သန္တာကျောက်တန်း

သန္တာကျောက်တန်း(coral reef)တို့တွင် အပင်နှင့်ငါးမျိုးစိတ် သန်းပေါင်းများစွာ တည်မှီနေထိုင်၍ မိုးသစ်တောများကဲ့သို့ ဇီဝမျိုးစိတ်အလွန်ကြွယ်ဝသော ဂေဟစနစ်တစ်မျိုး ဖြစ်သည်။ သန္တာကျောက်တန်း ထုထည်ပမာဏသည် ကမ္ဘာ့ရေထု၏ ၀ ဒသမ ၂၅ ရာနှုန်းမျှသာရှိသော်လည်း ငါးမျိုးစိတ်လေးပုံတစ်ပုံတို့ မှီခိုရှင်သန်ရာ ဖြစ်သည်။ သန္တာကျောက်တန်းများတွင်နေထိုင်သော သက်ရှိအချို့မှ ကင်ဆာကုဆေးကဲ့သို့သောအဖိုးတန်ဆေးဝါးများကို ထုတ်ယူနိုင်သည်။ အချို့နေရာများတွင် သန္တာကျောက်တန်းတို့သည် ရေလှိုင်းလုံးဒဏ်ကြောင့် ကမ်းခြေ ပျက်စီးမှုမရှိရန် အကာအကွယ်ပေးသည်။ သန္တာကျောက်တန်းများ၏ အလှအပကို လာရောက် ကြည့်ရှုသော ကမ္ဘာလှည့်ခရီးသည်တို့ထံမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၁၆၀၀ မျှ ဒေသခံများက ရရှိသည်။

ရေထဲရှိ ခရုခွံ၊ ကမာ၊ သံပခြုပ်၊ သန္တာကျောက်တန်းစသည့် အခွံမာအရာများသည် ကယ်လ်စီယမ်ကာဘွန်နိတ်တို့ကို အခြေခံ၍ ဖြစ်ပေါ်သည်။ ကယ်လ်စီယမ်ကာဘွန်နိတ်တို့ဖြင့် မိမိတို့၏ အရိုးနှင့် အခွံတို့ကို တည်ဆောက်သည်။ ယခုအခါ လေထုတွင်းမှ ကာဘွန်ဒိုင်အောက်ဆိုက်များ ရေထုထဲပျော်ဝင်လာသဖြင့် အက်စစ်ပမာဏပိုလာသောရေတွင် အက်စစ်၏ဓာတ်ပြုဖျက်ဆီးမှုကြောင့် ကယ်လ်စီယမ် ကာဘွန်နိတ် ပမာဏ လျော့နည်းလာကာ အရိုး၊ အခွံတို့ကို တည် ဆောက်ရန်ခက်ခဲလာသည်။ အခွံမာ အကောင်များ၏ ရှင်သန်မှုသည် စိုးရိမ်စရာ ဖြစ်လာသည်။ သန္တာကျောက်တန်းတို့သည်လည်း အက်စစ်များသော ရေကြောင့် အရည်အသွေးနှင့် အရေအတွက် လျော့ကျလာနေသည်။

ယင်းကဲ့သို့ လူတို့အတွက် အစာနှင့်ဆေးဖက်ဝင်ပစ္စည်းများ ထုတ်ပေးရာ၊ ကမ်းခြေပျက်စီးမှု ကာကွယ်ပေးရာ၊ ဝင်ငွေရှာဖွေပေးရာဖြစ်သည့်အတွက် သန္တာကျောက်တန်းများကို ထိန်းသိမ်းရန် အထူးအရေးကြီးလှသည်။ ဇီဝမျိုးစိတ်ကြွယ်ဝသောနေရာများဖြစ်သည့်အတိုင်း သန္တာကျောက်တန်းပျက်စီးမှုသည် ဇီဝမျိုးစိတ်ကွင်းဆက် အားနည်းယိုင်နဲ့လာခြင်းဖြစ်၍ ကမ္ဘာ့သက်ရှိလောကတစ်ခုလုံး၏အရေးဟုလည်း ဆိုနိုင်သည်။

သန္တာကျောက်တန်းတို့သည် လွန်ခဲ့သောနှစ်သန်း ၂၀၀ ခန့်ကမှ စတင်ပေါ်ပေါက်ခဲ့ပြီး လက်ရှိ မျိုးစိတ်ကြွယ်ဝမှုအဆင့်သို့ လွန်ခဲ့သော နှစ်သန်း ၅၀ က ရောက် ရှိခဲ့သည်။ သန္တာပိုလစ်(coral polyp) ဟုခေါ်သည့် အကောင်ငယ်ကလေးများက စွန့်ထုတ်သော ကယ်လ်စီယံကာဘွန်နိတ်အလွှာများ တဖြည်းဖြည်းစုပုံလာရာမှ သန္တာကျောက်ခက်များ ဖြစ်ပေါ်လာသည်။ ယင်းအကောင်ငယ်ထောင်ပေါင်းများစွာ စွန့်ထုတ်လိုက်သော ကယ်လ်စီယံဓာတ်များကြောင့် ကျောက်ခက်တစ်လက်မခန့် ရှည်ထွက်လာရန် နှစ်ပေါင်းများစွာ ကြာသည်။ ကျောက်ခက်များ စုစည်းများပြားလာလျှင် သန္တာကျောက်တန်းများ ဖြစ်လာသည်။ သန္တာပိုလစ်အကောင်ငယ်တို့သည် Zooxanthellae ခေါ် အယ်လ်ဂျီအပင်ငယ်များနှင့် တစ်ခုပေါ်တစ်ခု အပြန်အလှန် အမှီပြုရှင်သန်ကြသည်။ အယ်လ်ဂျီတို့သည် ကာဘွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူ၍ ပိုလစ်တို့ လိုအပ်သောအောက်ဆီဂျင်ကို ထုတ်ပေးသည်။

သန္တာကျောက်တန်းတို့သည် ၇၀ ဒီဂရီဖာရင်ဟိုက်မှ ၈၅ ဒီဂရီဖာရင်ဟိုက်အတွင်း ပူနွေးသော၊ သန့်ရှင်း ကြည်လင်သော ကမ်းဦးရေတိမ်ပိုင်း၌သာ ပေါက်ရောက်ရှင်သန်သည်။ သန္တာကျောက်တန်းများကို အာဖရိကတိုက် အရှေ့ဘက် ကမ်းရိုးတန်း၊ ပင်လယ်နီ၊ အိန္ဒိယတိုက်ငယ်၏ အရှေ့တောင်ကမ်းရိုးတန်း၊ သြစတေးလျတိုက် အရှေ့မြောက်နှင့် အနောက်မြောက်ကမ်းရိုးတန်း၊ အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်း၊ ကာရစ်ဘီယံပင်လယ်၊ ဘရာဇီးကမ်းရိုးတန်းတို့တွင် တွေ့နိုင်သည်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါပူအာနယူးဂီနီယာ၊ ဆော် လမွန်ကျွန်းစု၊ အရှေ့တီမောတို့ရှိ သန္တာကျောက်တန်းများကို စုပေါင်း၍ “သန္တာကျောက်တန်းတြိဂံ” ဟု အမည်ရပေးထားသည်။ ဧရိယာ စတုရန်းမိုင် ၂ ဒသမ ၃ သန်း ကျယ်သော ယင်းဒေသရှိ သန္တာကျောက်တန်းပမာဏ သည် ကမ္ဘာ့သန္တာကျောက်တန်းပမာဏ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း ရှိသည်။ ငါးမျိုးစိတ်ပေါင်း ၃၀၀၀ ကျော် မှီတင်းနေထိုင်သည်။

သြစတေးလျတိုက် အရှေ့မြောက်ကမ်းလွန်ရှိ မဟာတံတိုင်းသန္တာကျောက်တန်း(Great Barrier Reef)သည် ကမ္ဘာပေါ်တွင် အရှည်ဆုံးဖြစ်သည်။ ယင်းဒေသတွင် တည်ရှိသော သန္တာကျောက်တန်းပေါင်း ၃၀၀၀ ခန့်၏ စုစုပေါင်း အရှည်သည် မိုင် ၁၆၀၀ ကျော်သည်။ မဟာတံတိုင်းသန္တာကျောက်တန်းကို အာကာသထဲမှပင် လှမ်းမြင်နိုင်၍ သက်ရှိတို့ သဘာဝအလျောက် ဖန်တီးထားသော အကြီးဆုံး အဆောက်အအုံဟု ခေါ်ကြသည်။

ပူနွေးလာသော သမုဒ္ဒရာရေ၊ လူတို့ ငါးအလွန်အကျွံဖမ်းခြင်း၊ ကုန်းပေါ်မှ ပိုးသတ်ဆေး ဓာတ်မြေသြဇာ လူ့စွန့်ပစ်အညစ်အကြေးများ ရေထုထဲသို့ စီးဆင်းဝင်ရောက်ခြင်းစသည်တို့က သန္တာကျောက်တန်းများကို ဖျက်ဆီးပစ်နေသည်။ လေထုတွင်း အများအပြာဝင်ရောက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ သမုဒ္ဒရာရေထဲပျော်ဝင်ကာ ရေထုအက်စစ်လွန်ကဲလာခြင်းကြောင့်လည်း သန္တာကျောက်တန်းများ ပျက်စီးသည်။

သန္တာကျောက်တန်းတို့အတွက် အခြားအန္တရာယ်များမှာ ရေနံယိုဖိတ်မှု၊ လှေသင်္ဘောများမှ စွန့်ပစ်သော အညစ်အကြေးများ၊ သင်္ဘောဝမ်းပိုက်မှ ကွာကျကျန်ရစ်သော သုတ်ဆေးများ ဖြစ်ကြသည်။

ငါးပြတိုက်နှင့် အခြားနေရာများတွင် အလှပြရန် သန္တာကျောက်တန်းများကို ချိုးဖဲ့ ရယူမှုတို့သည်လည်း သန္တာကျောက်တန်းများ ပျက်စီးရန် ဖန်တီးကြသည်။ သင်္ဘော ဝမ်းပိုက်များ၊ ကျောက်ဆူးများနှင့် ညိ၍ သန္တာ ကျောက်တန်းတို့ ပျက်စီးတတ်သည်။ မုန်တိုင်းတိုက်၍ ရေလှိုင်းကြီးမှု များကလည်း သန္တာကျောက်တန်းတို့ကို ပျက်စီးစေသည်။

သန္တာကျောက်တန်းပျက်စီးမှု၏ လက္ခဏာတစ်ခုမှာ အရောင်ပျက်ယွင်းလာခြင်းဖြစ်သည်။ သန္တာကျောက်တန်းများ၏ အရောင်စုံသည် အယ်လ်ဂျီအပင်ငယ်များကြောင့် ဖြစ်ပေါ်သည်။ ရေ ပူနွေးလာသောအခါ သန္တာကျောက်ခက်များပေါ်တွင် အယ်လ်ဂျီအပင်ငယ်များ မနေနိုင်တော့၍ အရောင်ပျက်လာပြီး အာဟာရလည်း မရတော့၍ ပျက်စီးကြရသည်။

သန္တာကျောက်ခက်များသည် ယင်းတို့ပေါ်တွင် ဖုံးအုပ်ထားသော အယ်လ်ဂျီခေါ် အပင်ငယ်များနှင့် တစ်ခုကို တစ်ခု အပြန်အလှန် အမှီသဟဲပြုကာ ရှင်သန်ကြီးထွားကြသည်။ အယ်လ်ဂျီများရှိသည့်အတွက် သန္တာကျောက်ခက်များတွင် အရောင်များ ဖြစ်ပေါ်နေသည်။ အယ်လ်ဂျီများသည် နိုက်ထရိုဂျင်၊ ဖော့စ်ဖရတ်နှင့် သန္တာကျောက်ခက်များမှ ထွက်ပေါ်သော ဓာတ်ပစ္စည်းအချို့ကို နေရောင်ခြည်၏ အကူဖြင့် ဖိုတိုဆင်းသစစ်နည်းဖြင့် စွမ်းအင်ထုတ်လုပ်ရှင်သန်သည်။ ဖိုတိုဆင်းသစစ်ဖြစ်စဉ်မှ ထွက်ပေါ်သော အောက်ဆီဂျင်နှင့် အော်ဂဲနစ်ဓာတ်များက သန္တာကျောက်ခက်များ ရှင်သန်ကြီးထွားရန် ကူပံ့ပေးသည်။
ရေထုညစ်ညမ်းခြင်း၊ ပူနွေးလာခြင်း၊ လွန်ကဲသောနေရောင်စသည်တို့ကြောင့် အယ်လ်ဂျီများသည် သန္တာကျောက်ခက်များပေါ်တွင် မနေနိုင်တော့ဘဲ စွန့်ခွာကြသောအခါ သန္တာကျောက်ခက်များ၏ အရောင်ပျက်ယွင်းသည့်အပြင် ဆက်လက်မရှင်သန်နိုင်တော့သဖြင့် သန္တာကျောက်တ
န်းများလည်း ပျက်စီးသည်။

ယခုအခါ မူလက ရှိခဲ့သော သန္တာကျောက်တန်း ပမာဏ၏ ၅၀ ရာနှုန်းကျော်ခန့် ပျက်စီးခဲ့ပြီဟု ယူဆရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s