
မြန်မာပြည်၏ အကြီးဆုံးရေဝေဒေသသည် ဧရာဝတီမြစ်ဝှမ်းဖြစ်သည်။ မေခနှင်မလိခမြစ်များမှ အစပြုကာ ချင်းတွင်း မြစ်ငယ်စသည့် မြစ်ချောင်းပေါင်းများစွာသည် ဧရာဝတီမြစ်ထဲသို့ပေါင်းဆုံစီးဝင်ကြသဖြင့် ဧရာဝတီ မြစ်ဝှမ်းသည် မြန်မာနိုင်ငံ မြောက်မှတောင်သို့ မြစ်ဝကျွန်းပေါ်အထိတောက်လျှောက်တန်းလျက် တည်ရှိသည်။ ဧရာဝတီမြစ်၏ ရေဝေဒေသ(သို့မဟုတ်)ဧရာဝတီမြစ်ဝှမ်းဒေသသည် ၄၁၄၀၀၀ စတုရန်းကီလိုမီတာမျှရှိသဖြင့် မြန်မာနိုင်ငံဧရိယာ၏ ၆၂ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။
ဧရာဝတီမြစ်ဝှမ်းဒေသဧရိယာ၏ ၉၃ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံတွင်း၌ရှိပြီး ကျန် ၇ ရာခိုင်နှုန်းသည် အိန္ဒိယ နှင့်တရုတ်နိုင်ငံများအတွင်းသို့ ဝင်ရောက်ဖြန့်ကျက်တည်ရှိနေသည်။ ထို့ကြောင့်ဧရာဝတီရေထု၏ ၇ ရာခိုင်နှုန်းသည် အိန္ဒိယနှင့် တရုတ်နိုင်ငံများမှ စတင် စီးဆင်းလာသော ရေများဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။
စိုးရိမ်ဖွယ်ရာကောင်းသည်မှာ နိုင်ငံနယ်နိမိတ်အပြင်ဘက်သို့ရောက်နေသည့် ဧရာဝတီရေဝေဒေသအပါအဝင် မြောက်ဖျားရှိဧရာဝတီရေဝေဒေသများတွင် လက်ရှိ၌ပင် ရေအရင်းအမြစ်များ လျော့နည်းလာနေပြီး အနာဂတ်တွင် အခြေအနေပိုဆိုးလာမည့်လက္ခဏာများကို ထင်ထင်ရှားရှားတွေ့လာနေရခြင်းဖြစ်သည်။
ပြည်မြို့အထက်တွင်ရှိသော ဧရာဝတီရေဝေဒေသကြီးကိုလေ့လာရာ၌ အောက်ပါအတိုင်း ရေဝေဒေသငယ် ၁၂ ခုခွဲ၍ လေ့လာကြသည်။ ကွင်းအတွင်းရှိကိန်းဂဏန်းများသည် ဆိုင်ရာရေဝေဒေသငယ်များမှ စီးဆင်းလာသော ရေပမာဏသည် ပြည်မြို့မှ အောက်သို့ တစ်နှစ်အတွင်း ဆက်စီးသွားသော(တစ်နည်း-ပြည်မြို့အထိစီးဆင်းလာသော)ဧရာဝတီရေပမာဏ၏ ရာခိုင်နှုန်း မည်မျှဖြစ်သည်ကို ဖော်ပြသည်။
၁-မလိခ(၂၇)
၂-မေခ(၁၅)
၃-ချင်းတွင်းအထက်(၁၂)
၄-ချင်းတွင်းအောက်(၄)
၅-မဏိပူ(၈)
၆-ဧရာဝတီအထက်(၉)
၇-မူး(၂)
၈-ဧရာဝတီအလယ်(၂)
၉-မြစ်ငယ်(၆)
၁၀-ရွှေလီ(၈)
၁၁-ဧရာဝတီအောက်(၄)
၁၂-ပေါင်းလောင်(၂)
ရေဝေဒေသ ၁၂ ခုတွင် မလိခ၊ မေခနှင့် ချင်းတွင်းအထက် ရေဝေဒေသသုံးခုတို့မှ စီးဆင်းလာသော ရေပမာဏသည် ပြည်မြို့မှအောက်ဘက်သို့ စီးဆင်းသွားသောဧရာဝတီရေထု၏ ထက်ဝက်ကျော်မျှရှိနေသည်။
ဧရာဝတီ၏အသက်သည် ယင်းရေဝေဒေသသုံးခုပေါ်တွင် အဓိကမှီခိုနေရသည်။ အဆိုပါရေဝေဒေသများ၏ မြောက်ဘက်အပိုင်းသည် သမပိုင်းဇုန်ထဲတွင်ကျရောက်နေကာ ရေခဲဖုံးတောင်ထိပ်အများအပြားကို ပိုင်ဆိုင်သည်။ ထို့ကြောင့် ယင်းဒေသများမှ စီးဆင်းလာသော ရေအချို့ သို့မဟုတ် အတော်များများသည် ရေခဲပြင်များ နွေအခါအရည်ပျော်ရာမှ ကျဆင်းလာသောရေများ ဖြစ်ကြသည်။
လွန်ခဲ့သောဆယ်စုနှစ်များစွာက ကမ္ဘာ့တောင်ထိပ်ရေခဲပြင်များအားလုံးနီးပါးသည် နွေအခါအရည်ပျော်လိုက် ဆောင်းအခါ ရေခဲပြင်မူလအရွယ်အတိုင်းပြန်ဖြစ်လိုက်နှင့် ပုံမှန်သွားနေခဲ့သော်လည်း ပူနွေးလာသော ရာသီဥတုကြောင့် နွေအခါရေခဲပို၍အရည်ပျော်ခြင်း၊ ဆောင်းအခါရေခဲပြန်ဖြစ်မှုပမာဏနည်းသွားခြင်း တို့ကြောင့် ကမ္ဘာတစ်ဝန်းလုံးရှိ ရေခဲပြင်များ၏ဧရိယာသည် တဖြည်းဖြည်းကျုံ့ဝင်လျော့နည်းလာနေသည်။
ယင်းတို့ထဲတွင် ဟိမဝန္တာတောင်ထိပ်ရေခဲပြင်များရေခဲမြစ်များလည်းပါဝင်သည်။ ကမ္ဘာ့အကြီးဆုံးရေခဲမြစ်များ အပါအဝင် ရေခဲမြစ်ပေါင်း ၄၅၀၀၀ ခန့် စုစည်းတည်ရှိရာ ဖြစ်၍ ဟိမဝန္တာဒေသကို တတိယဝင်ရိုးစွန်းဟုပင် တင်စား ခေါ်ဝေါ်ကြသည်။ ယင်းဒေသတွင် အပူချိန်သည် ဆယ်စုနှစ် ၁ ခုလျှင် ၀ ဒသမ ၃ ဒီဂရီ စင်တီ ဂရိတ် တက်လျက်ရှိရာ ကမ္ဘာ့ပျမ်းမျှထက် နှစ်ဆပိုသည်။ အပူချိန်တက်လာနေမှုကြောင့် ဟိမဝန္တာ ရေခဲမြစ် အချို့သည် လက်ရှိတွင် ၁ နှစ်လျှင် ပေ ၂၃၀ နှုန်းခန့်အထိ တိုဝင်ပျောက်ကွယ်လျက် ရှိသည်။ အပူချိန်တက်နေခြင်းကို မထိန်းချုပ်နိုင်ပါက ၂၁၀၀ ပြည့်နှစ်တွင် ဟိမဝန္တာရေခဲမြစ်အရေအတွက် သုံးပုံ နှစ်ပုံခန့် ပျောက်ကွယ်သွားနိုင်သည်။
ဧရာဝတီရေစီး၏ထက်ဝက်ကျော်ကို ပံ့ပိုးပေးနေသော မလိခ၊ မေခနှင့်ချင်းတွင်းအထက် ရေဝေဒေသသုံးခု၏ မြောက်ဘက်အပိုင်းသည် ဟိမဝန္တာရေခဲပြင်များနှင့်ဆက်စပ်နေရာ ယင်းဒေသရေခဲပြင်များသည်လည်း တဖြည်းဖြည်း ကျုံ့ဝင်လျော့နည်းလာနေသည်။ မေခနှင့်မလိခမြစ်ဖျားခံရာဒေသရှိ ရေခဲမြစ် ၁၃၀ တို့သည် ၃၉ နှစ်အတွင်း ဧရိယာအားဖြင့် ၅၄ ရာခိုင်နှုန်းနှင့် ဒြပ်ထုနှင့်ထုထည်အားဖြင့် ၆၀ ရာခိုင်နှုန်းမျှ ဆုံးရှုံးခဲ့သည်ဟု လေ့လာချက်တစ်ခုက ဆိုသည်။
Ayeyarwady SOBA 2017: Synthesis Report
State of the Basin Assessment(Volume 1)
NWRC, DWIR. AIRBM Project
Linda Taft and Laila Kühle
Department of Geography, University of Bonn,
Glacier Changes between 1976 and 2015 in the Source Area of the Ayeyarwady (Irrawaddy) River, Myanmar, December 2018