မီသိန်း

မီသိန်း(methane)သည် ပူနွေးစေရာတွင်နှင့် ရာသီဥတုပြောင်းလဲစေရာတွင် ကာဘွန်ဒိုင်အောက်ဆိုက်ပြီးလျှင် အန္တရာယ် အများဆုံးဓာတ်ငွေ့ဖြစ်သည်။ ဟိုက်ဒရိုဂျင်အတမ်လေးလုံးနှင့် ကာဘွန်အတမ်တစ်လုံးတို့ဖြင့် ဖွဲ့စည်းထားသည့် မီသိန်းသည် သဘာဝဓာတ်ငွေ့၏ အခြေခံဓာတ်ပစ္စည်း ဖြစ်သောကြောင့် လူတို့အတွက် အရေးပါသည့် စွမ်းအင်ဇာစ်မြစ်တစ်မျိုး ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ မီသိန်းသည် လေထုတွင်းရောက်ပြီး နှစ်ပေါင်း ၁၀၀ ကြာသည့်တိုင်အောင် ကာဘွန်ဒိုင်အောက်ဆိုက်ထက် ၂၈ ဆမျှပိုပူစေနိုင်စွမ်းရှိသေးသည်။ သို့သော် မီသိန်းအတော်များများသည် လေထုတွင်ရောက်ပြီး ဆယ်နှစ်ခန့်ကြာလျှင် ပြိုကွဲပျက်စီးသွားသည်။ ကမ္ဘာ့အပူချိန်မြင့်လာမှု အကြောင်းရင်းများတွင် မီသိန်းကြောင့် မြင့်လာခြင်းက ၃၀ ရာခိုင်နှုန်းမျှ ဖြစ်သည်။

လေထုထဲရောက် မီသိန်းပမာဏစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းသည် လူတို့ကြောင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းမှာ သဘာ၀ အကြောင်းများကြောင့် ဖြစ်သည်။

လူတို့ကြောင့် ထွက်ပေါ်သော မီသိန်း၏ ဇာစ်မြစ်များမှာ ဖို့မြေများ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံထုတ်လုပ်ဖြန့်ဖြူးရေး၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊ ကျောက်မီးသွေးတူးဖော်မှု၊ စွန့်ပစ် ရေဆိုး သန့်စင်မှု၊ လောင်စာလောင်မြိုက်မှု စသည်တို့ ဖြစ်သည်။

မွေးမြူရေးနှင့်စပါးစိုက်ပျိုးမှု တိုးချဲ့လာခြင်း၊ ရုပ်ကြွင်းလောင်စာထုတ်ယူမှု များပြားလာခြင်း၊ အမှိုက်နှင့် ဖို့မြေ ပမာဏ တိုးမြင့်လာခြင်းတို့သည် လူ့ပယောဂကြောင့် မီသိန်းပမာဏ တိုးတက်လာခြင်း၏ အကြောင်းရင်းများ ဖြစ်သည်။

စိုစွတ်သောမြေလွှာများ၊ ရေကန်များ၊ သမုဒ္ဒရာများ၊ သမုဒ္ဒရာကြမ်းပြင်ရှိ ဟိုက်ဒရိတ်အနည်များ စသည်တို့မှ ထွက်သည့် မီသိန်းများသည် သဘာဝမီသိန်းများ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတိုင်းတာချက်အရ လေထုတွင်းမီသိန်းပမာဏသည် ၁၈၉၂ ပီပီဘီ(ppb – parts per billion)(လေထုအပုံ သန်း ၁၀၀၀ လျှငိ မီသိန်း ၁၈၉၂ ပုံ)ရှိရာ၂၀၀၀ ပြည့်နှစ်ကထက် ခြောက်ရာခိုင်နှုန်းမျှ တိုးမြင့်လာခဲ့သည်။ လေထုတွင်း ရောက်နှင့်ပြီး မီသိန်းတို့ထက် ပို၍ စိုးရိမ်နေရသည်မှာ စဉ်ခဲဒေသမြေလွှာများထဲမှ လွတ်ထွက်လာနိုင်သည့် မီသိန်းအန္တရာယ် ဖြစ်သည်။ ရေခဲအမှတ်အောက်တွင် အနည်းဆုံးနှစ်နှစ်ဆက်တိုက် ရှိနေသော မြေလွှာများရှိရာ ဒေသကို စဉ်ခဲဒေသဟု ခေါ်သည်။ မြောက်နှင့် တောင်ဝင်ရိုးစွန်း အနီးဝန်းကျင် အရပ်များ၊ အချို့တောင်တန်းများ၏ မြင့်မားသော အပိုင်းများသည် စဉ်ခဲဒေသများ ဖြစ်ကြသည်။ လက်ရှိစဉ်ခဲဒေသ၏ ဧရိယာသည် ကမ္ဘာမျက်နှာပြင်၏ ၂၀ ရာခိုင် နှုန်းမျှ ရှိသည်။ စဉ်ခဲဒေသ၏ ခဲမာနေ သော မြေပြင်၏ အထူသည် ပုံမှန်အားဖြင့် ၂ ပေ မှ ၁၂ ပေခန့်ရှိသည်။

ပူနွေးလာနေမှုကြောင့် စဉ်ခဲဒေသမြေလွှာများ အရည်ပျော်ကာ တဖြည်းဖြည်းကျုံ့ဝင် သေးငယ်လာနေသည်။ မြေလွှာများအရည်ပျော်မှုကြောင့် အဆောက်အအုံများ ကွဲအက်တိမ်းစောင်း ပြိုကျခြင်း၊ လမ်းများ ပျက်စီးခြင်း၊ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ ကျိုးခြင်း၊ သစ်ပင်များ လဲကျခြင်း စသည်တို့ကို ကြုံတွေ့နေရသည်။ ထို့အပြင် စဉ်ခဲဒေသမြေလွှာများအောက်ရှိ မီသိန်းဓာတ်ငွေ့ဓာတ်ငွေ့များ လွတ်ထွက် ကာ လေထုထဲ ဝင်ရောက်၍ ပူနွေးနေသော ကမ္ဘာကို မီးထပ်တိုက်ပေးမည့် အန္တရာယ် ရှိနေသည်။

အအေးပိုင်းဒေသ ရေအောက်ကြမ်းပြင်များ၏အောက်တွင်လည်း အေးစက်သောအပူချိန်နှင့် ပြင်းထန်သော ဖိအားတို့ကြောင့် အခဲဘဝတွင် ရောက်နေသော မီသိန်းတို့ ရှိသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ က လေ့လာချက်များအရ မီသိန်းတို့ သည် ရေအနက် ပေ ၁၀၀၀ ခန့်အထိ မပြိုကွဲ ဘဲ တည်နေခဲ့သော်လည်း ယခုတွေ့ရှိချက်အရ အနက် ပေ ၁၂၀၀ အနက်တွင်ပင် ပြိုကွဲနေခြင်းသည် ရေပြင်အပူချိန် တက်လာသောကြောင့်ဟု ယူဆရသည်။ တိုင်းတာချက်များ အရ ယင်းနေရာ ရေထုသည် ၁ ဒီဂရီ စင်တီဂရိတ် ပိုပူလာလျက် ရှိသည်။

လွတ်ထွက်လာသော မီသိန်းအများစုသည် ရေထဲရှိအောက်ဆီဂျင်နှင့်ပေါင်းမိပြီး ကာဘွန်ဒိုင်အောက်ဆိုက်ဘ၀ သို့ ပြောင်းသည်။ ကာဘွန်ဒိုင်အောက်ဆိုက်တို့သည် တစ်ဖန် ပင်လယ်ရေထဲတွင် ကာဘွန်နစ်အက်စစ် အဖြစ် ပြောင်းလဲကာ သမုဒ္ဒရာရေပြင်၏ အက်စစ်ဓာတ်ပမာဏကို တိုးမြင့် စေလျက် ရှိသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s