
ရာသီဥတုပြောင်းလဲမှုသည် လူ့ကျန်းမာရေးကို ထိခိုက်စေသည့်အပြင် သက်ရှိမျိုးစိတ်အများအပြားကို မျိုးတုံးစေပြီး ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားစေရန် ခြိမ်းခြောက်နေသည်။ မျိုးစိတ်ဆိုသည်မှာ အပင်နှင့် သက်ရှိသတ္တဝါများကို အုပ်စုဖွဲ့ခေါ်ဝေါ်သည့် ဇီဝဗေဒဝေါဟာရ ဖြစ်သည်။ မျိုးစိတ်တစ်ခုအတွင်းရှိ သက်ရှိများသည် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အမူအရာစသည့် ကိုယ်ပိုင်ထူးခြားသော လက္ခဏာများရှိကြပြီး အချင်းချင်းမျိုးပွားခြင်းအမှုကိုဆောင်ရွက်ကာ မျိုးဆက်သစ်များ ပေါ်ပေါက်လာစေသည်။ ထို့ကြောင့် လူ၊ ခွေး၊ ငါး၊ ငှက် စသောသတ္တဝါများ၊ သစ်ခွ၊ ကျွန်းစသည့်အပင်များသည် မျိုးစိတ်များဖြစ်ကြသည်။
အစာကွင်းဆက်
သတ္တဝါမျိုးစိတ်တို့သည် အစာအတွက် တစ်မျိုးကိုနောက်တစ်မျိုးက စား၊ တစ်ဖန် ယင်းသတ္တဝါကို နောက်ထပ်သတ္တဝါတစ်မျိုးက ထပ်စားစသည်ဖြင့် ကွင်းဆက်ပမာစား၍ ရှင်သန်နေကြသည်။ ဥပမာ ရေသတ္တဝါတို့၏ အစာကွင်းဆက်တွင် ရေတွင်ရှင်သန်သော ဖိုင်တိုပလန်တွန်ခေါ် အပင်ငယ်များကို ဇူးပလန်တွန်ခေါ် အလွန်သေးငယ်သည့်ရေသတ္တဝါများက စားသည်။ ဇူးပလန်တွန်များကို ခရု၊ ပုစွန်၊ ဂျယ်လီငါး၊ ကြယ်ငါးတို့က စားသည်။ ခရု၊ ပုစွန်စသည့် ရေသတ္တဝါငယ်တို့ကို ယင်းတို့ထက်ပိုကြီးသည့် ငါးမည်းလုံး၊ မက်ကရယ်ငါးစသည်တို့ကစားသည်။ ငါးမည်းလုံး၊ မက်ကရယ်ငါးစသည်တို့ကို ယင်းတို့ထက် ပိုကြီးသည့် ငါးမန်း၊ လင်းပိုင်တို့က စားပြန်သည်။
မြေပေါ်တွင်လည်း သမင်၊ ဆိတ်၊ နွားစသည်တို့က သစ်ရွက်များကိုလည်းကောင်း၊ ယုန်တို့က မုန်လာဥဝါကို လည်းကောင်း စားသည်။ သမင်ကို ခြင်္သေ့က၊ ယုန်ကို မြေခွေးက ထပ်စားသည်။ ထို့အတူ ဆိတ်၊ နွားစသည်တို့၏အသားကို ခြင်္သေ့၊ လူစသည်တို့က စားသည်။ လေထဲတွင်လည်း ပိုးကောင်၊ ငှက်စသည်တို့ ပါဝင်သော အစာကွင်းဆက် ရှိသည်။
ဥပမာပြ အစာကွင်းဆက်တွင်ပါသော သမင်၊ ဆိတ်၊ နွား၊ ယုန်၊ ခြင်္သေ့၊ မြေခွေး၊ လူစသည်တို့သည် ဖော်ပြခဲ့သောအစာတစ်မျိုးတည်းကိုသာ စားသည်မဟုတ်ချေ။ ဥပမာ လူသည် ဆိတ်၊ နွားစသည့် ကုန်း သတ္တဝါများအပြင် ငါး၊ ပုစွန်၊ ကဏန်းစသည့် ရေသတ္တဝါများနှင့် လေထဲရှိ ငှက်မျိုးစိတ်အချို့ကိုပါ စားသည်။ ထို့ကြောင့် လူ၏အစာကွင်းဆက်တွင် မိမိတို့တိုက်ရိုက်စားသောက်သည့် ဆိတ်၊ နွား၊ ငါး၊ ပုစွန်၊ ကဏန်း၊ ငှက်မျိုးစိတ်အချို့စသည်တို့သာမက ဆိတ်၊ နွားတို့စားသည့် အသီးအရွက်များ၊ ငါး ပုစွန်တို့စားသည့် ရေအောက်ပလန်တွန်အပင်ငယ်များ၊ ငှက်တို့စားသော ပိုးကောင်များစသဖြင့် များပြားကျယ်ပြန့်စွာ ပါဝင်ကာ အလွန်ရှုပ်ထွေးသော အစာကွန်ရက်ကြီးသဖွယ် ဖြစ်နေသည်။
လူအပါအဝင် မျိုးစိတ်များသည် အစာအာဟာရအတွက်သာမက နေထိုင်ရေး၊ ကျန်းမာရေးစသည်တို့ အတွက်လည်း အခြားအခြားသော မျိုးစိတ်များကို မှီခိုနေကြသည်။ ဥပမာ လူတို့၏ နေရေးထိုင်ရေးအတွက် သစ် ဝါးစသည့်မျိုးစိတ်များကို လိုအပ်သည်။ ငှက်တို့သည် သစ်ပင်များကို အဓိက နေစရာအဖြစ် အားကိုးကြရသကဲ့သို့ ရေအောက်သန္တာကျောက်တန်းများသည် ရေသတ္တဝါများ၏ ခိုလှုံနေထိုင်ရာ ဖြစ်သည်။ လူနှင့် တိရစ္ဆာန်များ၏ နေစရာများ လေပြင်းနှင့် ရေတိုက်စားမှုကြောင့် ပျက်စီးမှုကို သစ်ပင်မျိုးစိတ်များက အကာအကွယ် ပေးသည်။
လူတို့အတွက် အဝတ်အထည်များထုတ်လုပ်မှုသည်လည်း သဘာဝမျိုးစိတ်များနှင့်မကင်းချေ။ လူသုံးဆေးဝါး အများအပြားကို အပင်များမှထုတ်ယူထားသည်။ ဆေးဝါးအဖြစ်ထုတ်လုပ်နိုင်ရန် အလားအလာရှိသော်လည်း သုတေသနမလုပ်ရသေးသဖြင့် အသုံးမချနိုင်သေးသော အပင်မျိုးစိတ် အမြောက်အမြား ကျန်နေသေးသည်။ ထို့အတူ ဖိုင်ဘာ၊ ဆိုးဆေး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအချို့ကိုလည်း ဇီဝမျိုးစိတ်များမှ ထုတ်လုပ် ထားသည်။
စွန့်ပစ်လိုက်သော လူနှင့်တိရစ္ဆာန်တို့၏အညစ်အကြေးများကို သဘာဝက သန့်စင်ပေးရာတွင်ပင် ဇီ၀ မျိုးစိတ်များ၏ကဏ္ဍနှင့်မကင်းချေ။ လူ့အညစ်အကြေးများကို ဝန်းကျင်လေထုနှင့်မြေထု အဆိပ်မဖြစ်စေရန် အန္တရာယ်ကင်း ဓာတ်ပေါင်းများဘဝသို့ ဘက်တီးရီးယားတို့က ပြောင်းပေးသည်။
ဇီဝမျိုးစုံမျိုးကွဲများ
ယနေ့ကမ္ဘာတွင် မျိုးစိတ် ၈ . ၇ သန်းခန့်ရှိသည်ဟု ခန့်မှန်းကြသည်။
ဒေသတစ်ခုတွင် ရှင်သန်တည်ရှိသည့် ကွဲပြားခြားနားသော မျိုးစိတ်များအစုအရုံးကို ဇီဝမျိုးစုံမျိုးကွဲများဟု ခေါ်သည်။
မျိုးစိတ်များသည် မိမိတို့တစ်မျိုးတည်း ကြာရှည်ရှင်သန်နေထိုင်ရန်မဖြစ်နိုင်ဘဲ တစ်မျိုးပေါ်တစ်မျိုး အပြန်အလှန် မှီခိုရှင်သန်နေကြသည့်အတွက် နေရာတစ်ခုတွင် ဇီဝမျိုးစုံမျိုးကွဲ များလေ ယင်းနေရာ၏ ဇီဝစနစ် ကောင်းမွန် ရှင်သန်လေပင် ဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲများ ရှုစားရန်
ကမ္ဘာ၏ လက်ရှိအခြေအနေတွင် မျိုးစိတ်အရေအတွက် တိုးလာခြင်း မရှိဘဲ ယုတ်လျော့လျက် ရှိသည်။ လက်ရှိမျိုးစိတ်ယုတ်လျော့မှုသည် လွန်ခဲ့သောနှစ်တစ်သိန်းခန့်မှ စတင်ခဲ့သည်။ ယင်းအချိန်မှစ၍ ကမ္ဘာ့လူဦးရေ သိသာစွာများလာပြီး နေရာအနှံ့ဖြန့်ကြက်နေထိုင်လာကြခြင်းနှင့်အတူ မျိုးစိတ် မျိုးတုံးမှုနှုန်း မြင့်တက်လာခဲ့သည်။ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာနေသည်။
မျိုးတုံးရခြင်းအကြောင်းရင်းများမှာ တိရစ္ဆာန်များကို အလွန်အကျွံဖမ်းခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ သစ်တောခုတ်လှဲမှုစသည်တို့ကြောင့် သတ္တဝါတို့၏နေထိုင်စရာ ပျက်စီးခြင်း၊ အစာအတွက် အပြိုင်ရှာဖွေရခြင်း စသည်တို့ ဖြစ်ကြသည်။ ရာသီဥတုပြောင်းလဲကာ ကမ္ဘာကြီးပူနွေးလာနေမှုသည်လည်း အဓိကအကြောင်း တစ်ရပ်အနေနှင့်ပါဝင်လာရာ မျိုးစိတ်ပေါင်း ၃၅၀၀၀ ခန့်သည် မျိုးတုံးပျောက်ကွယ်သွားနိုင်သော အန္တရာယ်ရှိနေသည်။
မျိုးတုံးမှု အရှိန်ရလာနေသည်နှင့်အမျှ လူအပါအဝင် သက်ရှိများ၏ စားဝတ်နေရေးသည်လည်း ရင်လေးစရာ အခြေအနေသို့ ဆိုက်နေသည်။
ယင်းဖြစ်ရပ်ကို ဟန့်တားနိုင်ရန် ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံမျိုးကွဲများ အကြွယ်ဝဆုံးလည်း ဖြစ်၊ ယင်းဇီဝမျိုးစုံ မျိုးကွဲများ လျော့နည်းပျောက်ကွယ်နိုင်သည့်အန္တရာယ်လည်း အများဆုံးတွေ့နေရသည့် ကမ္ဘာ့ဒေသများကို ရှာဖွေသတ်မှတ်၍ အထူးတလည် လေ့လာသုတေသနပြုနေကြသည်။ ယင်းဒေသများ၏ စုစုပေါင်း ဧရိယာသည် ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၁ ဒသမ ၄ ရာခိုင်နှုန်းမျှသာရှိသော်လည်း ကမ္ဘာပေါ်ရှိ အပင်မျိုးစိတ် စုစုပေါင်း၏ထက်ဝက်နီးပါးနှင့် ကျောရိုးရှိသတ္တဝါမျိုးစိတ်စုစုပေါင်း၏ သုံးပုံတစ်ပုံခန့် တည်ရှိသည်။
အာဖရိကတိုက် ကော့စတာရီကာနိုင်ငံတွင် သုတေသနပြုနေကြသည့် သိပ္ပံပညာရှင်များ၏ နောက်ဆုံး တွေ့ရှိချက်အရ ရာသီဥတုပြောင်းလဲမှုဒဏ်သည် ဝက်ဝံဖြူကဲ့သို့ အအေးပိုင်းသတ္တဝါများထက် အပူပိုင်း အပင်များနှင့် သတ္တဝါများကို ပို၍ဆိုးကျိုးဖြစ်စေနိုင်သည်ဟု သိရသည်။ တက်လာသော လေထုအပူချိန်သည် အပူပိုင်းသက်ရှိများခံနိုင်သည့် အမြင့်ဆုံးအပူချိန်နှင့်တဖြည်းဖြည်း နီးကပ်လာနေ၍ ယခုထက်ပိုမိုပူနွေးလာလျှင် သက်ရှိ အများအပြား သေဆုံး မျိုးတုံးကြမည့် အလားအလာ ရှိနေသည်။
ပွယ်တိုရီကိုနိုင်ငံ မိုးသစ်တောများထဲတွင် အများအပြားတွေ့ရသည့် ဖားမျိုးအချို့၏ အရေအတွက်သည် လျင်မြန်စွာယုတ်လျော့နေသည်။ အချို့နေရာများတွင် ညအခါ ကြားနေကျ ဖားအော်သံများ မကြားရသည်မှာ ကြာပြီဟု ဆိုသည်။ အခြားကမ္ဘာ့နေရာ အတော်များများတွင်လည်း ဖားမျိုးစိတ်များ ပျောက်ကွယ်လာနေသည့် သတင်းများ ထွက်ပေါ်နေသည်။
မျိုးတုံးရခြင်းအကြောင်း အမျိုးမျိုးရှိသည့်အနက် ရာသီဥတု ပြောင်းလဲမှုကြောင့် ပထမဆုံး မျိုးတုံးသွားခဲ့ သည်ဟု ယူဆရသည့် မျိုးစိတ်မှာ အာဖရိကတိုက် ကော်စတာရီကာနိုင်ငံမှ ရွှေရောင်ဖားပြုပ် ဖြစ်သည်။
ရွှေရောင်ဖားပြုပ်များသည် ကော်စတာရီကာနိုင်ငံ မွန်းဗာ့ဒ်ဒေသ ပေ ၄၀၀၀ ကျော်မြင့်သည့် တောင်စောင်း သစ်တောများတွင် နေထိုင်ရှင်သန်ခဲ့သည်။ ယင်းနေရာတွင် တိမ်ခိုးနှင့်မြူများ အချိန်အတော်များများ အုံ့ဆိုင်းနေတတ်သည်။ ပုံမှန်အချိန်တွင် ရွှေရောင်ဖားပြုပ်ရာပေါင်းများစွာသည် နှစ်စဉ် ဧပြီလဝန်းကျင်တွင် တောင်စောင်းရေကန်တစ်ခုတွင် စုရုံးနေတတ်ကြသည်။
လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ခန့်မှစ၍ ယင်းနေရာတွင် အပူချိန်တက်လာမှုကြောင့် တိမ်နှင့်မြူ ဖြစ်ထွန်းမှု သိသာစွာ လျော့ပါးလာကာ ရွှေရောင်ဖားပြုပ်အရေအတွက်လည်း တဖြည်းဖြည်း လျော့နည်းလာသည်။ ၁၉၈၈ ခုနှစ်တွင် ၁၀ ကောင်သာ ကျန်သည်။ ၁၉၈၉ ခုနှစ်တွင် တစ်ကောင်သာ တွေ့ရပြီး ယခုအချိန်အထိ တစ်ကောင်မှ မတွေ့ရတော့သဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ရွှေရောင်ဖားပြုပ်များ ကမ္ဘာပေါ်မှ လုံး၀ ပျောက်ကွယ်သွားပြီဟသ ယူဆရသည်။
ဤသို့ မျိုးစိတ်များ တစ်မျိုးပြီးတစ်မျိုး လျော့နည်းပျောက်ကွယ်လာလျှင် နောက်ဆုံး လူတို့၏အစာအတွက် မှီခိုနေရသော သတ္တဝါနှင့် အပင်မျိုးစိတ်များကိုပါ ထိခိုက်ပြီး အသိဉာဏ်အမြင့်မားဆုံးမျိုးစိတ် ဖြစ်သည့် လူသားတို့၏ ရှင်သန်ရေးကိုပါ ခြိမ်းခြောက်လာနိုင်သည်။