ပင်လယ်မှရေချိုအိုင်သို့

နယ်သာလန်နိုင်ငံ၏ အနောက်မြောက်ထောင့်တွင် ကုန်းတွင်းပိုင်းအထိ ပအက္ခရာပုံဖြင့် တိုးဝင်တည်ရှိနေသော Zuiderzee အမည်ရှိ ပင်လယ်ကြီးတစ်ခု ရှိခဲ့သည်။

Zuiderzee

ယင်းပင်လယ်နှင့် ထိစပ်နေသော ဒေသများသည် မုန်တိုင်းထန်သောအခါများတွင် ပင်လယ်ရေ၏ လွှမ်းမိုးဖျက်ဆီးမှုကို ခံခဲ့ရသည်။ ယင်းအဖြစ်မျိုးကို ပင်လယ်ဝ၌ တာရိုးဆောက်၍ ကာကွယ်ရန် အင်ဂျင်နီယာလည်းဖြစ်၊ နိုင်ငံရေး သမား တစ်ဦးလည်း ဖြစ်သူ Cornelis Lely က ၁၈၉၁ ခုနှစ်ကတည်းက စ၍ စိတ်ကူးရ စီစဉ်ခဲ့သော်လည်း ပထမကမ္ဘာစစ် ဖြစ်လာခြင်း အပါအဝင် အခြားအခက်အခဲများကြောင့် ၁၉၂၀ ပြည့်နှစ်တွင်မှ စတင် တည်ဆောက်နိုင်ခဲ့သည်။

လွန်ခဲ့သော နှစ်တစ်ရာခန့်အချိန် Afsluitdijk တာ တည်ဆောက်ခဲ့စဉ်က

ရေလွှမ်းမိုးမှုဘေးမှ သက်သာရာရစေရန် ပအက္ခရာပုံ ပင်လယ်ဝကိုဖြတ်၍ ၃၂ ကီလိုမီတာရှည်၊ ခုနစ်မီတာခွဲခန့် မြင့်သော Afsluitdijk တာရိုးကိုဆောက်လုပ်ရာ ၁၉၃၂ ခုနှစ်ကပြီးစီးခဲ့သည်။

Afsluitdijk တာရိုး၏နောက်တွင် စတုရန်း ကီလိုမီတာ ၁၁၀၀ ကျယ်သည့် ရေငန်အိုင်ကြီးကျန်နေရာ ရေငန်များကို စုပ်ထုတ်ကာ ရေချိုအိုင်အဖြစ်ဖန်တီး၍ IJsselmeer ဟု အမည်မှည့်လိုက်သည်။

IJsselmeer ရေချိုအိုင်ထဲရှိ နေရာအချို့ကို မြေဖို့၍ မြေကွက်များ ဖော်သည်။ ပေါ်လာသည့် မြေကွက်များ၏ စုစုပေါင်း ဧရိယာသည် စတုရန်း ကီလိုမီတာ ၁၆၂၀ ခန့် (ရန်ကုန်မြို့ထက် အနည်းငယ်ကျယ်) ရှိသည်။

မြေကွက်များပေါ်၌ မြို့ငယ်များ၊ စိုက်ခင်းများ ထူထောင်သည်။

Afsluitdijk ပေါ်ရှိ Cornelis Lely ၏ ရုပ်တု

Afsluitdijk တာရိုးဆောက်လုပ်ပြီး နှစ်ပေါင်း ၂၀ ခန့်အကြာ၊ ၁၉၅၃ ခုနှစ်၌ ပြင်းထန်သောမုန်တိုင်းကြောင့် မိုးအကြီးအကျယ်ရွာသော်လည်း တာရိုး၏ အကာအကွယ်ကို ရသောဒေသများတွင် ရေလွှမ်းမိုးမှုဘေးမှ သက်သာရာရခဲ့သည်။

Afsluitdijk တာရိုးနှင့် IJsselmeer ရေချိုအိုင်တို့သည် ရေလွှမ်းမိုးမှု ကာကွယ်ရန်သာ မဟုတ်၊ သောက်သုံးရေ ဖြန့်ဝေရေးအတွက်လည်း အထောက်အကူ ပေးသည်။ တာရိုးပေါ်တွင် ကားလမ်း ထားရှိခြင်းဖြင့် အိုင်ကြီး၏ ဟိုမှာဘက်နှင့် သည်မှာဘက် အကြား လွယ်ကူစွာ ကူးသန်း သွားလာနိုင်သည်။ စက်ဘီးလမ်း လျှောက်လမ်းများ ပါရှိ၍ ကျန်းမာရေး အနားယူအပန်းဖြေရေးအတွက် အကျိုးပြုသည်။

ရေငန်များကို စုပ်ထုတ်လိုက်၍ ရေငန်ဂေဟစနစ်၊ ရေငန်ငါးဖမ်းလုပ်ငန်းများ ပျောက်ကွယ်သွားသည့် အားနည်းချက်ရှိသော်လည်း ရေချိုဂေဟစနစ် ရှင်သန်ကာ ငှက်နှင့် ငါးမျိုးစုံတို့ ကျက်စားသော နေရာ ဖြစ်လာသည်။ တာရိုး၏ ရှေ့ရှိ ရေငန်ပင်လယ်တွင် အပင်နှင့် ရေသတ္တဝါ မျိုးစိတ်ပေါင်း ၁၀၀၀၀ ကျော် ရှင်သန်နေသဖြင့် ယူနက်စကိုအဖွဲ့က ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုထားသည်။

ယခုအခါ နှစ်တစ်ရာခန့် သက်တမ်းရှိ Afsluitdijk တာကို အနာဂတ်တွင် မြင့်တက်လာနိုင်သည့် ပင်လယ်ရေပြင်ထက် မြင့်နေအောင် ခြောက်တန်ခွဲလေးသော ကွန်ကရစ်တုံးများ ၇၅၀၀၀ ခန့်ကို သုံး၍ နှစ်မီတာခန့် ထပ်မံ မြှင့်တင်နေသည်။ တာရိုးကို မြှင့်ပြီးပါက အနှစ် ၁၀၀၀၀ တွင် တစ်ခါသာ ကြုံရနိုင်သော ရေလွှမ်းမိုးမှုကို ခံနိုင်ရန် ရာထား တည်ဆောက်နေသည်။

Afsluitdijk တာရိုး

အထက်ပါပုံတွင် ဘယ်ဖက်ရှိ ရေပြင်သည် IJsselmeer ရေချိုအိုင် ဖြစ်ပြီး ညာဖက်က ရေပြင်သည် ပင်လယ် ဖြစ်သည်၊ ပုံပါ ကားလမ်းကို မူလအတိုင်းထား၍ ကားလမ်းနှင့် ပင်လယ်ကြား တာရိုးကို မြှင့်တင်နေခြင်း ဖြစ်သည်။

အထက်ပါပုံသည် တာရိုးမြှင့်ပြီးပါက မြင်ရမည့် ပုံဖြစ်သည်၊ ဘယ်ဖက်ရှိ ရေပြင်သည် ပင်လယ်ဖြစ်သည်၊ ပင်လယ်ဘက်ခြမ်းရှိ တာ၏ မျက်နှာပြင်ပေါ်တွင် ကွန်ကရစ်တုံးများ ချထားခြင်းဖြင့် တာ၏ အမြင့်ကို မြှင့်သည်။

တာရိုးတွင် ရေတံခါးများ၊ ငါးကူးပေါက်များ၊ ရေချိုအိုင်ထဲတွင် ရေပြည့်လာသောအခါ ပင်လယ်ဘက်သို့ စုပ်ထုတ်ပေးသည့် ဧရာမ ရေစုပ်စက်များ ပါရှိသည်။

မူလ ရည်မှန်းချက်မှာ ၂၀၂၂ ခုနှစ်အကုန်တွင် လုပ်ငန်းပြီးစီးဖို့ ဖြစ်သော်လည်း ဒီဇိုင်းပိုင်းဆိုင်ရာ ကြိုတင် တွက်ချက်မှု အားနည်းချက်ကြောင့် နောက်ထပ် သုံးနှစ်ခန့် ကြာဦးမည်။

Key words; နယ်သာလန်၊ ရေလွှမ်းမိုးခြင်း၊ ပင်လယ်ရေပြင် မြင့်တက်ခြင်း

ကိုးကား -The Afsluitdijk Ready for the future (https://theafsluitdijk.com) https://theafsluitdijk.com
၂ – Afsluitdijk renovations to cost €400 mil. more due to errors gov’t knew about: report (https://nltimes.nl)
၃ – 5 things you need to know about the IJsselmeer (https://www.boatbiketours.com)

(၂၀၂၂ မေလ ၂၇ တွင် ဖြည့်စွက်ရေးသားသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s