နယ်စပ်ဖြတ်စီးမြစ်များ(မဲခေါင်မြစ်)

မဲခေါင်မြစ်သည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် ခြောက်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းသည်။ တိဘက်ကုန်းမြင့်တွင်မြစ်ဖျားခံသော မဲခေါင်နှင့်ယင်း၏လက်တက်များသည် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နှင့်ဗီယက်နမ်ရှိ လူသန်း ၆၀ တို့အတွက် အစားအစာ၊ သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် ခရီးသွား လာရေးအတွက် များစွာအထောက်အကူပေးသည်။ မဲခေါင်သည် မြစ်ဖျားခံရာ တရုတ်ပြည်မှတောင်တရုတ်ပင်လယ်တွင်း စီးဝင်ရာအထိ မိုင် ၂၆၀၀ ရှည်လျားသည်။ မဲခေါင်မြစ်ကြောင့် ဒေသတွင်းရေကြောင်း သွားလာရေးအဆင်ပြေခြင်း၊ သောက်သုံးရေ စိုက်ပျိုးရေနှင့် စက်မှုလုပ်ငန်းသုံး ရေရရှိခြင်း၊ ရေအားလျှပ်စစ်ထုတ်ယူနိုင်ခြင်း၊ ဂေဟစနစ်များ ရှင်သန်ခြင်း၊ ငါးလုပ်ငန်း ဖြစ်ထွန်းခြင်းစသည့် အကျိုးကျေးဇူးများ ရှိသည်။ မြစ်ကြေဒေသကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့တွင် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများအကြီးအကျယ်အောင်မြင်သည်။ မဲခေါင်မြစ်အတွင်း ဂေဟစနစ်များ ကောင်းမွန်လှသဖြင့် ငါးစသည်တို့အတွက် အစာအာဟာရပေါများလှသည်။ မြစ်အတွင်းဖမ်းမိသော ငါးပမာဏသည် ကမ္ဘာ့မြစ်များအားလုံးတွင်ဖမ်းယူရရှိသော ငါးစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းမျှရှိသည်။

ယခုအခါများပြားလာသော လူဦးရေနှင့် တိုးတက်လာသော စီးပွားရေးတို့ကြောင့် မဲခေါင်မြစ်နိုင်ငံများအကြား ခက်ခဲသည့် ပြဿနာ များ ပေါ်ပေါက်နေသည်။ မြစ်ညာမှ နေရာယူထားသော တရုတ်သည် မဲခေါင်မြစ်ရိုး တစ်လျှောက်သူ့နိုင်ငံထဲတွင် ရေကာတာအကြီးစား ၁၁ ခုဆောက်ပြီးဖြစ်ကာ နောက်ထပ်ရှစ်ခုဆောက်ရန် ရာထားသည်။ လာအိုကလည်း အရှေ့တောင်အာရှ၏ ဘက်ထရီဖြစ်ရမည်ဟု ဆိုကာ ရေကာတာကြီးများဆောက်လုပ်နေသည်။ ယခုအခါ မဲခေါင်မြစ်ရိုးတစ်လျှောက်တွင် ဆောက်ပြီး ဆောက်ဆဲ ဆောက်မည့် ရေအားလျှပ်စစ် ၁၅ မက်ဂါဝပ်နှင့်အထက်ထုတ်နိုင်သည့်ရေကာတာပေါင်း ၂၀၀ ခန့်ရှိသည်။

တရုတ်ရေကာတာများကြောင့်မဲခေါင်မြစ်ခန်းခြောက်လာနေပုံ ရှုစားရန်

၂၀၁၆ ခုနှစ်က မဲခေါင်အောက်ပိုင်း၌ မိုးခေါင်၍ တရုတ်ရေကာတာများမှ ရေပိုလွှတ်ချပေးရန် ဆိုင်ရာ နိုင်ငံများက တရုတ်အစိုးရကို မေတ္တာရပ်ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ်အစပိုင်းကလည်း မဲခေါင်မြစ်ပေါ်ရှိ တရုတ်ပိုင် ဂျင်ဟောင်းရေကာတာကို ပြုပြင်ထိန်းသိမ်းမှုများလုပ်ရန် ရေအကုန်ဖွင့်ချသဖြင့် လာအိုနှင့် ထိုင်းနိုင်ငံများရှိ စိုက်ပျိုးရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများပျက်စီးခဲ့သည်။ ရေကာတာ ပြင်ဆင်ပြီး၍ ရေပြန်သိုလှောင်ချိန်နှင့်မြစ်အောက်ပိုင်းဒေသတွင် မိုးနည်းချိန်နှင့်ကြုံသဖြင့် ရေပိုလွှတ်ချပေးရန် တရုတ်အစိုးရကို မေတ္တာရပ်ခံခဲ့ရပြန်သည်။

အထက်ပါဖြစ်ရပ်များကိုကြည့်၍ တရုတ်သည် ယင်းရေကာတာများကိုအသုံးချ၍ မဲခေါင်ရေစီးကို ရပ်တန့်စေကာ မြစ်အောက်ပိုင်း နိုင်ငံများ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအခက်တွေ့အောင် လုပ်နိုင်စွမ်း ရှိနေပြီ၊ တစ်နည်းဆိုရသော် တရုတ်သည် ရေပိုက်ခေါင်းဒစ်ပလိုမေစီကိုသုံးနိုင်စွမ်းရှိသွားပြီဟု အာရှပစိဖိတ်ဒေသ နိုင်ငံရေးသုတေသီဒေးဗစ်ဟတ်ကဆိုသည်။ ရေပိုက်ခေါင်းဒစ်ပလိုမေစီဆိုသည်မှာ မဲခေါင်မြစ်ရေကို ပိတ်လိုကပိတ်၊ ဖွင့်လိုကဖွင့်၊ ဖွင့်လျှင်လည်း မိမိဖွင့်ချင်သလောက်သာဖွင့်၍ မြစ်အောက်ပိုင်းနိုင်ငံများကို မိမိအလိုကျလိုက်လုပ်ရန် အကျပ်ကိုင်ခြင်းကို ဆိုလိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s