
တရုတ်တောင်ပိုင်းကရေကို ရေရှားသည့်မြောက်ပိုင်းသို့ပို့သည့် ရေလွှဲစီမံကိန်း၊ အိန္ဒိယတွင် မြောက်ပိုင်းမှရေတွေကိုတောင်ပိုင်းပို့မည့် စီမံကိန်းများအကြောင်းတွေးရင်း သံလွင်မြစ်ရေကို နိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားအရပ်သို့ပို့သင့်ကြောင်း စိတ်ကူးရလာသဖြင့် အများသိအောင် ပို့စ်ရေးခဲ့သည်။ ယင်းပို့စ်ကိုဖတ်ရသော ဆရာသမား၊ သူငယ်ချင်းဆည်မြောင်းအင်ဂျင်နီယာများက သံလွင်ရေအသုံးချရေးအတွက် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်ကတည်းက အစီရင်ခံစာရေးသားတင်ပြခဲ့ဖူးကြောင်း ပြောလာသည်။
၁၉၈၁ ဖေဖော်ဝါရီက သူတို့လေ့လာပြုစုတင်ပြခဲ့သော “သံလွင်မြစ်ဆည်မြောင်းစီမံကိန်း ပဏာမ စူးစမ်းလေ့လာမှုအစီရင်ခံစာ”အရ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း၌ ရေလွှဲအဆောက်အအုံ တည်ဆောက်ပြီး သံလွင်မြစ်ရေကို ၂၂ မိုင်ရှည်ဥမင်ဖြင့် မြစ်ငယ်မြစ်တွင်းသို့ ထည့်ကာ ပြင်ဦးလွင်မှတစ်ဆင့် မြန်မာပြည်အလယ်ပိုင်း မိုးခေါင်ရေရှားရပ်ဝန်းသို့ သွယ်ဖောက်ယူရန်ဖြစ်သည်။ မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းအတွင်း လယ်မြေဧက ၁၅ သိန်းကို ရေပေးရန်ရာထားသည်။
အခြားနိုင်ငံများရှိ မြစ်ဝှမ်းဒေသတစ်ခုမှတစ်ခုသို့ရေလွှဲစီမံကိန်းများတွင် ရေတွန်းစက်များကို သုံးရသောကြောင့် လျှပ်စစ်စွမ်းအင်အမြောက်အမြားလိုသော်လည်း သံလွင်သည်မြင့်၍ မြစ်ငယ်က နိမ့်နေသဖြင့် စွမ်းအင်မလိုဘဲ အလိုအလျောက်စီးဝင်မည်ဖြစ်သော ကြီးမားသည့်အားသာချက်ရှိသည်။
စွမ်းအင်မလိုသည်သာမက မြစ်ငယ်မြစ်တွင် ရေစီးပိုလာသဖြင့် လက်ရှိရဲရွာအပြင် နောက်ထပ်ရေအားလျှပ်စစ်စီမံကိန်းနှစ်ခုထပ်မံတည်ဆောက်ကာ လျှပ်စစ်ပိုထုတ်နိုင်မည်။ သံလွင်ရေသည် လယ်မြေများကို ရေပေးသည့်အပြင် ဧရာဝတီထဲသို့စီးဝင်မည်ဖြစ်ရာ ဧရာဝတီမြစ်တွင်း ရေကြောင်းသွားလာရေးကို အထောက်အကူပြုမည်သာမက မြစ်ဝကျွန်းပေါ်၌ ဆားငန်ရေတိုးဝင်လာနေခြင်းကို တားဆီးနိုင်မည်။ သံလွင်ရေကိုမြစ်ညာပိုင်းမှ ထိန်းချုပ်ရယူထားသဖြင့် နှစ်စဉ်ကြုံတွေ့နေရသော သံလွင်အောက်ပိုင်း ရေလျှံမှုကို အထိုက်အလျောက်ကာကွယ်နိုင်သည်။
မိုးနည်းရေရှားဒေသတွင် ယခုထက်မိုးပိုရဖွယ်မရှိ၊ မြေအောက်ရေကိုလည်း အကန့်အသတ်နှင့်သာယူနိုင်၊ ချင်းတွင်းရေ ဧရာဝတီရေများကလည်း ယခုထက်ပိုနည်းသွားနိုင်သည့်အခြေအနေနှင့် ကြုံနေရရာ သံလွင်ရေရယူခြင်းကို မဖြစ်မနေလုပ်ရမည်ဟု မြင်သည်။
သံလွင်မြစ်ဆည်မြောင်းစီမံကိန်းပဏာမစူးစမ်းလေ့လာမှုအစီရင်ခံစာကို ၁၉၈၁ ခုနှစ်က ရေးသားတင်ပြခဲ့သော အင်ဂျင်နီယာများသည် အငြိမ်းစားယူပြီးဖြစ်သော်လည်း တက်ကြွစွာ ပြောနိုင်ဆိုနိုင်ရှိသေးသဖြင့် အမြန်ဆုံးစတင်အကောင်အထည်ဖော်သင့်သည်ဟု ယူဆပါသည်။