မြေအောက်ရေအထုတ်လွန်ခြင်း၏ အကျိုးဆက်ဖြစ်သည့် ရေမျက်နှာပြင်နိမ့်ကျလာခြင်းကြောင့် မြို့ကြီးများ၏ မြေပြင်ကျွံဆင်းခြင်းတည်းဟူသောထပ်ဆင့်အကျိုးဆက်ကို ဖြစ်ပေါ်စေလျက် ရှိသည်။ သဲလုံး ကျောက်လုံး များကြားတွင် ရေများမရှိတော့သောအခါ ဂလိုင်ပေါက်ငယ်များ ဖြစ်လာပြီး အပေါ်မြေလွှာများ၏ ဝန်အားကို မခံနိုင်တော့သဖြင့် တဖြည်းဖြည်းအိကျလာကာ နောက်ဆုံးတွင် အပေါ်ပိုင်းမြေလွှာများပါ ကျွံဆင်းလာသည်။

မက္ကဆီကိုစီးတီးရှိအဆောက်အအုံတစ်လုံး
ယင်းဖြစ်ရပ်မျိုးကို မက္ကဆီကိုနိုင်ငံ၏မြို့တော် မက္ကဆီကိုစီးတီးတွင်သိသာစွာမြင်နိုင်ကြသည်။ မက္ကဆီကိုစီးတီးတွင် လိုအပ်သော သောက်ရေပမာဏ၏ ၇၀ ရာခိုင်နှုန်းကို မြေအောက်မှ ရယူနေရာ ယင်းမြေအောက် ရေကြောများသည် အများဆုံး နှစ်ပေါင်း ၂၀၀ အတွင်းခန်းခြောက်သွားရန်ရှိနေသည်။ မြေအောက်ရေ အထုတ်လွန်ခြင်းကြောင့် မြို့တော်အောက်မှမြေလွှာများ ကျွံဝင်နေပြီး မြို့မျက်နှာပြင် နိမ့်ကျလျက်ရှိသည်။ မြို့တော်၏ အချို့နေရာများတွင် လွန်ခဲ့သောနှစ် ၁၀၀ အတွင်း ၂၅ ပေမျှ နိမ့်ဆင်းကျွံဝင်သွားသဖြင့် ယိုင်စောင်းနေသော ဘုရားရှိခိုးကျောင်းများ၊ တွန့်လိမ်နေသော ရေပိုက်လိုင်းများ၊ အက်ကွဲနေသော လမ်းမများကို တွေ့နိုင်သည်။
မြေအောက်ရေထုတ်ယူမှုအများဆုံးငါးနိုင်ငံ
နိုင်ငံ | ကုဗမိုင် (တစ်နှစ်လျှင်) |
အိန္ဒိယ | ၄၆ |
အမေရိကန် | ၂၆ |
ပါကစ္စတန် | ၁၄ |
တရုတ် | ၁၃ |
အီရန် | ၁၃ |
ထို့အတူ အမေရိကန်နိုင်ငံ ဟျူစတန်၊ တရုတ်နိုင်ငံ ပေဂျင်း၊ ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒါကာ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ အာဂျင်တီးနားနိုင်ငံ ဘွေနိုဇဲမြို့၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တို့အောက်ရှိ မြေ အောက်ရေကြောများသည်လည်း အလွန်အကျွံထုတ်သုံးမှုကြောင့် လျော့နည်းလာခြင်း၊ ရေငန်နှင့် အခြားအညစ်အကြေးများ ဝင်ရောက်ရောနှောလာခြင်းတို့ကို ကြုံတွေ့နေရသည်။
အဆိုးဆုံးမှာဂျကာတာဖြစ်သည်။ ဂျကာတာတွင် သောက်သုံးရေအတွက် တရားဝင်ရော တရားမဝင်ပါ အဝီစိတွင်းပေါင်း မြောက်မြားစွာတူးဖော်၍ ရေရယူကြသည်။ မြေအောက်ရေထုတ်ယူမှု အလွန် များလာချိန်တွင် မြို့ပြအဆောက်အအုံများနှင့်အတူ ကွန်ကရစ်ပြင်များ ကတ္တရာပြင်များလည်း အနှံ့အပြား ပေါ်ပေါက်လာသဖြင့် မြို့တော်မြေပြင်ဧရိယာ၏ ၄၀ ရာခိုင်နှုန်းခန့်သည် ပျမ်းမျှပင်လယ်ရေပြင်ထက် နိမ့်ကျသွားပြီ ဖြစ်သည်။
ရေငန်ဝင်
မြေအောက်ရေအထုတ်များ၍ မြေလွှာမကျွံသည့်တိုင်အောင် ယင်းနေရာသည်ကမ်းရိုးတန်းဒေသတွင်ဖြစ်ပါက ကုန်ခန်းသွားသော ရေချိုများ၏နေရာသို့ ပင်လယ်ရေငန် တိုးဝင်ရောနှောလာကာ ရှိနှင့်ပြီး ရေချိုကြောများ သောက်မရသုံးမရသည့် အခြေအနေကို ရင်ဆိုင်နေရ သည်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ ဝါရှင်တန် ပြည်နယ်၊ မြေထဲပင်လယ် ဆိုက်ပရပ်စ်ကျွန်း၊ အာဖရိကတိုက် မော်ရိုကိုနိုင်ငံ၊ ဘီနင်းနိုင်ငံ၊ တူနီးရှားနိုင်ငံ၊ အာရှတိုက် တရုတ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ စသည့်ကမ္ဘာ့နေရာအများအပြားတွင် ရေချိုကြောများသို့ ပင်လယ် ရေငန်ဝင်ရောက်ရောနှောနေသည်။ ခန့်မှန်းချက်များအရ ကမ်းရိုးတန်း မြေအောက်ရေကြောများ၏ ၆၀ ရာခိုင်နှုန်းသို့ ပင်လယ်ရေငန် အနည်း နှင့်အများ ဝင်ရောက်လျက်ရှိသည်။ ယခုအခါ ရာသီဥတုပြောင်းလဲမှု ကြောင့် ရေခဲပြင်ရေခဲမြစ်များ အရည်ပျော်ပြီး ပင်လယ်ရေပြင်မြင့်တက် လာခြင်းကလည်း ရေချိုကြောသို့ ရေငန်ဝင်သည့်အန္တရာယ်ကို ပို၍ကြီးထွားလာစေလျက် ရှိသည်။
2 thoughts on “မြေအောက်ရေအထုတ်လွန်၍ မြေကျွံခြင်း”