
ဂေဟစနစ်(ecosystem)ဆိုသည်မှာ နေရာတစ်ခု၌ အတူယှဉ်တွဲဖြစ်ပေါ်နေသည့် အပင်များ၊ သက်ရှိသတ္တဝါအမျိုးမျိုး၊ ယင်းနေရာရှိ ကျောက်တုံး မြေသား၊ အပူချိန် စိုစွတ်မှုစသည့် မိုးလေဝသအခြေအနေများကို စုစည်းခေါ်ဝေါ်သည်။
ဂေဟစနစ်အပါအဝင် သတ္တဝါများအချင်းချင်း၊ သတ္တဝါများနှင့် ရုပ်ဝတ္ထု သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုများအား လေ့လာသည့် ဘာသာရပ်ကို ဂေဟဗေဒ(ecology)ဟု ခေါ်သည်။
သစ်တောများတွင် ဂေဟစနစ်ပေါင်းများစွာရှိသကဲ့သို့ သဲကန္တာရများ၊ ရေခဲပြင်များတွင်လည်း ဂေဟစနစ်များ အသီးသီးရှိကြသည်။ သေးငယ်သောဂေဟစနစ်များရှိသကဲ့သို့ ကြီးမားကျယ်ပြန့်သော ဂေဟစနစ်များလည်း ရှိသည်။ သို့သော် ဂေဟစနစ်များသည် သီးခြားစီရှိမနေဘဲ အချင်းချင်း အမှီသဟဲပြုနေကြသည်။ ဂေဟစနစ်တခုထဲရှိ ပတ်ဝန်းကျင်အခြေအနေ(ဥပမာ-အပူချိန်)ပြောင်းလျှင် ယင်းစနစ်ထဲတွင် ရှင်သန်ကြသောသက်ရှိတို့သည် ပြောင်းသွားသောအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် မိမိတို့၏နေထိုင်ပုံ အမူအကျင့်စသည်တို့ကို လိုက်ပါပြောင်းလဲရသည်၊ သို့မဟုတ် အခြားဂေဟစနစ်သို့ ပြောင်းရွှေ့ကြရသည်။ လိုအပ်သလို လိုက်မပြောင်းနိုင်လျှင် သေဆုံးပျက်စီးကြသည်။
ဂေဟစနစ်ပျက်စီးမှုများလာသောအခါ လူတို့၏ စားသောက်နေထိုင်ရှင်သန်မှုကို ထိခိုက်လာသည်။
ကမ္ဘာတွင် လူဦးရေများလာသဖြင့် သစ်တော မြေလွတ်မြေရိုင်းစသည်တို့၌ မြို့ပြ စိုက်ခင်းများ ထူထောင်ကြသောအခါ မူလသစ်တော မြေလွတ်မြေရိုင်းစသည်တို့ရှိ ဂေဟစနစ်များ ပျက်စီး လျော့နည်း ပျောက်ကွယ်သွားကြသည်။ အကျိုးဆက်အနေနှင့် သစ်တောထွက်ဆေးဖက်ဝင်အပင်များအပါအဝင် အဖိုးတန်သစ်တောထွက်ပစ္စည်းများကို မထုတ်ယူနိုင်တော့ချေ။ အလားတူ သန္တာကျောက်တန်းတို့ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသောအခါ ငါးအပါအဝင်ရေသတ္တဝါများ လျော့နည်းသွားသည်။ သန္တာကျောက်တန်းများ၏ အကာအကွယ်မရတော့သဖြင့် ကမ်းခြေ၌ ရေလှိုင်းများ၏ရိုက်ပုတ်ဖျက်ဆီးခြင်းကို ခံရသည်။
2 thoughts on “ဂေဟစနစ်နှင့် ဂေဟဗေဒ”