
မော်လမြိုင်မြို့ရှိ ပြည်သူများသည် ရွှေနတ်တောင်ဆည်၊ ကင်ပွန်းခြုံဆည်နှင့် အတ္ထရံ (၁)၊ အတ္ထရံ(၂) စသည့် မြစ်ရေပေးရေး လုပ်ငန်းလေးခုမှ ရေကို အသုံးပြုကြရသည်။ ရွှေနတ်တောင်ဆည်နှင့် ကင်းမွန်းချုံဆည် နှစ်ခုမှ တစ်နေ့လျှင် ဖြန့်ဝေပေးနေသည့် ရေဂါလန် သိန်း ၃၀ အထိရှိသည်။
မွန်ပြည်နယ် ရေရှားပါးမှုပြဿနာသည် နှစ်စဉ်ကြုံတွေ့နေရပြီး ၂၀၁၉က အဆိုးဝါးဆုံးဖြစ်ခဲ့သည်။ မော်လမြိုင်ကို ဒိုင်ခံရေဖြန့်ဖြူးပေးနေသည့် အဆိုပါဆည်နှစ်ခုတို့တွင် ရေခန်းခြောက်ခဲ့ပြီး စည်ပင်သာယာရေးကော်မတီက ရေသုံးစွဲမှုနှင့်ပတ်သက်၍ အများပြည်သူကို သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့နေ ပြည်သူများ၏ ရေအခက်အခဲကို ဖြေရှင်းပေးနိုင်ရန်နှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ ၈ ဒသမ ၅ ဘီလီယံဖြင့် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တို့တွင် မော်လမြိုင်မြို့ သာယာအေး ရပ်ကွက်ရှိ အတ္ထရံမြစ်ရေတင် စက်ရုံ ဝင်းအတွင်း အတ္ထရံမြစ် ရေသန့်စက်ရုံ တည်ဆောက်ရေးစီမံကိန်းကို မွန်ပြည် နယ် စည်ပင်သာယာရေးအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ မြို့ပေါ် ရပ်ကွက်များမှ ပြည်သူ နှစ်သိန်းနီးပါး ၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ မှ သိရသည်။
မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကို က “ကင်ပွန်းခြုံဆည်ရေပေးဝေရေး က ဆည်ရေကို လက်ရှိ ဒီအတိုင်းပဲ ရေပေးဝေနေတာပါ။ ရေသန့်စင်တာ က ရွှေနတ်တောင်ဆည်တစ်ခုပဲ လုပ်နိုင်သေးတယ်။ ကင်ပွန်းခြုံဆည် ကို ရေသန့်စင်စနစ် လုပ်နိုင်ရင် မော်လမြိုင် ရေပေးဝေရေးအားလုံးက ရေသန့်စနစ်နဲ့ ဖြန့်ဝေတဲ့ ရေပေးဝေ ရေး ဖြစ်သွားမှာပါ၊ အဲဒါကိုလည်း ADB စီမံကိန်းနဲ့ လာမယ့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်မှာ စတင်နိုင်ဖို့ ADB အကြံပေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် နေပြီဖြစ်ပါတယ်”ဟု ပြောသည်။
စီမံကိန်းသည် မော်လမြိုင်မြို့ရှိ ရွှေနတ်တောင်ဆည်နှင့် ကင်ပွန်းခြုံဆည်တို့ကို အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။ အဆိုပါဆည်နှစ်ခုတွင် ရေသန့်စင်စက်များတပ်ဆင်ထားပြီး၊ ရေသိုလှောင်ကန်များကို တိုးချဲ့ထား၍ စီမံကိန်းပြီးစီးပါက နေ့စဉ်သောက်သုံးရေ ဂါလန် ၆ . ၅သန်း ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။
Key words; မော်လမြိုင်ရေပေးဝေရေး၊ အတ္ထရံမြစ်
ကိုးကား –
မော်လမြိုင်ရေသန့်ဖြန့်ဝေရေးစီမံကိန်း ၂၀၂၂ တွင် ပြီးစီးမည် (https://www.frontiermyanmar.net/mm)
(၃၁ . ၅ . ၂၀၂၂ တွင် တည်းဖြတ်သည်။)