အေးမြင့်
(ညောင်တုန်း )


ဦးအေးမြင့်သည် အဖ ဦးသန်းဖေ ၊ အမိ ဒေါ် မြထွေးတို့မှ ညောင်တုန်းမြို့တွင် ၁၉၄၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အခြေခံ ပညာကို ၁၉၆၆ ခုနှစ်အထိ ညောင်တုန်းမြို့ အရှေ့ပိုင်း အစိုးရမူလတန်းကျောင်း နှင့် အစိုးရအထက်တန်းကျောင်းတို့တွင် လည်းကောင်း ၊ မြို့ ပြ အင်ဂျင်နီယာပညာကို ၁၉၆၆ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ရန်ကုန် စက်မှုတက္ကသိုလ်တွင် လည်းကောင်း ၊ မြေနိမ့်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ရေအားဟိုက်ဒရောလစ် အင်ဂျင်နီယာ ပညာကို ၁၉၈၂- ၁၉၈၃ စာသင်နှစ်တွင် နယ်သာနိုင်ငံ Delft မြို့ IHE ( International Institute for Hydraulic and Environmental Engineering ) ရေအားဟိုက်ဒရောလစ် နှင့် ပတ်ဝန်းကျင် အင်ဂျင်နီယာ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တို့တွင်လည်းကောင်း ပညာသင်ကြား ခဲ့ ပါသည် ။
စက်မှုတက္ကသိုလ်မှ ၁၉၇၂ ခုနှစ်တွင် အင်ဂျင်နီယာ ဘွဲ့ရပြီး ၁၉၇၃ ခုနှစ်တွင် စက်မှုတက္ကသိုလ် မှ တာဝန်ယူ ဆောင်ရွက်ခဲ့သော ပုသိမ် မုံရွာလမ်း အုတ်ရှစ်ပင် ကံမ လမ်းပိုင်း လမ်းအူကြောင်း ရှာဖွေ တိုင်းတာရေး လုပ်ငန်းတွင် RIT ကျောင်းဆင်းစ လူငယ် ကျောင်းသားများနှင့် အတူ ပါဝင်ခဲ့ကာ ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းတံတား လေယာဉ်ကွင်း ပုံထုတ်ရုံးတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ပါသည် ။
၁၉၇၄ ခုနှစ်တွင် ဆည်မြောင်းဦးစီးဌာနသို့ ဝင်ရောက်ခဲ့ပြီး –
- လက်ထောက်အင်ဂျင်နီယာ / ဦးစီး အရာရှိ AE. ( Assistant Engineer ) အဖြစ် ၁၉၇၄ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ရန်ကုန်မြို့ တွင် တိုင်းတာရေး (၂) ရုံး အောက်မြန်မာပြည် စပါးစိုက်ပျိုးမှု ဖွံ့ ဖြိုး တိုးတက်ရေး စီမံကိန်း / စပါး စီမံကိန်း (၁) ဒီဇိုင်းနှင့် ပုံထုတ်ရုံး ၊ မွန်ပြည်နယ် သထုံခရိုင်ရုံး သထုံမြို့ နှင့်
ဧရာဝတီတိုင်း ညောင်တုန်းမြို့ နယ်ရုံးတို့တွင် လည်းကောင်း ။ - အမှုဆောင်အင်ဂျင်နီယာ / လက်ထောက် ညွှန်ကြားရေးမှူး EE( Executive Engineer )အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၄ ခုနှစ် အထိ ရှမ်းပြည်နယ် အရှေ့ပိုင်းရုံး၊ သံလွင် အရှေ့ခြမ်း၊ ကျိုင်းတုံခရိုင်ရုံး, ကျိုင်းတုံမြို့ နှင့် ရန်ကုန်တိုင်း ၊ ရန်ကုန် တောင်ပိုင်းခရိုင်ရုံး သံလျင်မြို့တို့တွင် လည်းကောင်း ။
- ဒု- ညွှန်ကြားရေးမှူး ASE ( Assistant Superintending Engineer ) အဖြစ် ၁၉၉၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ချင်းပြည်နယ်ရုံး ဟားခါးမြို့ နှင့် ဆည်မြောင်း ဦးစီးဌာန တည်ဆောက်ရေး (၆) ရုံး ရန်ကုန်မြို့ တို့ တွင် လည်းကောင်း ။
- ညွှန်ကြားရေးမှူး SE ( Superintending Engineer ) အဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ ၊ ပဲခူးတိုင်းရုံး ပဲခူးမြို့နှင့် ဆည်မြောင်းရုံးချုပ် စီမံကိန်းနှင့် လုပ်ငန်း ဌာနစိတ် နေပြည်တော်တွင်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် သက်ပြည့် အငြိမ်းစားယူခဲ့ပါသည်။
ဆည်မြောင်း ဌာန လုပ်သက် ၃၅ နှစ်အတွင်း –
မွန်ပြည်နယ် ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့ တွင် မြေနိမ့်ပိုင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများ ရေကြီးနစ်မြုပ်မှု ကာကွယ်ရေး၊ ရေထုတ် ရေနုတ် လုပ်ငန်းများ၊ ပင်လယ် ရေငန်ပိုင်း ဒေသ များတွင် ရေဘေးကာကွယ်ရေး၊ ရေချို ရေငန်စပ် ဒေသများတွင် နွေစပါး သီးနှံ စိုက်ပျိုးရေး အတွက် ရေ နုတ် ရေသွင်း လုပ်ငန်းများ၊ ရေနုတ် ရေသွင်း ရေထုတ် ဘက်စုံသုံး ရေတံခါးများ ဒီဇိုင်း / ပုံထုတ် / တည်ဆောက်ရေး လုပ်ငန်းများ၊ အောက်မြန်မာပြည် စပါး စိုက်ပျိုးမှု ဖွံ့ ဖြိုးတိုးတက်ရေး စီမံကိန်း (၁) နှင့် ညောင်တုန်းကျွန်း စီမံကိန်း လုပ်ငန်းများတွင် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပါသည် ။
ဆည်ရေပေးလုပ်ငန်းများ နှင့် ဆည်မြောင်း တည်ဆောက်ရေး၊ ထိန်းသိမ်းရေး လုပ်ငန်းများ အဖြစ် မြန်မာပြည် အရှေ့ဘက်ဆုံး တောင်ပေါ်ဒေသ ရှမ်းပြည်နယ်အရှေ့ပိုင်း သံလွင် အရှေ့ ခြမ်း၊ မြန်မာပြည် အနောက်ဘက်ဆုံး တောင်ပေါ် ဒေသ ချင်းပြည်နယ်၊ ပဲခူးတိုင်း ပဲခူးရိုးမ အရှေ့ ခြမ်းအနောက်ခြမ်းရှိ ဆည်မြောင်း လုပ်ငန်းမျိုးစုံနှင့် နေပြည်တော် ဆည်မြောင်းရုံးချုပ်၊ စီမံကိန်းနှင့် လုပ်ငန်းဌာနစိတ်တို့တွင် ကျရာ ဆည်မြောင်းလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ပါသည် ။
၂၀၀၉ ခုနှစ်မှ ယနေ့အထိ –
-NEPS ( National Engineering and Planning Services Co, Ltd )ပြင်ပအင်ဂျင်နီယာကုမ္ပဏီတွင် ပင်စင်စား အကြီးတန်း ရေအင်ဂျင်နီယာတစ်ဦး အဖြစ် ရေအင်ဂျင်နီယာလုပ်ငန်းများနှင့်အတူ
ပြင်ပ လုပ်ငန်းရှင်များ ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး
-မြန်မာနိုင်ငံ တမံကြီးများ အသင်းဝင် အဖြစ် လည်းကောင်း
-မြန်မာနိုင်ငံ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အကြံပေး အဖွဲ့ ဝင်အဖြစ် လည်းကောင်း
-အားလပ်ချိန်များတွင် မိမိဝါသနာပါရာ စာအုပ် စာတမ်းများ စုဆောင်း ဖတ်ရှုရင်း မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ဆည်မြောင်း လုပ်ငန်းများ သမိုင်းကြောင်း ပြုစု ထုတ်ဝေရေးတွင် သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာတိုးလှ၏ ရှေးဘုရင်များခေတ် ဆည်မြောင်းလုပ်ငန်းများအတွက် ပါဝင် ကူညီ ဆောင်ရွက်နေပါသည် ။
၎င်းပြင် မိမိ ဘဝတာ သင်ကြား သိရှိ လုပ်ကိုင်ခဲ့ သော ရေရေးရာများနှင့် အထွေထွေ ဗဟုသုတ အတွေ့အကြုံများကို မှတ်ဖွယ် မှတ်ရာ စာဒေသာ နှင့် တွေးမိတွေးရာ၊ ရေးမိရေးရာ ခေါင်းစဉ်များဖြင့် လူမှုကွန်ယက် စာမျက်နှာ Facebook နှင့် မိမိ အင်တာနက် စာမျက်နှာ ayemyint.blog တို့ တွင် ရေးသား ဝေမျှလျက် ရှိပါသည် ။