
ဂင်္ဂါမြစ်ထဲသို့ရေဆင်းချိုးလျှင် ပြုခဲ့သောအပြစ်တို့ကွာကျကင်းစင်သွားသည်ဟု ဟိန္ဒူဘာသာဝင်တို့ ယုံကြည်ကြသည့်အလျောက် ယင်းမြစ်ရိုးတစ်လျှောက်တွင် လူနှစ်သန်းကျော်တို့ နေ့စဉ် ရေဆင်းချိုးနေကြသည်။ ထို့ပြင် ဂင်္ဂါရေကို လူပေါင်းသန်း ၄၀၀ တို့က သောက်သုံးရေအတွက် မှီခိုနေရသည်။ သို့သော် ဂင်္ဂါမြစ်၏ ကျန်းမာရေးကို လုံလောက်စွာဂရုမပြုခဲ့ကြချေ။
မြစ်ရိုးတစ်လျှောက်ရှိ မြို့ကြီးပေါင်း ၂၇ မြို့၊ မြို့ငယ်၊ ကျေးရွာများမှ စွန့်ထုတ်လိုက်သော မိလ္လာရည်များသည် လုံးဝသန့်စင်ပြုပြင်ခြင်းမရှိဘဲ သို့မဟုတ် လုံလောက်စွာသန့်စင်ခြင်းမရှိဘဲ ဂင်္ဂါမြစ်ထဲဝင်ရောက်ခဲ့သည်။
ဂင်္ဂါမြစ်ကမ်းတစ်လျှောက်ရှိ စက်ရုံများကလည်း မြစ်ရေညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေသည်။ ဂင်္ဂါမြစ်၏ အူတာပရာဒက်ရှ်ပြည်နယ်အပိုင်းတွင်ပင် စက်ရုံ ၁၅၀ နီးပါးရှိသည်။ ယင်းစက်ရုံများမှ ဟိုက်ဒရိုကလိုရစ် အက်စစ်၊ ပြဒါး၊ သတ္တုလေးများ၊ ဆိုးဆေးများအပါအဝင် စွန့်ပစ်ဓာတ်ပေါင်းများသည် မြစ်ထဲသို့စီးဝင်သည်။
စက်ရုံထွက်အညစ်အကြေးများအပြင် စိုက်ခင်းများမှဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အကြွင်းအကျန်စသည့် စိုက်ပျိုးရေးအညစ်အကြေးများလည်း စီးဝင်လျက်ရှိရာ မိလ္လာရည်၊ စက်မှုစွန့်ထုတ်ရေ၊ စိုက်ခင်းများမှ ထွက်လာသော ရေညစ် စသည်ဖြင့် တစ်ရက်လျှင် ဂင်္ဂါမြစ်ထဲသို့ ညစ်ညမ်းသောရေဂါလန်သန်း ၃၀၀ မျှစီးဝင်နေသဖြင့် ဂင်္ဂါမြစ်သည် အိန္ဒိယနိုင်ငံတွင် အညစ်ညမ်းဆုံးမြစ်ကြီးဟု အသတ်မှတ်ခံခဲ့ရသည်။
ဂင်္ဂါမြစ်ညစ်ညမ်းမှုကိုလျှော့ချရန် စက်မှုလုပ်ငန်းများ၊ စိုက်ခင်းများနှင့်မြို့ရွာများမှထွက်သော စွန့်ပစ်အညစ်အကြေးများကို သန့်စင်စနစ်များအပါအဝင် ဂင်္ဂါမြစ်ကို ကယ်တင်ရန် Ganga Action Plan နှင့် Namami Gange တို့ဖြင့် ကြိုးစားလုပ်ဆောင်ခဲ့သည်။ ယင်းစီမံကိန်းနှစ်ခုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာသန်း ၆၀၀၀ ကျော်သည်။ ယင်းလုပ်ဆောင်မှုကြောင့် ဂင်္ဂါမြစ်ရေအရည်အသွေး များစွာတိုးတက်ခဲ့သည်ဟု အစိုးရပိုင်းက ၂၀၁၉ ခုနှစ်က ပြောသည်။ အချို့ကမူ တိုးတက်သည်မှာမှန်သော်လည်း ကျေနပ်လောက်သည့်အဆင့်အထိမဟုတ်သေးဟု ထောက်ပြသည်။
သို့သော် ၂၀၂၀ မေလတွင် ဂင်္ဂါမြစ်ရေသည် သိသာစွာကြည်လင်လာသည်ဟု အားလုံးက တညီတညွတ်တည်း လက်ခံကြသည်။ ထိုသို့ဖြစ်လာသည်မှာ ဂင်္ဂါကယ်တင်ရေးစီမံကိန်းများကြောင့်မဟုတ်။ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသဖြင့် ဂင်္ဂါမြစ်ထဲသို့ အညစ်အကြေးများစီးဝင်မှု သိသာစွာ နည်းသွားသောကြောင့် ဖြစ်သည်။
သည်အတိုင်းဆိုပါက လုပ်ငန်းများလည်ပတ်မှုပုံမှန်ပြန်ဖြစ်လာလျှင် ဂင်္ဂါမြစ်ရေသည် ပြန်လည်ညစ်ညမ်းလာဦးမည်ဟု ယူဆရသည်။

ဂင်္ဂါမြစ်ကဲ့သို့မရှည်လျား၊ မြစ်ရိုးတလျှောက် မြို့ရွာနှင့်စက်မှုလုပ်ငန်း ဂင်္ဂါမြစ်လောက်မများသော်လည်း ဆိုးရွားစွာညစ်ညမ်းရာတွင် ဂင်္ဂါကဲ့သို့ကျော်ကြားခဲ့ဖူးသည်မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကိုဖြတ်စီးသည့် ထမ်းစ်(Thames)မြစ်ဖြစ်သည်။
ထမ်းစ်မြစ်သည် ခေတ်သစ်တွင်မှမဟုတ်၊ လွန်ခဲ့သည်နှစ်ပေါင်း ၂၀၀ ကျော်ကတည်းကပင် ညစ်ညမ်းခဲ့သည်။ ကမ္ဘာကျော်သိပ္ပံပညာရှင်မိုက်ကယ်ဖာရာဒေးက “ထမ်းစ်ရေတွေတက်လာပြန်ပြီ၊ မြို့ပြအင်ဂျင်နီယာတွေ ဘယ်ရောက်နေသလဲ၊ ခင်ဗျားတို့ဟာ တောင်တွေကိုဖောက်နိုင်တယ်၊ ပင်လယ်တွေကို ဆက်ပေးနိုင်တယ်၊ မြစ်တွေကိုဖြည့်ပေးနိုင်တယ်၊ ထမ်းစ်မြစ်ရေကိုသန့်အောင်လုပ်ပြီး မြို့တော်(လန်ဒန်)ကို နေချင့်စဖွယ်ဖြစ်အောင် လုပ်မပေးနိုင်ဘူးလား”ဟု ရေးခဲ့ဖူးသည်။ ၁၈၅၇ ခုနှစ်က ညစ်ညမ်းသော ထမ်းစ်မြစ်ရေကို သောက်နေကြသူ အများအပြား ဝမ်းရောဂါဖြစ်ကာ လူ ၆၀၀ ကျော်သေဆုံးခဲ့သည်။ ယင်းနောက်တွင်မှ မြို့ရွာများမှထွက်သည့် ရေဆိုးများကိုသန့်စင်သည့်စက်ရုံများ ဆောက်လုပ်လိုက်သောအခါကစ၍ ထမ်းစ်မြစ်ပြန်လည်သန့်ရှင်းလာခဲ့သည်။
ထိုမှ နောက်ထပ်နှစ်တစ်ရာခန့်အကြာ၌ ထမ်းစ်မြစ်ပြန်လည်ညစ်ညမ်းလာကာ ရေနေသတ္တဝါများ မကျက်စား မရှင်သန်နိုင်တော့သည်အထိ အခြေအနေပြန်ဆိုးလာခဲ့သည်။ ထိုအခါတွင်လည်း ရေဆိုးသန့်စင်စက်ရုံများကို လုံလောက်အောင်ထပ်ဆောက်ခြင်း၊ စည်းကမ်းလိုက်နာမှုရှိရန် တင်းကျပ်စွာစစ်ဆေးအရေးယူခြင်းတို့ကို ထိရောက်စွာလုပ်ဆောင်နိုင်သဖြင့် ယခုအခါ မြို့ပြများကိုဖြတ်စီးသည့်မြစ်များထဲတွင် ထမ်းစ်မြစ်သည် တစ်ကမ္ဘာလုံးတွင်အသန့်ရှင်းဆုံးဟု ကြေငြာနိုင်သည်အထိ အခြေအနေတိုးတက်ခဲ့သည်။ ထမ်းစ်မြစ်ထဲတွင် ငါးမျိုးစိတ်ပေါင်း ၁၀၀ ကျော်ပြန်လည်ကျက်စားနေသည်ဟု လန်ဒန်ငါးလုပ်ငန်းဌာနက ဆိုသည်။
မှတ်ချက်-တစ်ဖက်တွင် သန့်ရှင်းသည်ဟုအသိအမှတ်အပြုခံရသည့် ထမ်းစ်မြစ်ရေသည် အခြားတစ်ဖက်၌ ပြဿနာတစ်ခု ထပ်တွေ့နေသည်။ ယင်းမှာ လန်ဒန်တက္ကသိုလ် သုတေသီတစ်စုက ထမ်းစ်မြစ်ရေကို လေ့လာခဲ့ရာ မြစ်ထဲ၌ ရေသန့်ဘူးခွံများအပါအဝင် ပလတ်စတစ်အကျိုးအကြေအစအနများ တစ်စက္ကန့်လျှင် ၉၀၀၀၀ ခန့်မျှ မျောပါနေသည်။

ညစ်ညမ်းနေပါသည်ဆိုသောမြစ်ချောင်းများကိုလေ့လာလျှင် မြို့ပြ စက်ရုံအလုပ်ရုံ သတ္တုတူးဖော်ရေးစသည် တို့မှထွက်သောရေဆိုးများကို စိတ်ချရသည့်အဆင့်အထိသန့်စင်ခြင်းမပြုဘဲ မြစ်ချောင်းများအတွင်းသို့ စွန့်ပစ်နေခြင်း၊ ယင်းသို့စွန့်ပစ်နေသည်ကို တားဆီးအရေးယူရာ၌အားနည်းခြင်းတို့ကို တွေ့နိုင်သည်။
လတ်တလောဥပမာအဖြစ် မွန်ပြည်နယ် ဘီးလင်းမြစ်ကို ကြည့်နိုင်သည်။ “မြစ်ဖျားပိုင်းရှိ ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် မြစ်ဂေဟစနစ်လုံးဝပျက်စီးနေပြီဖြစ်ကာ ရေနေသတ္တဝါများနေထိုင်ခြင်း မရှိတော့ရုံမျှမက ပြဒါးဆိပ်များကြောင့် ရေမှာလည်းသောက်သုံးရန်မသင့်တော့ကြောင်း၊ ဘီးလင်းမြစ်ရေကို မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် အာဆင်းနစ် သတ်မှတ်ချက် ကျော်နေသဖြင့် ကြာရှည်သုံးစွဲပါက ကင်ဆာနှင့်နှလုံးရောဂါများ ဖြစ်ပွားနိုင်သည်ဟု အဖြေထွက်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။” ဟု လွန်ခဲ့သည့်လက သတင်းများတွင် ဖတ်ရသည်။
ဂင်္ဂါ၊ ထမ်းစ်နှင့် ဘီးလင်းအပါအဝင် မြန်မာ့ညစ်ညမ်းမြစ်အချို့ကို ခြုံငုံသုံးသပ်လျှင်
ဂင်္ဂါမြစ်- မြစ်ရေညစ်ညမ်းခြင်း၏အကြောင်းရင်းကိုသိသည်၊ နည်းပညာပိုင်းအခက်အခဲမရှိ၊ သန့်စင်အောင်လုပ်ဆောင်သည်၊ သို့သော် မြစ်ကြောင်းရှည်ပြီး လုပ်စရာတွေများ၊ ဓနအင်အားအသင့်အတင့်သာရှိ၊ စီမံခန့်ခွဲမှုကောင်းသင့်သလောက်မကောင်း၊ အကန့်အသတ်နှင့်အောင်မြင်သည်။
ထမ်းစ်မြစ်- မြစ်ရေညစ်ညမ်းခြင်း၏အကြောင်းရင်းကိုသိသည်၊ နည်းပညာပိုင်းအခက်အခဲမရှိ၊ သန့်စင်အောင်လုပ်ဆောင်သည်၊ မြစ်ကြောင်းတို၊ ဓနအင်အားရှိ၊ စီမံခန့်ခွဲမှုကောင်း၊ အောင်မြင်မှုကျေနပ်ဖွယ်ကောင်းသည်။
ဘီးလင်းအပါအဝင် မြန်မာ့ညစ်ညမ်းမြစ်အချို့-မြစ်ရေညစ်ညမ်းခြင်း၏အကြောင်းရင်းကိုသိသည်၊ နည်းပညာပိုင်းအခက်အခဲမရှိ၊ ဘာမျှမလုပ်နိုင်၊ ထို့ကြောင့် ဘာမျှမဖြစ်။