
၂၀၁၃ ခုနှစ် မတ်လနှင့်ဇူလိုင်လများက စဉ့်ကူး၊ မန္တလေး၊ ပြည်၊ ဟင်္သာတနှင့် ညောင်တုန်းမြို့များရှိ ဧရာဝတီမြစ်တွင် ရေနမူနာများရယူပြီး ဧရာဝတီမြစ်ရေ ညစ်ညမ်းခြင်းလေ့လာချက်တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါ လေ့လာချက်အရ သတ္တုတူးဖော်ခြင်း၊ သစ်တောပြုန်းခြင်း၊ မြေယာအသုံးချမှု စသည်တို့ကြောင့် တစ်နှစ်လျှင် တန်ချိန် ၃၆၀ မျှရှိသည့် မြေစာများ၊ နုံးအနည်များ ဧရာဝတီမြစ်တွင်းသို့ ဝင်ရောက်လျက်ရှိသည်။
ရေနေသတ္တဝါတို့ရှင်သန်ရေးအတွက် အရေးပါသည့်အောက်ဆီဂျင်သည် မြစ်ရေ၌ လုံလောက်စွာ မရှိပေ။ ရေတစ်လီတာလျှင် အောက်ဆီဂျင် ၆ မီလီဂရမ်အထက်ရှိမှ ငါးသားပေါက်ခြင်း၊ ရှင်သန်ခြင်းတို့ဖြစ်နိုင်ပြီး ၁၀ မီလီဂရမ်ရှိမှရေနေသတ္တဝါများ ပေါကြွယ်သည်။ ဧရာဝတီရေတွင် အောက်ဆီဂျင်အများဆုံး ၉ မီလီဂရမ် ခန့်သာ ရှိပြီး အချို့နေရာများ၌ ၄ မီလီဂရမ်အထိ လျော့နည်းနေသည်။
ရေတစ်လီတာ၌ အာဆင်းနစ် ၁၀ မိုက်ကရိုဂရမ်ထက် မပိုသင့်သော်လည်း စဉ့်ကူးနှင့် မန္တလေးတို့တွင် နွေအခါ ရေနည်းချိန်တွင် ၃၀ အထိမြင့်မားပြီး မိုးအခါ ၁၀ အထိလျော့နည်းသွားသည်။ ပြည်၊ ဟင်္သာတနှင့် ညောင်တုန်းတို့တွင်မူ နွေအခါ ၁၀ မိုက်ကရိုဂရမ်ခန့်ရှိပြီး မိုးအခါတွင် မတွေ့ရတော့ချေ။
ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေးအကြွင်းအကျန်များလည်း မြစ်ရေထဲသို့ ဝင်နေသည်။ ရေနမူနာယူ စမ်းသပ်သည့် နေရာတိုင်းတွင် အီးကိုလိုင် ဘက်တီးရီးယား ပါဝင်နေသည်ကိုတွေ့ရသည်။ ယင်းဘက်တီးရီး ယားပါဝင်မှုက ရေတွင် လူ့မစင်အညစ်အကြေးပါဝင်ရောနှောနေမှုကို ညွှန်းဆိုပြသသည်။
ရေညစ်ညမ်းမှုပြဓာတ်ပေါင်းတစ်မျိုးဖြစ်သော အမိုးနီးယားနိုက်ထရိုဂျင်ကို မြစ်ဝကျွန်းပေါ်ဒေသတွင် မြင့်မားစွာ ပါဝင်နေကြောင်းတွေ့ရသည်။
၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း အဖွဲ့အစည်းနှစ်ခုက ပူးတွဲပြုလုပ်သော လေ့လာချက်တစ်ခုအရ ဧရာ ဝတီမြစ်တွင်းသို့ မိုက်ကရိုပလတ်စတစ်ခေါ် စွန့်ပစ်ပလတ်စတစ်အစအနတန်ချိန် ၁၂၀ မျှ နေ့စဉ် ဝင်ရောက်နေသည်ဟု သိရသည်။ ယင်းလေ့လာချက်ကို စစ်ကိုင်း၊ မန္တလေး၊ ချင်းတွင်း၊ မကွေး၊ မြစ်ဝကျွန်းပေါ်၊ ရန်ကုန်နှင့် အလယ်ပိုင်းခြောက်သွေ့ဒေသတို့တွင် ပြုလုပ်ခဲ့သည်။ မိုက်ကရိုပလတ်စတစ် ဆိုသည်မှာ အရှည်ငါးမီလီမီတာထက်နည်းသော ပလတ်စတစ်အကျိုးအပဲ့အစအနများကိုခေါ်သည်။ မြစ်ဝကျွန်းပေါ်ဒေသက တစ်ရက်လျှင် ပလတ်စတစ် ၃၂ တန်စွန့်ပစ်သဖြင့် အများဆုံး ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးက ၂၉ တန်ဖြင့် ဒုတိယလိုက်သည်။