အလွန်သေးငယ်သည့် ရေသတ္တဝါများက စားသည်။ ဇူးပလန်တွန်များကို ခရု၊ ပုစွန်၊ ဂျယ်လီငါး၊ ကြယ်ငါးတို့က စားသည်။ ခရု၊ ပုစွန်စသည့် ရေသတ္တဝါငယ်တို့ကို ယင်းတို့ထက် ပိုကြီးသည့် ငါးမည်းလုံး၊ မက်ကရယ်ငါး စသည်တို့က စားသည်။ ငါးမည်းလုံး၊ မက်ကရယ်ငါးစသည်တို့ကို ယင်းတို့ထက် ပိုကြီးသည့် ငါးမန်း၊ လင်းပိုင်တို့က စားပြန်သည်။

မြေပေါ်တွင်လည်း သမင်၊ ဆိတ်၊ နွားစသည်တို့က သစ်ရွက်များကိုလည်းကောင်း၊ ယုန်တို့က မုန်လာဥဝါကို လည်းကောင်း စားသည်။ သမင်ကို ခြင်္သေ့က၊ ယုန်ကို မြေခွေးက ထပ်စားသည်။ ထို့အတူ ဆိတ်၊ နွား စသည်တို့၏ အသားကို ခြင်္သေ့၊ လူစသည်တို့က စားသည်။ လေထဲတွင်လည်း ပိုးကောင်၊ ငှက်စသည်တို့ ပါဝင်သော အစာကွင်းဆက် ရှိသည်။

ဥပမာပြ အစာကွင်းဆက်တွင်ပါသော သမင်၊ ဆိတ်၊ နွား၊ ယုန်၊ ခြင်္သေ့၊ မြေခွေး၊ လူ စသည်တို့သည် ဖော်ပြခဲ့သော အစာတစ်မျိုးတည်းကိုသာ စားသည်မဟုတ်၊ ဥပမာ လူသည် ဆိတ်၊ နွားစသည့် ကုန်းသတ္တဝါများအပြင် ငါး၊ ပုစွန်၊ ကဏန်းစသည့် ရေသတ္တဝါများနှင့် လေထဲရှိ ငှက်မျိုးစိတ်အချို့ကိုပါ စားသည်။ ထို့ကြောင့် လူ၏ အစာကွင်းဆက်တွင် မိမိတို့ တိုက်ရိုက် စားသောက်သည့် ဆိတ်၊ နွား၊ ငါး၊ ပုစွန်၊ ကဏန်း၊ ငှက်မျိုးစိတ်အချို့စသည်တို့သာမက ဆိတ်၊ နွားတို့စားသည့် အသီးအရွက်များ၊ ငါး ပုစွန်တို့ စားသည့် ရေအောက်ပလန်တွန် အပင်ငယ်များ၊ ငှက်တို့စားသော ပိုးကောင်များ စသဖြင့် အလွန်များပြား ကျယ်ပြန့်စွာ ပါဝင်ကာ အလွန်ရှုပ်ထွေးသော အစာကွန်ယက်ကြီးသဖွယ် ဖြစ်နေသည်။

လူအပါအဝင် မျိုးစိတ်များသည် အစာအာဟာရအတွက်သာမက နေထိုင်ရေး၊ ကျန်းမာရေးစသည်တို့ အတွက်လည်း အခြားအခြားသော မျိုးစိတ်များကို မှီခိုနေကြသည်။ ဥပမာ လူတို့၏ နေရေးထိုင်ရေးအတွက် သစ် ဝါးစသည့် မျိုးစိတ်များကို လိုအပ်သည်။ ငှက်တို့သည် သစ်ပင်များကို အဓိက နေစရာအဖြစ် အားကိုးကြရသကဲ့သို့ ရေအောက်သန္တာကျောက်တန်းများသည် ရေသတ္တဝါများ၏ ခိုလှုံနေထိုင်ရာ ဖြစ်သည်။ လူနှင့်တိရစ္ဆာန်များ၏ နေစရာများ လေပြင်းနှင့် ရေတိုက်စားမှုကြောင့် ပျက်စီးမှုကို သစ်ပင်မျိုးစိတ်များက အကာအကွယ် ပေးသည်။

လူတို့အတွက် အဝတ်အထည်များ ထုတ်လုပ်မှုသည်လည်း သဘာဝမျိုးစိတ်များနှင့် မကင်းချေ။ လူသုံး ဆေးဝါးအများအပြားကို အပင်များမှ ထုတ်ယူထားသည်။ ဆေးဝါးအဖြစ် ထုတ်လုပ်နိုင်ရန် အလားအလာ ရှိသော်လည်း သုတေသန မလုပ်ရသေးသဖြင့် အသုံးမချနိုင်သေးသော အပင်မျိုးစိတ် အမြောက်အများ ကျန်နေသေးသည်။ ထို့အတူ ဖိုင်ဘာ၊ ဆိုးဆေး၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းအချို့ကိုလည်း ဇီဝမျိုးစိတ်များမှ ထုတ်လုပ်ထားသည်။

စွန့်ပစ်လိုက်သော လူနှင့်တိရစ္ဆာန်တို့၏ အညစ်အကြေးများကို သဘာဝက သန့်စင်ပေးရာတွင်ပင် ဇီဝမျိုးစိတ် များ၏ကဏ္ဍနှင့် မကင်းချေ။ လူ့အညစ်အကြေးများကို ဝန်းကျင်ရေထု လေထုနှင့် မြေထု အဆိပ်မဖြစ်စေရန် အန္တရာယ်ကင်းဓာတ်ပေါင်းများဘဝသို့ ဘက်တီးရီးယားတို့က ပြောင်းပေးသည်။

ယနေ့ကမ္ဘာပေါ်တွင် ရှင်သန်နေဆဲ ဇီဝမျိုးစိတ်အရေအတွက်ကို အတိအကျမသိနိုင်သော်လည်း ကိုးသန်းခန့် ရှိမည်ဟု ခန့်မှန်းကြသည်။

ဒေသတစ်ခုတွင် ရှင်သန်တည်ရှိသည့် ကွဲပြားခြားနားသော မျိုးစိတ်များအစုအရုံးကို ဇီဝမျိုးစုံမျိုးကွဲများ(biodiversity)ဟု ခေါ်သည်။ နေရာတစ်ခုတွင် ဇီဝမျိုးစုံမျိုးကွဲ များလေ ယင်းနေရာ၏ဇီဝစနစ်သည် ကောင်းမွန် ရှင်သန်လေပင် ဖြစ်သည်။

သို့သော် ကမ္ဘာ့လူဦးရေ သိသာစွာ များလာပြီး နေရာအနှံ့ဖြန့်ကျက် နေထိုင်လာကြခြင်းနှင့်အတူ မျိုးစိတ်အရေအတွက် တိုးလာခြင်းမရှိဘဲ ယုတ်လျော့လျက် ရှိသည်။

မျိုးတုံးရခြင်းအကြောင်းရင်းများမှာ တိရစ္ဆာန်များကို အလွန်အကျွံဖမ်းခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ သစ်တောခုတ်လှဲမှု စသည်တို့ကြောင့် သတ္တဝါတို့၏ နေထိုင်စရာပျက်စီးခြင်း၊ အစာအတွက် အပြိုင်ရှာဖွေရခြင်း စသည်တို့ ဖြစ်ကြသည်။

ရာသီဥတုပြောင်းလဲကာ ကမ္ဘာကြီးပူနွေးလာနေမှုသည်လည်း အကြောင်းတစ်ရပ်အနေနှင့် နောက်ပိုင်းတွင် ပါဝင်လာရာ ယခုအခါ တစ်ရက်လျှင် မျိုးစိတ် ၁၀၀ နှုန်းခန့် မျိုးတုံးနေသည်ဟု ခန့်မှန်းကြသည်။

လေ့လာချက်များအရ ရာသီဥတုပြောင်းလဲမှုကြောင့် လက်ရှိအပင်နှင့် သတ္တဝါမျိုးစိတ်၏ သုံးပုံတစ်ပုံသည် ၂၀၅၀ ပြည့်နှစ်တွင် မျိုးတုံးသွားဖွယ်ရာ ရှိနေသည်။ မျိုးတုံးမှု အရှိန်ရလာနေသည်နှင့်အမျှ လူအပါအဝင် သက်ရှိများ၏ စားဝတ်နေရေးသည်လည်း ရင်လေးစရာ အခြေအနေသို့ ဆိုက်နေသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s