လူတိုင်းရေချွေတာစွာသုံးစွဲရေး

စိုက်ပျိုးသူ၊ ထုတ်လုပ်သူ၊ ရောင်းချသူ၊ သုံးစွဲသူများ ပါဝင်သည့် ရေသုံးစွဲမှုဖြစ်စဉ် ကွင်းဆက်တွင် လူသည် နောက်ဆုံးသုံးသူ ဖြစ်သည့်အတွက် လူတိုင်းရေချွေတာကြဖို့ အရေးကြီးလှသည်။ ယင်းဖြစ်စဉ်၌ နိုင်ငံသားများအား ဦးဆောင်စည်းရုံးပညာပေးကာ ရေချွေတာရေးကို နိုင်ငံအဆင့် အောင်မြင်အောင် လုပ်သည့် နိုင်ငံများအနက် စင်ကာပူသည် ထင်ရှားသည်။

စင်ကာပူနိုင်ငံသားတို့၏ တစ်ဦးချင်း ရေသုံးစွဲမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်က ၄၃ ဂါလန်ခန့် ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၃၇ ဂါလန်အထိ လျော့ကျလာခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် တစ်ရက်လျှင် ၃၄ ဂါလန်ခန့် အထိလျှော့ချရန် စီမံထားသည်။

နိုင်ငံသားတိုင်း ရေချွေတာရေး နိုင်ငံအဆင့် ကြိုးပမ်းချက်တွင် နောက်ဆုံး ပါဝင်လာသည့် နိုင်ငံမှာ ဆော်ဒီအာရေဗျ ဖြစ်သည်။ ဆော်ဒီအာရေဗျသည် နိုင်ငံတွင်း ရေသုံးစွဲမှုကို ထိရောက်စွာ လျှော့ချမည့် အစီ အစဉ်ကို ၂၀၁၉ ခုနှစ်က စတင်ခဲ့သည်။ လူဦးရေ ၃၃ သန်းကျော် နေထိုင်သည့် ဆော်ဒီအာရေဗျသည် တစ်ဦးချင်းရေသုံးစွဲမှုတွင် အမေရိကန်နှင့် ကနေဒါတို့နောက် တတိယနေရာတွင်ရှိသည်။ လက်ရှိ တစ်ဦးလျှင် ရေဂါလန် ၇၀ သုံးနေရာမှ ၂၀၂၀ ပြည့်နှစ်အကုန်တွင် ဂါလန် ၅၀ မှ ၂၀၃၀ ပြည့်နှစ်တွင် ၄၀ အထိလျှော့ချရန်ရှိသည်။

ရေချွေတာသုံးစွဲကြပါစို့ ရှုစားရန်

ရေအသုံးချွေတာခြင်းသည် ရေအရင်းအမြစ်အသစ် တစ်ခုကို ရှာဖွေတွေ့ရှိခြင်းနှင့် အလားတူသည်။ ဥပမာ မျက်နှာသစ်နေချိန်တွင် ရေပိုက်ခေါင်းကို တောက်လျှောက် ဖွင့်ထားမည့်အစား ဆပ်ပြာဖြင့် မျက်နှာကို ပွတ်နေခိုက်တွင် ပိတ်ထားနိုင်လျှင်ပင် လူတစ်ဦး တစ်ရက်လျှင် တစ်ဂါလန်၏ လေးပုံတစ်ပုံခန့်သော ရေတို့ကို ချွေတာလိုက်နိုင်သည်။ အဆိုပါ အလေ့အကျင့်မျိုးကို မြို့တစ်မြို့ရှိ လူတစ်သန်း လိုက်လုပ်လျှင် ယင်းမြို့ ရေပေးရေးစနစ်တွင် တစ်ရက်လျှင် ရေလက်ကျန် ဂါလန် ၂၅၀၀၀၀ မျှပိုထွက်လာသည်။ တစ်နှစ်ဆိုပါက ဂါလန်သန်း ၉၀ မျှ ပို၍ လက်ကျန်ရှိနေမည်။ ဖော်ပြပါ ဥပမာအပြင် အခြားရေချွေတာနိုင်သော နည်းလမ်းပေါင်း မြောက်မြားစွာကို မြို့နေလူအများစု လိုက်နာ ကျင့်သုံးကြလျှင် အဆိုပါမြို့သည် ဂါလန်သန်းရာပေါင်းများစွာ သောရေအတွက် အရင်းအမြစ်အသစ် ရှာစရာမလိုတော့ဘဲ ရှိပြီးရေ အရင်းအမြစ်မျှနှင့် ပြေလည်နေလိမ့်မည်။

ရေချွေတာခြင်းသည် မိမိကိုယ်တိုင် အပါအဝင် လူသားတစ်ရပ်လုံး၏ အနာဂတ်အတွက် အရေးပါလှကြောင်း လူတိုင်း၏ နှလုံးသားတွင် စွဲမြဲစွာ လက်ခံ ယုံကြည် လိုက်နာ ကျင့်သုံးအောင် လုပ်ဖို့ လိုအပ်သည်။ စင်ကာပူ၌ ရေချွေတာရေး စီမံချက် အောင်မြင်ခြင်းသည် အစိုးရက နိုင်ငံသားတို့အား ထိရောက်စွာ ပညာပေး စည်းရုံးနိုင်သောကြောင့် ဖြစ်သည်။

Leave a comment