ဖြစ်စဉ်-၁၊ လပေါ်ရေတွေ့ အိမ်မှာရေမတွေ့

လမျက်နှာပြင်ပေါ်ရှိ တွင်းငယ်ပေါင်း ၄၀ ကျော်၌ ရေခဲအမြောက်အမြား တွေ့ရှိရကြောင်း သတင်းတစ်ပုဒ် ၂၀၁၀ ပြည့်နှစ် အတွင်းကထွက်ပေါ်ခဲ့သည်။ လပေါ်တွင် ရေရှိမရှိလေ့လာခဲ့ကြသည်မှာ နှစ်အတန်ကြာခဲ့ပြီ။ ၂၀ဝ၉ ခုနှစ်က လပေါ်ရှိဖုန်မှုန့်များတွင် ရေအချို့ ရောယှက်ပါဝင်နေကြောင်းတွေ့ရှိပြီးနောက် တွင်းငယ်များထဲ၌ ရေခဲများကိုတွေ့ရခြင်းမှာ လလေ့လာရေးကဏ္ဍတွင် အလွန်ထူးခြားသောသတင်း ဖြစ်သည်။ ရေခဲများကို စူးစမ်းဖော်ထုတ်နိုင်ခဲ့သည်မှာ အမေရိကန်လုပ်ကိရိယာများဖြစ်သော်လည်း ယင်းကိရိယာများကို လသို့သယ်သွားသည်မှာ အိန္ဒိယနိုင်ငံကလွှတ်လိုက်သော’ချန်ဒရာယန်း- ၁’ အာကာသယာဉ်ဖြစ်၍ အိန္ဒိယနိုင်ငံအဖို့ များစွာဂုဏ်ယူစရာ ဖြစ်ရသည်။ ချန်ဒရာယန်း-၁ အာကာသယာဉ်ကို ပုံစံထုတ် တည်ဆောက် ပစ်လွှတ် ထိန်းကျောင်းသူများအားလုံးသည် အိန္ဒိယပညာရှင်များသာ ဖြစ်ကြသည်။

ထိုသို့ လပေါ်တွင်ရေရှိကြောင်း ဖော်ထုတ်ရာတွင် ပါဝင်ခဲ့ကြသော အိန္ဒိယပညာရှင်များနေထိုင်ရာ ဘန်ဂလိုမြို့တွင်မူ ရေကို မရတစ်ချက်ရတစ်ချက်ဖြင့် စခန်းသွားနေကြရသည်မှာ အတော်ပင် အဆင်မပြေလှသော ကိစ္စဖြစ်သည်။ လုပ်ငန်းခွင်မှအပြန် အိမ်အရောက်တွင် တစ်ခါတစ်ရံရေကုန်နေသည်ကို တွေ့ရတတ်၍ အိမ်တွင် ရေမပြတ်ရန် ရေတိုင်ကီများဖြင့်လှောင်၍ သုံးနေကြရသည်။


ဖြစ်စဉ်-၂၊ ရေသယ်ကားကိုမျှော်

အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီ ဗာဆန်ဝိဟာရပ်ကွက်တွင် နေထိုင်သူ ဗီကရမ်ဆိုနီသည် အိန္ဒိယ အမျိုးသားရူပဗေဒဓာတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်ခဲ့ကာ အမေရိကန်နိုင်ငံ မက်ဆာချူးဆက် စက်မှုတက္ကသိုလ်သို့ပင် သွားရောက် ဟောပြောခဲ့သည့် ထူးချွန်သော နက္ခတ္တ ရူပဗေဒပညာရှင်ဖြစ်သည်။ သူ၏ အိမ်တွင်ခေတ်မီအသုံးအဆောင်များဖြင့် ပြည့်နေသော်လည်း ရေအမြဲတမ်းမရချေ။ ဒေလီစည်ပင်က တစ်ပတ်လျှင် နှစ်ရက်ခန့်၊ တစ်ကြိမ်လျှင် နာရီပိုင်းမျှသာ လွှတ်ပေးသောရေကို စက်ဖြင့်စုပ်၍ ရေတိုင်ကီများ ထဲတွင် လှောင်ထားရသည်။

ယင်းသို့ ရေတိုင်ကီများဖြင့် လှောင်သုံးသော်လည်း ဗီကရန်ဆိုနီ၏အိမ်တွင်ရေမလုံလောက်သေး၍ ဒေလီစည်ပင်၏ ရေသယ်ကားများကို အားကိုးရသည်။ ရေသယ်ကားများက အလွယ်တကူ လာသည် မဟုတ်။ ကားတစ်စီး လာဖို့အရေး ဖုန်းအကြိမ်ကြိမ်ဆက်၍ ခေါ်ရသည်။ လာပြန်လျှင်လည်း ကားဒရိုင်ဘာကို ရူပီး ၅၀ဝ ခန့် အပိုကြေးပေးရသည်။ မပေးလျှင် နောက်ထပ်လာဖို့ မမျှော်လင့်နဲ့တော့။ ဘဝတစ်လျှောက်လုံး ကြယ်များကိုလေ့လာခဲ့သော နက္ခတ္တရူပဗေဒပညာရှင်ဗီကရန်ဆိုနီသည် ပင်စင်ယူပြီးကာမှ ကြယ်လေ့လာချိန်ကို လျှော့ကာ အိမ်တွင် ရေသယ်ကား မှန်မှန်လာမည့်ကိစ္စအတွက် အချိန်ပိုပေးနေရသည်။

နံနက်ခင်းငါးနာရီခွဲအချိန်၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မှောင်နေဆဲ ဖြစ်သည်။ သို့သော် မြို့၏ တောင်ဘက်ရှိ ဗာဆန်ကွန်း ရပ်ကွက်လမ်းဘေးတစ်နေရာတွင် လူကြီးလူငယ် ကျားမ ၈၀ ခန့် စုဝေးနေကြသည်။ သူတို့နှင့်အတူရာပေါင်းများစွာသောပုံးများ၊ ချိုင့်များ၊ အိုးများစသည်တို့ကို ဆောင်ထားသည်။ သူတို့၏ ဘေးတွင်တော့ ရေပိုက်ပျော့ အတိုအရှည်များကို အခွေလိုက်တွေ့ရသည်။

ခပ်လှမ်းလှမ်းမှ ကားစက်သံကြားရပြီး မကြာမီတွင် ရေသယ်ကားကြီးသည် သူတို့၏ဘေးတွင် လာရပ်သည်။ လူအုပ်ကြီးသည် ကားရပ်ရာသို့ဝိုင်းအုံရောက်ရှိသွားသည်။ အရပ်မြင့်မြင့် လူငယ်နှစ်ဦးသည် ကားပေါ်တက်၊ ရေတိုင်ကီအဖုံးကိုဖွင့်ကာ အောက်မှ ကမ်းပေးသောရေပိုက်ပျော့များကို ရေတိုင်ကီထဲ နှစ်ချပေးလိုက်သည်။ ကားဘေးတွင် တွဲလောင်းကျနေသောပိုက်ပျော့ ၆၀ ခန့်တို့၏အဝများကို အောက်မှလူများက ပါးစပ်တွင် တေ့၍ စုပ်ယူပြီး ကျလာသောရေများကို ပုံးများ၊ ဘူးများ၊ အိုးများထဲသို့ ဖြည့်လိုက်သည်။ ၁၅ မိနစ်ခန့် ကြာသောအခါ ကားထဲမှရေကုန်သွားသည်။ လူများလည်း သူတို့ တစ်နေ့တာရသော ရေခွဲတန်းပါသည့် ပုံးများကို သယ်၍ အိမ်ပြန်ကြသည်။

ယင်းရပ်ကွက်သားတို့သည် သူတို့ရသော ရေ၏ အရည်အသွေးကို စစ်ဆေးရကောင်းမှန်းမသိ။ သိသည့်တိုင်အောင် စစ်ဆေးရန် အခြေအနေမပေး။ ကားထဲတွင်ပါလာသော ရေသည် ရေကောင်းရေသန့် ဖြစ်ချင်မှဖြစ်မည်။ အိုမင်းဟောင်းနွမ်းနေသော ရေသယ်ကား၏ တိုင်ကီအတွင်းပိုင်းသည် မည်မျှ စင်ကြယ်သနည်း စိတ်မဝင်စားကြ။ ကားရေတိုင်ကီမှ စုပ်ယူသောရေပိုက်ပျော့များ၊ ထည့်သော အိုးခွက်ပုံး များက မည်မျှ သန့်သည် မသန့်သည်ကို မည်သူမျှဂရုမပြုနိုင်ကြ။ သူတို့အဖို့ ရေပမာဏ များနိုင်သမျှ များအောင် ရဖို့ကိုသာ စိတ်ဝင်စားနိုင်သည်။

ယင်းဖြစ်စဉ်သည် ဗာဆန်ကွန်းရပ်ကွက်တွင်သာမက နယူးဒေလီမြို့၏ ဝင်ငွေနည်း ရပ်ကွက်အများအပြားတွင် နေ့စဉ်မြင်နိုင်သည့် ရေပေးဝေမှုပုံစံဖြစ်သည်။ ဒေလီ စည်ပင်သာယာရေးအဖွဲ့တွင် အဆိုပါ ရေသယ်ကားမျိုး ၁၀ဝ၀ ကျော်ခန့် ရှိသည်။ ကားတစ်စီး တစ်နေ့လျှင် လူ ၂၀ဝ၀ အတွက် ရေသယ်ပေးသည်ဟု တွက်လျှင် ဒေလီမြို့နေ လူပေါင်းနှစ်သန်းခန့်သည် အထက်ပါနည်းဖြင့် ရေရယူနေကြရသည်။ ရေသယ်ကားများမှ ရေကို စောင့်၍ သယ်နေကြသူများရှိသကဲ့သို့ ရေအချိန်ပြည့်မလာသော လမ်းဘေးရေတိုင်များမှ ရေလာချိန်ကိုစောင့်၍ ရေသယ်နေကြသူများကိုပါတွက်လျှင် ဒေလီတွင် လူပေါင်းရှစ်သန်းတို့သည် ရေသယ်ဖို့ အိမ်မှ ထွက်လာသောအချိန်မှ ရေပုံးဆွဲ၍ အိမ်ပြန်ရောက်သည်အထိ တစ်နာရီကျော်အချိန်ပေးနေရသည်။


ဖြစ်စဉ်-၃၊ ရေတစ်ပုံးရဖို့အရေး

ဒေလီမြို့တော်နှင့်မိုင် ၅၀ ခန့်ကွာသော ဂျာဂါလီရွာနေ အမျိုးသမီးတစ်စုသည် ရွာထဲမှ ထွက်လာကြသည်။ အရွယ်ရောက်ပြီး မိန်းမပျိုနှစ်ဦးနှင့် မြီးကောင်ပေါက် မိန်းကလေး ၁၂ ဦးတို့ပါသော အုပ်စုသည် တစ်ဦးလျှင် ရေပုံးနှစ်ပုံးရွက်ကာ ရေတွင်းရှိရာသို့ ဦးတည်၍ သွားနေကြသည်။ မိနစ် ၂၀ ကျော်မျှ လျှောက်ပြီးနောက် လယ်ကွင်း တစ်ခုရှိ ရေတွင်းသို့ ရောက်သည်။ ရေတွင်းသည် ရှစ်ပေခန့်ကျယ်ကာ အပေါ်နှုတ်ခမ်း တစ်လျှောက်တွင် ကျောက်တုံးများ စီထားသည်။ ရေတွင်းအပေါ်မှ ငုံ့ကြည့်လျှင် ပေ ၂၀ အနက်တွင် ရေကို မြင်ရသည်။

မိန်းမငယ်တို့သည် ရေမျက်နှာပြင်ရှိ အမှိုက်များ မပါအောင် ရေပုံးများကို အနက်ပိုင်းသို့ နှစ်ချပြီးမှ ငင်ယူကြသည်။ ရေသည် တစ်ဂါလန်လျှင် ရှစ်ပေါင်ခန့်လေးရာ ပုံးတစ်ပုံးလျှင် နှစ်ဂါလန်ခွဲမျှဆန့်သည် ဆိုလျှင်ပင် သူတို့သည်ပေါင် ၂၀ မျှလေးသောဝန်ကို ပေ ၂၀ အနက်မှ ဆွဲတင်နေရခြင်း ဖြစ်သည်။ သည်အထဲ အပေါ်တက်လာသောပုံးနှင့်ရေတွင်းဘေးနံရံမထိမိစေရန်လည်း ဂရုပြုကြရသေးသည်။ ဘေးနံရံသည် မြေသားသက်သက်သာဖြစ်၍ ပုံးနှင့်ခြစ်မိလျှင် နံရံမှ အညစ်အကြေးများ ပုံးထဲသို့ဝင်ဦးမည်။ အထိမတော်ပါက ပုံးထဲပါလာ သောရေများ ဖိတ်စင်၍ တွင်းထဲပြန်ကျသွားမည်။

ရေခပ်ပြီးအပြန်ခရီးတွင် မိန်းကလေးများသည် ပေါင် ၄၀ ကျော်လေးသော ပုံးနှစ်လုံးကို ရွက်၍ ချိုင့်ခွက်များနှင့် မညီညာသောလမ်းပေါ်တွင် ခါးအထက်ပိုင်း ကိုယ်ခန္ဓာကို တတ်နိုင်သမျှ မတ်မတ်ထားကာ ခါးအောက်ပိုင်းကိုသာကျွမ်းကျင်စွာလှုပ်ရှားစေခြင်းဖြင့် ရေ မဖိတ်အောင်အာရုံပြု၍ မိနစ် ၂၀ ခရီးကို ပြန်လျှောက်ကြရသည်။ တစ်ဦး ရေငါးဂါလန်သယ်ခဲ့လျှင် မိန်းကလေး ၁၂ ဦးသည် ဂါလန် ၆၀ ကို သယ်ခဲ့သည်။ ပညာရှင်များကတော့ လူတစ်ဦးလျှင် တစ်ရက် သန့်ရှင်းသောရေ ၁၃ ဂါလန်မျှ သုံးသင့်သည်ဟု သတ်မှတ်ထားကြသည်။ ဂျာဂါလီရွာသူတို့အဖို့ အထက်ပါအတိုင်း ပင်ပင်ပန်းပန်း သယ် လာရသည့်ရေပမာဏသည် တစ်ဦးတည်းအတွက်ကိုပင် မလုံမလောက် ဖြစ်နေသည့်သဘော။ ယင်းပမာဏထက် ပို၍သုံးလိုလျှင်မူ ရွာရှိ ညစ်ထေးနေသောရေတွင်းမှရေကိုသာ သုံးကြရသည်။

ရေသန့်မရ ရောဂါရ

ဘန်ဂလိုမြို့နေ အိန္ဒိယအာကာသပညာရှင်များ၊ နယူးဒေလီ ဗာဆန်ဝိဟာရပ်ကွက်နေ ရူပဗေဒပညာရှင် ဗီကရမ်ဆိုနီတို့၏အိမ်များသို့ရေ ၂၄ နာရီပတ်လုံးမလာသော်လည်း ရေစုပ်စက်နှင့်ရေတိုင်ကီများ၏အကူဖြင့် ရေကို ၂၄ နာရီသုံးနိုင်သူများမှာ အိန္ဒိယလူမျိုးများထဲတွင် လူနည်းစုသာဖြစ်သည်။ အိန္ဒိယမြို့နေလူအများစုမှာ ဗာဆန်ကွန်းရပ်ကွက်သားတို့ကဲ့သို့ မိမိတို့၏ အိမ်သားတစ်ဦး တစ်နာရီမျှ အချိန်ပေး၍ အဝေးမှ သယ်လာသောရေကို အလွန်ချွေတာစွာသုံးနေကြရသည်။

သူတို့မျှလောက်ပင်အခြေအနေမပေးသော အိန္ဒိယကျေးရွာပေါင်း ၆၀ဝဝဝ၀ ခန့်တွင်မူ ဂျာဂါလီရွာနေ အမျိုးသမီးငယ်များကဲ့သို့ ရေသယ်ဖို့ အတော်အချိန်ကုန်နေကြသည်။ သူတို့ တပင်တပန်းခပ် လာသောရေကို အိမ်သားတို့ မလောက်မငသာ သုံးကြရသည်။

ရေကိုရပ်နီးရပ်ဝေးသို့သွားသယ်နေရသည့်အတွက် ကျောင်း မှန်မှန်မတက်နိုင်၊ ကျောင်းမတက်နိုင်၍ စာမတတ်။ ကျန်းမာရေးအသိ ချို့တဲ့ကြသည်။ ရေသန့်အလုံအလောက်မရသည့်အတွက် အလွယ်တကူ ရနိုင်သောရေကို မသန့်မှန်းသိလျက်နှင့် သုံးစွဲကြရသဖြင့် ရောဂါရကြသည်။ အိန္ဒိယနိုင်ငံသား ၁၆၃ သန်းတို့သည် စိတ်ချရသောရေကို မသောက်ကြမသုံးကြရ။ အိန္ဒိယနိုင်ငံတွင် မသန့်သောရေကို သောက် မိသည့်အတွက်ဖြစ်ပွားသောရောဂါများကိုကုသခြင်းအပါအဝင် နောက်ဆက်တွဲ စီးပွားရေးထိခိုက်မှုများကို ထည့်တွက်လျှင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၆၀ဝ မျှရှိသည်။

အိန္ဒိယနိုင်ငံကို ပမာထား၍ ပြောနေသော်လည်း အထက်ဖြစ်စဉ်ပါ လူများကဲ့သို့ ရေကို အချိန်နှင့်အင်အား အကုန်ခံ၍ စောင့်ဆိုင်း သယ်ယူနေကြရသူများ၊ ရေကောင်းရေသန့်ကိုလုံလောက်စွာ သောက်ခွင့် သုံးခွင့်မရသူများ ကမ္ဘာတွင် သန်းပေါင်းများစွာ ရှိနေသည်။

ရေစစ်ပွဲ

ရေအခက်အခဲ တစ်ချိန်ထက်တစ်ချိန် ကြီးထွားလာနေသဖြင့် ရေရရှိမှုကိုအကြောင်းပြု၍ စစ်ပွဲများ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းချက်များ ခပ်စိပ်စိပ်ထွက်ပေါ်လာနေသည်။ ကမ္ဘာတွင် နယ်စပ်ဖြတ်စီးမြစ်များ (ဥပမာ-သံလွင်၊ မဲခေါင်) ၂၆၃ စင်း၊ အနည်းဆုံးနှစ်နိုင်ငံအောက်တွင် မျှဝေတည်ရှိသော မြေအောက် ရေကြောများ ၅၉၂ ခုရှိပြီး အဆိုပါ မြစ်ရေနှင့်မြေအောက်ရေများကို မျှဝေသုံးစွဲနေရသည့်နိုင်ငံပေါင်း ၁၅၃ ခုရှိရာ ရေရှားပါလာသောအခြေအနေတွင် ရေစစ်ပွဲများ ဖြစ်လာနိုင်သည်ကို စိုးရိမ်မည်ဆိုလျှင်လည်း စိုးရိမ်စရာပင် ဖြစ်သည်။

ရေစစ်ပွဲဟုခေါ်နိုင်လောက်သည့်အဖြစ်အပျက်များ ယခုအထိ မရှိသေးသော်လည်း ရေကိုအကြောင်းပြုသည့်၊ ရေပေးရေးစနစ် ထိခိုက်ပျက်စီးသည့် ပဋိပက္ခများစွာပေါ်ပေါက်ခဲ့ရာ ယင်းတို့ကိုအဖွဲ့အစည်းတစ်ခုက ကဏ္ဍသုံးခုခွဲ၍ စနစ်တကျစာရင်းပြုစုထားသည်။ ယင်းစာရင်းအရ ရေနှင့်ဆက်နွှယ်သောပဋိပက္ခများ ၂၀ဝ၀ ခုနှစ်မှ ၂၀ဝ၉ ခုနှစ်အတွင်း ၈၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၁၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ၂၆၄ ကြိမ်ဖြစ်ပွားခဲ့ရာ အကြိမ်စိပ်လာသည်ကို တွေ့ရသည်။

ထိတ်လန့်ဖွယ်ကိန်းဂဏန်းများ

အကြိမ်စိပ်လာသည့် ရေပဋိပက္ခများသည် စိုးရိမ်ဖွယ်ရာ ကောင်းသကဲ့သို့ ရေကောင်းရေသန့် အလုံအလောက်မရခြင်း၏အကျိုး ဆက်များကို လေ့လာလျှင် ထိတ်လန့်ဖွယ်ကိန်းဂဏန်းများကို တွေ့ရ မည်။

လူဦးရေသန်း ၄၀ဝဝ(ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်) သည် တစ်နှစ်လျှင် အနည်းဆုံး တစ်လခန့် ရေရှားပါးသောဒုက္ခနှင့် ရင်ဆိုင်တွေ့နေကြသည်။ လူပေါင်းသန်း ၂၂၀ဝ တို့သည် ရောဂါပိုး ကင်းစင်သော ရေကို လိုအပ်သောအချိန်တွင် နေအိမ်အနီးဝန်းကျင်၌ မရကြချေ။

ဤအခြေအနေတွင် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်မှစကာ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းဖြင့် တိုးတက်လာနေသည့် ရေသုံးစွဲမှုသည် ၂၀၅၀ ခုနှစ်အထိ အဆိုပါနှုန်းအတိုင်းဆက်လက်တိုးတက်နေမည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် ၂၀၅၀ ပြည့်နှစ်အရောက်တွင် ရေသုံးစွဲမှု သည် လက်ရှိထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်မားလာမည်။

တစ်နှစ်လျှင် လူ ၅၇၅ သန်းတို့သည် မသန့်ရှင်းသောရေနှင့် ဆက်နွှယ်သောရောဂါများကို ရရှိ ခံစားနေကြရသည်။ ကမ္ဘာ့ဆေးရုံ များတွင် တက်ရောက်ကုသနေသော လူနာဦးရေအနက်ထက်ဝက်သည် သန့်ရှင်းစိတ်ချရသောသောက်ရေနှင့်ကောင်းမွန်သော သန့်ရှင်းမှု စနစ်ကို မသုံးနိုင်ခြင်းတို့ကြောင့်ရသော ရောဂါများကြောင့် ဖြစ်သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကာကွယ်၍ရသော ရောဂါ ဖြစ်သည်။ သို့စဉ်လျက် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သန့်ရှင်းသောရေကို လုံလောက်အောင်မရ၍ ညစ်ညမ်းသောရေကိုသောက်ရသည့်အတွက် ဖြစ်ပွားသော ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် တစ်ရက်လျှင် ကလေး ၁၃၀ဝ သေဆုံးနေကြသည်။ အကယ်၍သာ နေရာတိုင်းတွင် သန့်ရှင်းသောရေကို သုံးစွဲနိုင်ကြမည်ဆိုလျှင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ လူကြီးလူငယ်ဦးရေသည် ၃၄ ရာခိုင်နှုန်းမျှ လျော့ကျသွားမည်။

စစ်ပွဲများအတွင်း သေသောလူဦးရေထက် ကျန်းမာရေးနှင့် ညီညွတ်သော ရေနှင့်သန့်ရှင်းမှုစနစ်မရှိခြင်းကြောင့် ရောဂါရ သေဆုံးကြသော လူဦးရေက ပိုများသည်။

ရေဖုံးကမ္ဘာ၏ရေပြဿနာ

အထက်ပါကိန်းဂဏန်းများသည် နည်းပညာပိုင်းဆိုင်ရာတွင် အဘက်ဘက်မှတိုးတက်နေပါသည်ဆိုသော ကမ္ဘာပေါ်၌ ဖြစ်ပွားနေသည်တို့ကို ကိုယ်စားပြုနေခြင်းမှာ ယုံချင်စရာပင် မကောင်းလှချေ။ ကမ္ဘာကို အာကာသထဲမှ ရိုက်ယူထားသောပုံကိုကြည့်လျှင် မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းကို ရေက ဖုံးလွှမ်းထားရာ အကယ်၍သာ အခြားဂြိုဟ်မှ ဂြိုဟ်သားတစ်ယောက်ယောက် ကမ္ဘာအနီးသို့ရောက်လာကာ ရေဖုံးနေသော ကမ္ဘာကြီးကို အာကာသထဲမှကြည့်၍ ကမ္ဘာသူ ကမ္ဘာသား အများစုတို့ ဖောင်စီးရင်း ရေငတ်နေကြသော အဖြစ်နှင့် ရင်ဆိုင်နေရမည်ဟု လုံးဝထင်မှတ်မည် မဟုတ်ချေ။

ယင်းဂြိုဟ်သားသည် အာကာသထဲမှ ကမ္ဘာမျက်နှာပြင်သို့ ဦးတည်ဆင်းသက်လာရင်း မြေပြင်နှင့် နီးကပ်လာသောအခါ ကမ္ဘာ့ လူဦးရေအများစုနေထိုင်သောမြို့ပြများ၏ဧရိယာသည် ကမ္ဘာ့မျက်နှာပြင်ဧရိယာ စုစုပေါင်း၏ အပုံ ၁၀ဝ လျှင် ၂ ပုံသာ ရှိကြောင်း တွေ့ရပြီး ကျေးလက်များကို သေးငယ်သော အစက်အပြောက်များအဖြစ်သာ မြင်ရသည်။

ယင်းဂြိုဟ်သားသည် မြေပြင်ပေါ်ရောက်၍ လူတို့၏ရေအခက်အခဲကိုသိရလျှင် ဧရာမရေပြင်ကျယ်ကြီး ရှိလျက်နှင့် ယင်းသို့ ဖြစ်နေသည်ကို နားလည်ရခက်လိမ့်မည်။ လက်တွေ့တွင်လည်း ရေပြဿနာသည် တဖြည်းဖြည်း ကြီးထွားလာနေရာ တစ်ချိန်က ရေလုံလောက်နေခဲ့သော နိုင်ငံအချို့တွင်ပင် ရေအခက်အခဲ ဖြစ်လာနေသည်။ ရေပေါများသောဒေသတို့၏အကျယ်အဝန်းသည် ကျုံ့ဝင်သေးငယ်လာနေသည်။


(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)

အခန်း ၁။ ရေမရှိအသက်မရှိ

အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က

အခန်း ၃။ ပျက်ယွင်းရေသံသရာ

အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး

အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်

အခန်း ၇။ အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ

အခန်း ၈။ အရည်ပျော်တောင်ထိပ်များ

အခန်း ၉။ ပင်လယ်ရေတကယ်ခန်း

အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ

အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်

အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး

အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး

အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု

အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ

အခန်း ၁၆။ ခြေရာပျောက်ရေ

အခန်း ၁၇။ ရေဖိုးရေခ

အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ

အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်

အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့

One response to “အမြင်၌ ပေါများသည်ထင်ရသော်လည်း”

Leave a comment