
ဆီးနှင်းကျ ရေခဲအရည်ပျော် မိုးရွာ ရေစီး စသည်တို့ကြောင့် ကမ္ဘာ့ရေထုသည် နေရာတိုင်း အချိန်တိုင်း၌ အစဉ်ရွေ့လျားနေရာ ယင်းရွေ့လျားမှုကြောင့်ဖြစ်ပေါ်သော ကမ္ဘာ့ဒြပ်ဆွဲအားပြောင်းလဲမှုကို ဂရေ့စ်ဂြိုဟ်တုနှစ်လုံး(The Gravity Recovery and Climate Experiment – GRACE)က မှတ်တမ်းတင်ပြီး ဒေသတစ်ခုအတွင်း ရေထုအတိုးအလျော့ကို တွက်ချက်ပုံဖော်ပေးသည်။ ဂရေ့စ်သည် ရေအရင်းအမြစ်များကို တိုက်ရိုက်တိုင်းတာနိုင်သည့် ပထမဆုံးဂြိုဟ်တုများဖြစ်၍ ယင်းတို့မှရသည့်အချက်အလက်များသည် အခြားဂြိုဟ်တုများမှရသည်တို့ထက် ပိုမိုတိကျသည်။
ဂရေ့စ်ဂြိုဟ်တုဖြင့် လေ့လာထားသည့်အောက်ပါပုံအရ အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်၊ မလေးကျွန်းဆွယ်နှင့် မြန်မာတို့တွင် ၂၀၀၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကာလအတွင်း စုစုပေါင်းရေချိုပမာဏသည် ယင်းမတိုင်မီကာလကထက် လျော့နည်းနေကြောင်း သိရသည်။ စုစုပေါင်းရေချိုဆိုသည်မှာ ဆီးနှင်း၊ မြေပေါ်ရေ၊ မြေဆီလွှာအတွင်းရှိရေ၊ မြေအောက်ရေများကိုပေါင်း၍ခေါ်ခြင်းဖြစ်သည်။ အိန္ဒိယနှင့်ဘင်္ဂလားဒက်ရှ်တို့တွင် စုစုပေါင်းရေချိုပမာဏလျော့နည်းခြင်းသည် မြေအောက်ရေအထုတ်များ၍ ဖြစ်ပြီး မလေးကျွန်းဆွယ်၌ မိုးရွာသွန်းမှုလျော့နည်း၍ စုစုပေါင်းရေချိုပမာဏကျဆင်းခြင်းဟုဆိုသည်။
မြန်မာတွင်၊ အထူးသဖြင့် နိုင်ငံမြောက်ပိုင်းတွင် ၂၀၀၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ရေချိုကျဆင်းနေသည်ကို ထင်ရှားစွာမြင်နေရသော်လည်း ဘာ့ကြောင့်ဟူသောမှတ်ချက်ကိုမတွေ့ပါ။ ထို့အတူ ဂရေ့စ်ဂြိုဟ်တု၏လေ့လာချက်များကို သုတေသနပြုထုတ်ပြန်သောစာတမ်းများတွင် ဂင်္ဂါ ဗြဟ္မပုတ္တရမြစ်ဝှမ်းနှင့် မဲခေါင်မြစ်ဝှမ်းတို့အကြောင်းစာတမ်းများကို တွေ့သော်လည်း ဧရာဝတီနှင့်ပတ်သက်သည့်စာတမ်းကို မတွေ့ပါ။ ထို့ကြောင့် စွမ်းနိုင်သူများက ရှာဖွေတင်ပြလျှင် သို့မဟုတ် ပြုစုလျှင် နိုင်ငံအတွက် အကျိုးရှိပါလိမ့်မည်။