
ရန်ကုန်မှာ တစ်နှစ်ကို ပျမ်းမျှ မိုးရေချိန် လက်မ တစ်ရာကျော် ရွာတယ်။ တစ်နှစ်ကို ရွာတဲ့ မိုးအတိုင်းအတာ ကိုးပေနီးပါး ရှိတယ်။ မြို့တော် စည်ပင်သာယာ နယ်နိမိတ်က 231 square miles လောက်ရှိတယ်လို့ အချက်အလက် အချို့ အရ သိရပါတယ်။ ဒီအရွယ်က စင်ကာပူ ကျွန်းမကြီး အရွယ်အစားနဲ့ မတိမ်းမယိမ်းပါ။ တွက်ကြည့်ရင် မြို့တော်စည်ပင် နယ်နိမိတ်အတွင်းမှာတင် တစ်နှစ်ကို မိုးရေ ဂါလန် သန်းပေါင်း သုံးသိန်း ခြောက်သောင်း (ကုဗမီတာ သန်းပေါင်း 1600 ခန့် = 425,163 MILLIONS US GALS) လောက် ရွာတဲ့ မိုးကို လက်ခံ ရရှိလေ့ရှိတယ်။ ရန်ကုန်တိုင်း တစ်ခုလုံး အတွက် ကြည့်မယ် ဆိုရင် ဒီထက် 17-18 ဆ လောက်ပိုမယ်။
မိုးရေတွေ ဒီလောက်ရနေလို့ ရန်ကုန်မြို့ကြီး မှာ Water Reservoir တွေ နဲ့ ပြည့်နေတာတော့ မဟုတ်ပါဘူး။ ပေါပေါများများ အလွယ်တကူ ရနေတော့လည်း တန်ဖိုးထားစရာလို့ လည်း သတ်မှတ်ကြဖို့ စဉ်းစားမိကြပုံတောင် မပေါ်ပါဘူး။
လက်ရှိ မြို့တော်ရန်ကုန်ရဲ့ စည်ပင်သာယာ နယ်နိမိတ် အတွင်းက မိုးရေ တော်တော် များများကတော့ ခုအချိန်မှာ မြောင်းပုပ်ဖြစ်ချင်ဖြစ်၊ မဖြစ်ရင်လည်း အဟောသိကံ ရန်ကုန်မြစ်ထဲကို ရောက်မှာပဲ။ ရန်ကုန်မြစ်ထဲ ရောက်တော့ ရေငန် ဖြစ်သွားတာ မို့ သောက်သုံးရေ ပြန်မဖြစ်နိုင်တော့။ ဒီလို မရောက်ခင် စပ်ကြားမှာ ရံဖန်ရံခါ ရေပုပ်လျှံလိုက်။ လမ်းတွေ ပိတ်လိုက်။
ရန်ကုန် ရေကြီးခြင်း ဘီဘီစီ၏ တင်ပြချက် Click here
ကွန်ကရိ လောင်းတာကို မကောင်းဘူးလို့ မကြာမကြာ ပြောကြတာ တွေ့မိကြပါလိမ့်မယ်။ ဒီအတွက် ဘာဆိုးကျိုးတွေ ဖြစ်နိုင်သလဲ ဆိုတာ ကြည့်ကြရအောင်ပါ။ Flash Flood လို့ခေါ်တဲ့ မိုးနဲ့ အတူ ရေကြီး ရေလျှံတဲ့ ပြဿနာ ကြီးလာတယ်။ ဒါကြောင့် မိုးကြီးတဲ့အချိန် လမ်းတွေ ရပ်ကွက်တွေမှာ ရေကြီးရေလျှံတာ၊ Storm Drain မနိုင်တာတွေလည်း ဖြစ်လာတယ်။ Soil Erosion လို့ခေါ်တဲ့ မြေဆီလွှာ တိုက်စားမှု များလာတယ်။ သီးပင်စားပင်တွေ အတွက် မြေဆီလွှာ ဆုံးရှုံးတယ်။ တစ်ဘက်မှာလည်း နုန်းများလာတာမို့ မြစ်၊ အင်း၊ အိုင်၊ ကန်တွေ တိမ်ကောတဲ့ ပြဿနာတွေလည်း ဆက်နွယ် ဖြစ်ပေါ် စေတယ်။ မြေအောက် ရေကြောကို ရေပြန်ဖြည့်ပေးနိုင်ဖို့လည်း ခက်လာတယ်။ ဒါကြောင့် မြေပြိုတာ နဲ့ settlement လို့ ခေါ်တဲ့ အဆောက်အဦ မြေကြီးထဲ တဖြည်းဖြည်း ကျွံဝင်တဲ့ ပြဿနာလည်း ရှိတယ်။ ရေစီး အတားအဆီး နည်းသွားလို့ ရေစီးအားလည်း ကောင်း၊ ရေစီးလည်း မြန်လာတယ်။
သို့ပေမဲ့ လူအများစုက ဒီ အချက်တွေကို မစဉ်းစားမိဘူး။ ခပ်ပေါ့ပေါ့ပဲ တွေးတတ်ကြပါတယ်။ ကွန်ကရစ် လောင်းလိုက်မယ်။ ဒါဆို မိုးရွာရင် ခနနေ ရင် ခြောက်သွားမယ်။ ဗွက်မထတော့ဘူး။ ဖုန်မရှိဘူး ဘာဘူး၊ ညာဘူး… ဟုတ်တယ်လေ၊ မြေအောက်ရေ ဆိုတာ မြင်ရတာမှ မဟုတ်တာ။ ဘာအရေးစိုက်မှာတုံး။ ဟူစတန်မှာတော့ ခွင့်ပြုချက် မရှိဘဲ ကွန်ကရိ လောင်းရင် ပြန်ဖျက်ရမှာပါ။ ဒါက ရေကြီးအောင် လုပ်တဲ့ ပြဿနာ ဆိုပြီး။ ဒါကြောင့် မြန်မာဘုန်းတော်ကြီးကျောင်း က ကျောင်းထိုင် ဆရာတော်တစ်ပါး ကွန်ကရိ လောင်းမယ် တကဲကဲ လုပ်နေလို့ အာခီတက်ခ် အန်ကယ် တစ်ယောက် က တားပေးထားပေလို့…
ကျောင်းထိုင် ဆရာတော်တစ်ပါး ကွန်ကရိ လောင်းမယ် တကဲကဲ လုပ်နေလို့ အာခီတက်ခ် အန်ကယ် တစ်ယောက် က တားပေးထား
မြို့လယ်ဒေသ အများစု ရဲ့ သဘောသဘာဝ အရ Downtown Ygn ကတော့ ၉၀% လောက် က အပိတ်လို့ ယူဆရပါတယ်။ ဖြစ်နိုင်ရင် ရေစိမ့်တဲ့ ပမာဏကို ချဲ့သင့်တယ်။ မြေကျွံတဲ့ ပြဿနာ နှေးသွားအောင်ပါ။ လက်ရှိ အခြေအနေမှာ မဟာရန်ကုန် ကို ကြည့်ရင် ရေအဖြုန်းသက်သက်၊ ရသမျှ အဖိုးတန် မိုးရေတွေ ဆုံးရှုံးနေတယ်။ စုဆောင်းမှု ဆိုတာ နထ္ထိ၊ ဂျိုးဖြူ၊ ဖူးကြီး မကယ်နိုင်။ ကန်တော်ကြီး နဲ့ အင်ယားက လွဲလို့ သတ်သတ်မှတ်မှတ် မိုးရေလှောင်နိုင်မယ့် reservoirs တွေလည်း မရှိ။ မြေအောက်ရေတွေ ပြန်ဖြည့်ပေးနိုင်ဖို့ မိုးရေစိမ့်နိုင်တဲ့ မြေဧရိယာ အချိုးအစား သတ်မှတ်ချက်လည်း မရှိ၊ မရှိရုံပဲလား မဟုတ်သေး၊ မြေအောက်ရေတွေကို မဆမတန် ထုတ်ယူသုံးနေကြတယ်။ အခြေအနေကလည်း ရေမျက်နှာပြင် အဆမတန် နိမ့်သွားလို့ အဝီစိ ရောက်အောင် တူးမှပဲ ရေထွက်တော့တယ်လို့ ဆိုရတော့မယ်။ အချို့တွင်းတွေ ရေခမ်းကုန်ပြီလို့ လည်း ကြားရတယ်။ မိအေးက နှစ်ခါပဲ နာတာ။ မဟာ ရန်ကုန် ခမျာ အဘက်ဘက်က နာနေတယ်။ မြို့တော်ရန်ကုန်ကို ကယ်တင်ဖို့၊ ဝိုင်း အဖတ်ဆယ်ပေးကြဖို့ မစဉ်းစားကြတော့ဘူးလား။
by Ko Chaw
Key words; ရန်ကုန်၊ ရေကြီးရေလျှံခြင်း၊ မြေအောက်ရေပြန်ဖြည့်ခြင်း
ဆက်စပ်လေ့လာရန်
၁ – မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သော ရေကြီးရေလျှံမှုများ အကြောင်း ပါမောက္ခ ဦးမောင်မောင်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း Click here
၂ – မြို့ကြီးများ၌ ရေကြီးရေလျှံ ကာကွယ်ရေး (ကြည်ခင်) Click here
၃ – ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း Click here
(၂၈ . ၅ . ၂၂ တွင် တည်းဖြတ်သည်။)