ကမ္ဘာပေါ်၌ ရေခဲထုအများဆုံးနေရာသည် တောင်ဝင်ရိုးစွန်း အန္တာတိကတိုက်ဖြစ်ပြီး ရေခဲထု ကုဗကီလိုမီတာ သန်း ၃၀ မျှ ရှိသည်။ မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသတွင်မူ ရေခဲထု ကုဗကီလိုမီတာ ၈၀၀၀ ခန့်ရှိသည်။ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တည်ရှိရာ ဟိမဝန္တာဒေသအပါအဝင် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ(Hindu Kush Himalayas (HKH)) တောင်တန်းများပေါ်ရှိ ရေခဲထုသည် ကုဗကီလိုမီတာ ၇၆၀၀ ခန့်ရှိသဖြင့် ယင်းဒေသကို တတိယဝင်ရိုးစွန်းဟုလည်း တင်စားခေါ်ဝေါ်ကြသည်။

တောင်နှင့်မြောက်ဝင်ရိုးစွန်းများရှိ ရေခဲသည် သောက်သုံးရေအတွက် တိုက်ရိုက်အသုံးမဝင်သော်လည်း ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ရေခဲထုမှ ပျော်ဆင်းလာသောရေများသည်မူ အာရှတိုက်ရှိ မြစ်ကြီးဆယ်စင်းထဲသို့ စီးဝင်ကာ အဆိုပါမြစ်တို့ ဖြတ်သန်းစီးဆင်းသော နိုင်ငံ ၁၆ နိုင်ငံနေ လူသန်းပေါင်း ၁၇၇၀ ကို သောက်သုံးရေပေးဝေလျက် ရှိသည်။ ယင်းမြစ်ဆယ်စင်းမှာ တာရင်(Tarim)၊ အမူဒါရိယာ(Amu Darya)၊ အိန္ဒု၊ ဂင်္ဂါ၊ ဗြဟ္မပုတ္တရ၊ ဧရာဝတီ၊ သံလွင်၊ မဲခေါင်၊ ယန်စီနှင့် မြစ်ဝါမြစ်များ ဖြစ်ကြပြီး ယင်းမြစ်များသည် ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မစ်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒက်ရှ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းကြသည်။

(Source: China Water Risk)

ဧရာဝတီမြစ်၏မူလအစ

ဟိန္ဒူကွတ်ရှ် ဟိမဝန္တာတောင်တန်းဒေသ၏ အရှေ့တောင်ပိုင်းဖြစ်သော တိဘက်ကုန်းမြင့်သည် မြန်မာနိုင်ငံ၏ ထိပ်ပိုင်း၌ တည်ရှိသည်။ တိဘက်ကုန်းမြင့်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Hengduan Shan တောင်တန်း၏ အနောက်ဘက်တွင် ဗြဟ္မပုတ္တရမြစ်စီးဆင်းသည်။ ယင်းတောင်တန်းဧရိယာထဲတွင် ဧရာဝတီမြစ်၏ ရေဝေဒေသထိပ်ပိုင်း ပါဝင်ပြီး ဧရာဝတီမြစ်ထဲသို့ စီးဝင်မည့် လက်တက်ငယ်များ၊ သံလွင်မြစ်နှင့် မဲခေါင်မြစ်တို့သည် ယင်းတောင်တန်းများမှ စတင်မြစ်ဖျားခံကာ တောင်ဘက်သို့ စီးဆင်းကြသည်။

Hengduan Shan တောင်တန်းဒေသသည် ရေခဲဖုံးတောင်များ၊ တောများထူထပ်ကာ လျှိုမြောင်ချိုင့်ဝှမ်း ပေါများလှပြီး လူသူအရောက်အပေါက်နည်းသဖြင့် ရှားပါးအပင်များ၊ ပန်ဒါကဲ့သို့သော သတ္တဝါများကို တွေ့ရှိနိုင်သည်။ ကမ္ဘာတစ်ဝန်းမှ ရုက္ခဗေဒနှင့် ဂေဟဗေဒပညာရှင်များ၊ စွန့်စားခရီးသွားသူများ လာရောက်လေ့လာကြသည်။ ပညာရှင်အချို့နှင့် စွန့်စားခရီးသွားသူအချို့သည် Hengduan Shan တောင်တန်းဒေသတွင်း စီးဆင်းနေသောချောင်းများအနက် မည်သည့်ချောင်းကို ဧရာဝတီမြစ်၏ မူလအစချောင်းဟု သတ်မှတ်နိုင်သနည်းဆိုသည်ကို စူးစမ်းခဲ့ကြသည်။ စူးစမ်းလေ့လာသူများထဲမှ ထင်ရှားသူနှစ်ဦးမှာ F.M. Bailey (၁၈၈၂–၁၉၆၇) နှင့် Frank Kingdon-Ward (၁၈၈၅-၁၉၅၈) တို့ ဖြစ်ကြသည်။

သို့သော် အဆိုပါဒေသ၏ မြေမျက်နှာအသွင်အပြင်နှင့် ရာသီဥတု ကြမ်းတမ်းမှု၊ သွားလာရခက်ခဲမှုတို့က ဧရာဝတီမြစ်၏မူလအစချောင်း သို့မဟုတ် ရေစီးကြောင်းကို ဖော်ထုတ်သတ်မှတ်ရန် ခက်ခဲစေခဲ့သည်။ တရုတ်နိုင်ငံပိုင်နက်ထဲရှိ ရေခဲတောင်များနှင့် ယင်းတို့မှ စီးဆင်းလာသောချောင်းများ၊ မြန်မာနိုင်ငံ ပိုင်နက်ထဲရှိ ခါကာဘိုရာဇီတောင်မှ စီးဆင်းလာသောချောင်းများသည် ဧရာဝတီမြစ်၏ လက်တက်များ ဖြစ်ကြသည့် မေခမြစ်နှင့် မလိခမြစ်များထဲသို့ စီးဝင်ကြသဖြင့် ချောင်းတစ်ခုခုကို ဧရာဝတီမြစ်၏ မူလအစဟု တိတိကျကျအသိအမှတ်ပြုရန် ခက်ခဲသည်။ ချောင်းပေါင်းများစွာအနက် ဧရာဝတီမြစ်ဟု စတင်ခေါ်ဝေါ်ရာ မြစ်ဆုံနှင့် အဝေးဆုံးချောင်းကို ဧရာဝတီမြစ်၏ မူလအစဟု ခေါ်မည်လား၊ ရေစီးအများဆုံးချောင်းကိုပဲ ယူရမည်လား၊ အရှည်ဆုံးချောင်းကို မူလအစဟု သတ်မှတ်မည်လား၊ Hengduan Shan တောင်တန်း ဧရာဝတီရေဝေဒေသအတွင်း အမြင့်ဆုံးချောင်းသည် ဧရာဝတီ၏အစလား စသဖြင့် ဝိဝါဒအမျိုးမျိုးကွဲနေကြသည်။

စူးစမ်းလေ့လာသူများထဲတွင် Hengduan Shan တောင်တန်းဒေသတွင်း နေရာတစ်ခုကို ဖော်ထုတ်ကာ ယင်းနေရာသည် ‘ဧရာဝတီ၏မူလအစဖြစ်သည်’ဟု ကြေငြာသူမှာ တာမော့ဆုနာကာမူရာ (Tamotsu Nakamura) ဖြစ်သည်။ ဂျပန်လူမျိုး တာမော့ဆုနာကာမူရာသည် မူလက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး နောက်ပိုင်း၌ တောင်တက်သမား စွန့်စားရှာဖွေသူတစ်ဦး ဖြစ်လာသည်။ သူ၏ တောင်တက်ခရီးစဉ်တလျှောက် လေ့လာတွေ့ရှိသည်များကို စာအုပ်စာတမ်းများ ပြုစုတင်ပြခဲ့သဖြင့် အများက လေးစားခံရသူဖြစ်သည်။

ယခုအခါ အသက် ၉၂ နှစ်အရွယ်ရောက်နေသူ နာကာမူရာသည် ၁၉၉၀ ပြည့်နှစ်ခန့်မှစ၍ တိဘက်ကုန်းမြင့်ရေခဲတောင်ဒေသသို့ လေ့လာရေးခရီး အကြိမ် ၃၀ ကျော်သွားရောက်ခဲ့ပြီး စာတမ်းများ ပြုစုခဲ့ရာ Source of the Irrawaddy and Gorge Country — In the Steps of F. M. Bailey and F. Kingdon-Ward (ဧရာဝတီမြစ်၏ မူလအစနှင့် လျှိုမြောင်ဒေသ — F. M. Bailey နှင့် F. Kingdon-Ward တို့၏ ခြေရာများအတိုင်း လိုက်ပါလေ့လာခြင်း) ဆောင်းပါးလည်း အပါအဝင် ဖြစ်သည်။

ယင်းဆောင်းပါးနှင့် အထက်ပါပုံအရ အနောက်ဘက်လားသော် Lohit River (ဗြဟ္မပုတ္တရမြစ်)၊ အရှေ့ဘက်လားသော် Nu Jiang (သံလွင်မြစ်)၊ Lancang Jiang (မဲခေါင်မြစ်)နှင့် Chang Jiang (ယန်စီမြစ်)တို့ကြား၊ Drung Jiang (မေခမြစ်)၏ ထိပ်၊ မြန်မာနိုင်ငံနှင့် မဝေးကွာလှသည့် မြားပြထားသောနေရာသည် ဧရာဝတီမြစ်၏ မူလအစဖြစ်သည်ဟု နာကာမူရာက ဆိုသည်။ ပုံအရ ဗြဟ္မပုတ္တရမြစ်၊ မေခမြစ်၊ သံလွင်မြစ်၊ မဲခေါင်မြစ်နှင့် ယန်စီမြစ်တို့သည် ယင်းနေရာ၌ နီးကပ်စွာ အပြိုင်စီးဆင်းနေခဲ့ကြောင်း တွေ့နိုင်သည်။

ဟိန္ဒူကွတ်ရှ် ဟိမဝန္တာတောင်တန်းများပေါ်မှ စီးဆင်းလာသော အာရှမြစ်ကြီးဆယ်စင်းအနက် ဗြဟ္မပုတ္တရ၊ ဧရာဝတီ၊ သံလွင်၊ မဲခေါင်နှင့် ယန်စီ မြစ်ငါးစင်းတို့ကို မွေးဖွားရာ တိဘက်ကုန်းမြင့် Hengduan Shan တောင်တန်းဒေသ၏ ရှုခင်းများကို အောက်ပါပုံများ၌ မြင်တွေ့နိုင်သည်။ ပုံငါးပုံအနက် အောက်ဆုံးပုံသည် တရုတ်ပိုင်နက်ထဲ၌ စီးဆင်းနေသော Drung Jiang (မေခမြစ်)ပုံ ဖြစ်သည်။

ဓာတ်ပုံများ၌ မြင်ရသကဲ့သို့ မြန်မာနိုင်ငံ၏ ထိပ်တွင် တည်ရှိသော Hengduan Shan တောင်တန်းဒေသအများစုကို ရေခဲမြစ်များက ဖုံးလွှမ်းနေရာယူထားကြောင်း အာကာသမှ ရိုက်ယူထားသည့်ပုံ၌လည်း မြင်ရသည်။ အောက်ပါပုံသည် ၂၀ဝ၀ ပြည့်နှစ်က ရိုက်ယူထားသောပုံဖြစ်သည်။ ပုံကို ရိုက်ယူပြီး ၂၆ နှစ်ကြာခဲ့ပြီဖြစ်သော ယခုအချိန်၌ ထပ်မံရိုက်ယူနိုင်ခဲ့လျှင် ရေခဲမြစ်များကို ထိုမျှများပြားစွာ တွေ့နိုင်မည်မဟုတ်တော့ချေ။ ပူနွေးလာသော ရာသီဥတုကြောင့် ရေခဲမြစ်အများအပြား အရည်ပျော်သေးငယ်သွားပြီ ဖြစ်သည်။

ကြော်ငြာ

ရောင်းဈေး ၁၅၀ဝ၀ ကျပ်

ရေခဲမြစ်တို့၏သဘောသဘာဝ

ဝင်ရိုးစွန်းအရပ်များနှင့် တောင်ထိပ်မြင့်များတွင် အေးလွန်းသောရာသီဥတုကြောင့် ဆောင်းအခါ ဆီးနှင်းကျဆင်းပြီး နွေအခါ ဆီးနှင်းအချို့အရည်ပျော်သည်။ နွေအခါအရည်ပျော်သော ဆီးနှင်းပမာဏထက် ဆောင်းအခါ ကျဆင်းသောဆီးနှင်းပမာဏက ပိုသောအရပ်များတွင် ဆီးနှင်းထုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုထူထဲသိပ်သည်းကာ ရေခဲဖြစ်လာသည်။ ယင်းသို့နှစ်ပေါင်းများစွာ ဆက်တိုက်ဖြစ်သောအခါ ရေခဲထု လေးသထက်လေးလာသောကြောင့်လည်းကောင်း၊ မြေဆွဲအားကြောင့်လည်းကောင်း အနိမ့်ပိုင်းသို့ တအိအိ ရွေ့လျားကာ ရေခဲမြစ်များအဖြစ် စီးဆင်းသည်။ ရေခဲမြစ်များမှ နွေအခါ အရည်ပျော်ကျလာသော ရေများသည် ရေခဲတောင်အောက် ဒေသအများအပြားအတွက် အဖိုးတန်ရေအရင်းအမြစ်များ ဖြစ်ကြသည်။ ဆောင်းအခါ ဆီးနှင်းကျမှုပမာဏနှင့် နွေအခါ အရည်ပျော်မှု ပမာဏညီမျှခဲ့ကာ ရေခဲမြစ်နှင့် ရေခဲပြင်များ ယုတ်လျော့ခြင်း မရှိသည့်အချိန်အထိ ရေမှန်မှန် ရနေခဲ့ကြသည်။

သို့သော် ရုပ်ကြွင်းလောင်စာများ လောင်မြှိုက်မှုမှတစ်ဆင့် ကမ္ဘာ့လေထုတွင်းသို့ ကာဘွန်ဒိုင်အောက်ဆိုက်များ အဆမတန် ဝင်ရောက်ခြင်း၏အကျိုးဆက်အဖြစ် ပြောင်းလဲလာသော ရာသီဥတုနှင့် တက်လာသော လေထုအပူချိန်ကြောင့်ရေခဲပြင်နှင့် ရေခဲမြစ်များ နွေအခါ အရည်ပျော်မှုသည် ဆောင်းအခါကျသော ဆီးနှင်းပမာဏကို ကျော်လွန်လာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၇၀ ခန့်ကနှင့် စာလျှင် ၂၀၂၄ ခုနှစ် ကမ္ဘာ့လေထု ပျမ်းမျှအပူချိန်သည် ၁ ဒသမ ၅၅ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့သော်လည်း ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာ ကုန်းမြင့်၏ အပူချိန်သည် အနည်းဆုံး ၁ ဒသမ ၈၅ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့သည်။ အကျိုးဆက်အဖြစ် ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသရေခဲမြစ်အများအပြားသည် ၁၉၇၀ ပြည့်နှစ် အလွန်မှစ၍ အရည်ပျော်မှုများလာခဲ့သည်။ ၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြား ရေခဲအရည်ပျော်မှု ပမာဏသည် ၂၀ဝ၁ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်ကြား အရည်ပျော်ပမာဏထက် ၆၅ ရာခိုင်နှုန်း ပိုလွန်ခဲ့သည်။

ဧရာဝတီမြစ်ဖျားနှင့် ပတ်သက်၍ ဂျာမန်ပညာရှင်နှစ်ဦးက ၂၀၁၈ ခုနှစ်က ‘‘မြန်မာနိုင်ငံ ဧရာဝတီမြစ်ဖျားဒေသ ရေခဲမြစ်များ ၁၉၇၆ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အကြား ပြောင်းလဲမှု”စာတမ်းကို ထုတ်ပြန်ခဲ့သည်။ ယင်းစာတမ်းကို တိဘက်ကုန်းမြင့် Hengduan Shan တောင်တန်းဒေသရှိ ရေခဲမြစ်ပေါင်း ၁၃၀ ကို ဂြိုဟ်တုများမှ ၁၉၇၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ပေးပို့သော ဓာတ်ပုံများကို အခြေခံ၍ ပြုစုခဲ့ခြင်းဖြစ်သည်။ ၃၉ နှစ်ကြာကာလအတွင်း အဆိုပါ ရေခဲမြစ်များ၏ ဧရိယာသည် ၅၅ ရာခိုင်နှုန်းခန့်၊ ဒြပ်ထုနှင့် ထုထည်သည် ၆၀ ရာခိုင်နှုန်းခန့် လျော့နည်း သွားကြောင်း၊ ရေခဲမြစ် လျော့နည်းပျောက်ကွယ်မှု အများဆုံးသည် ၂၀ဝ၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ဧရာဝတီမြစ်ဖျားဒေသတွင် ရေခဲထု တစ်ကုဗကီလိုမီတာခန့် ကျန်နေသေးကြောင်း စာတမ်းက ဖော်ပြသည်။ (အောက်ပါပုံကို ကြည့်ပါ။)

ဒိန်းမတ်ပညာရှင် သုံးဦး၏ တိဘက်ကုန်းမြင့်ဒေသ ရေခဲမြစ်အစုအဝေး ၂၂ ခုကို လေ့လာချက်အရ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ရေခဲတန်ချိန် ၆၂ ဒသမ ၆၂ ဂစ်ဂါတန်(gigatonne)မျှ အရည်ပျော် ဆုံးရှုံးခဲ့သည်။ အရည်ပျော်မှု အများဆုံးမှာ Hengduan Shan နှင့် အခြားဒေသနှစ်ခုတို့၌ ဖြစ်ကြောင်း သိရသည်။ တဖြည်းဖြည်း များပြားလာနေသည့် ရေခဲမြစ်များ အရည်ပျော်မှုသည် ၂၀၅၀ ပြည့်နှစ်ခန့်တွင် အမြင့်ဆုံးသို့ ရောက်ပြီး ထိုမှလွန်သော် ရေခဲမြစ်အရေအတွက်နှင့်အရွယ်အစား လျော့နည်းလာခြင်းကြောင့် ရေခဲပျော်ရည်ပမာဏ တောက်လျှောက်လျော့ကျသွားမည်ဟု ခန့်မှန်းထားသည်။ ယင်းအရည်ပျော်မှု ဖြစ်စဉ်ကြောင့် ရေခဲပျော်ရည်များ စီးဝင်နေသော မြစ်များချောင်းများ၏ ရေစီးသည်လည်း ၂၀၅၀ ပြည့်နှစ်ခန့်အထိ များပြားနေကာ ထိုမှလွန်သော် တောက်လျှောက်လျော့ကျသွားမည်။

(Source: unescap.org)

ဖော်ပြပါဖြစ်စဉ်ကို အထက်ပါပုံကို လေ့လာခြင်းဖြင့် ကောင်းစွာသဘောပေါက်နိုင်သည်။ ပုံ၏ အပေါ်ဝဲဘက်အကွက်သည် မြစ်ထဲသို့ဝင်ရောက်လာသော ရေခဲပျော်ရည် လက်ရှိပမာဏကို ပြဆိုသည်။ ကမ္ဘာ့အပူချိန် ၁ ဒီဂရီဆဲလ်စီးယပ်စ်ခန့် တက်လာသောအခါ ရေခဲမြစ်ပို၍ အရည်ပျော်သောကြောင့် မြစ်ထဲသို့ ဝင်ရောက်လာသည့် ရေခဲပျော်ရည်ပမာဏ ပိုများလာသည် (အလယ်အကွက်)။ ကမ္ဘာ့အပူချိန် ၂ ဒီဂရီဆဲလ်စီးယပ်စ်နှင့်အထက် တက်လာသောအခါ ရေခဲမြစ် အများအပြား အရည်ပျော်ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် မြစ်ထဲသို့ ဝင်ရောက်လာသည့် ရေခဲပျော်ရည် ပမာဏ နည်းသွားသည်(ယာဘက်အကွက်)။ ရေခဲမြစ်များပုံမှန်အတိုင်းရှိစဉ်က ရေခဲပျော်ရည်နှင့် မြစ်ရေစီးသည် နွေအခါ၌ အများဆုံးဖြစ်ခဲ့သော်လည်း ရေခဲမြစ်များ လျော့နည်းသွားသောအခါ ရေခဲပျော်ရည်နှင့် မြစ်ရေစီးသည် ဆောင်းအခါ၌ အများဆုံးဖြစ်သွားကြောင်း၊ တစ်နှစ်တာအတွင်း မြစ်ရေစီးအတက်အကျ များလာကြောင်း ပုံ၏ အောက်ဘက်အကွက်သုံးကွက်အရ သိနိုင်သည်။

တောင်အောက်ဒေသများအပေါ်သက်ရောက်မှု

ရေခဲပျော်ရည်များ ပုံမှန်ထက်များပြားစွာ စီးဆင်းလာခြင်းကြောင့် တောင်ခါးပန်းနှင့် တောင်အောက်ဒေသများတွင် ရေကြီးမှု အကြိမ်ရေများလာပြီး ထိခိုက်မှုပမာဏလည်း ပိုမိုပြင်းထန်လာနိုင်သည်။

ရေခဲမြစ်လျော့နည်းသွားခြင်းကြောင့် ရေခဲပျော်ရည် ဖြည်းဖြည်းချင်း လျော့နည်းလာသောအခါတွင် တောင်အောက်ဒေသများ၏ စိုက်ပျိုးရေ၊ သောက်သုံးရေအခက်အခဲ ဖြစ်လာနိုင်သည်။ ယင်းဒေသများရှိ ရေအားလျှပ်စစ်တမံများတွင်းသို့ စီးဝင်ရေနည်းလာသောအခါ လျှပ်စစ်ထုတ်လုပ်မှုကို ထိခိုက်သည်ကိုလည်း တွေ့ကြုံနိုင်လာရနိုင်သည်။

အဆိုပါပြဿနာများသည် တောင်ထိပ်ရေခဲမြစ်များနှင့် ဆက်စပ်နေသောဒေသတိုင်း၊ အထူးသဖြင့် တိဘက်ကုန်းမြင့် Hengduan Shan တောင်တန်းဒေသအပါအဝင်ဖြစ်သည့် ဟိန္ဒူကွတ်ရှ် ဟိမဝန္တာ တောင်တန်းဒေသတစ်ခုလုံး မလွဲမသွေ ရင်ဆိုင်ရမည့် ပြဿနာများ ဖြစ်ကြသည်။ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာ့အပူချိန်တက်လာမှု ယခုထက်ပိုမြန်လာလျှင် စောစောစီးစီး ရင်ဆိုင်ရမည်။ အချိန်လွန်နေပြီဖြစ်သော ကင်ဆာရောဂါသည်ကဲ့သို့ ဘေးဒုက္ခများမှ ရှောင်လွှဲ၍မရနိုင်တော့ပေ။

ရေခဲမြစ်များ အရည်ပျော်လျော့နည်းခြင်းကြောင့် ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာရေခဲပြင်များကို မှီခိုနေသော မြစ်ကြီး ဆယ်စင်းထဲတွင် ရေအများဆုံးလျော့နည်းသွားမည့်မြစ်မှာ အိန္ဒုမြစ်ဖြစ်သည်။ အိန္ဒုမြစ်ရေဝေဒေသ၏ ခြောက်ရာခိုင်နှုန်းခန့်သည် ရေခဲမြစ်များ ဖြစ်နေသည်။ လူဦးရေအလိုက် ပြောလျှင် မြစ်ဝါ၊ ယန်ဇီ၊ ဗြဟ္မပုတ္တရ၊ ဂင်္ဂါမြစ်ဝှမ်းများတွင် အခြားမြစ်ဝှမ်းများတွင်ထက် လူဦးရေ ပိုမိုသိပ်သည်းသည့်အတွက် ရေအခက်အခဲ တွေ့သည့် လူဦးရေ ပိုများမည်။ မြန်မာ့မြစ်များ ဖြစ်ကြသော သံလွင်မြစ်နှင့် ဧရာဝတီမြစ်တို့၏ ရေစီးဆင်းမှုလည်း အထိုက်အလျောက် လျော့နည်းလာမည် ဖြစ်သည်။

သံလွင်မြစ်ရေစီးတွင် ရေခဲအရည်ပျော်ရာမှ ၈ ရာခိုင်နှုန်း၊ ဆီးနှင်းအရည်ပျော်ရာမှ ၂၈ ရာခိုင်နှုန်း၊ မြေ အောက်ရေ ၂၂ ရာခိုင်နှုန်းနှင့် မိုးရွာသွန်းမှုမှ ၄၂ ရာခိုင်နှုန်းတို့ ပါဝင်သည်။ တစ်နှစ်ရေစီးသည် ၉၄ ကုဗ ကီလိုမီတာမှ ၂၆၃ ကုဗကီလိုမီတာအတွင်း ရှိသည်။ သံလွင်နှင့် ဆက်စပ်သည့် ရေခဲမြစ် အကျယ် အဝန်းမှာ ၁၃၅၂ စတုရန်းကီလိုမီတာ ရှိခဲ့ရာမှ ၁၉၇၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြားတွင် စတုရန်း ကီလိုမီတာ ၄၈၀ ခန့်အရည်ပျော်လျော့နည်းသွားခဲ့သည်။ အကယ်၍ ဆက်စပ် ရေခဲပြင်များ လုံးဝ ပျောက်ကွယ်သွားလျှင် သံလွင်မြစ်အပေါ်ပိုင်း (တရုတ်နိုင်ငံအပိုင်း)တွင် ရေစီး ပမာဏ ၂၆ ရာခိုင်နှုန်းမှ ၃၆ ရာခိုင်နှုန်းအထိ လျော့နည်းမည်ဟု ဆိုသည်။ သံလွင်မြစ်အောက်ပိုင်း (မြန်မာနိုင်ငံအပိုင်း)တွင် ထိုမျှ မများသော်လည်း အတိုင်းအတာတစ်ခုအထိ နည်းသွားနိုင်သည်။

ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာဒေသ၏ဖွံ့ဖြိုးမှုကို အထူးပြုလေ့လာနေသည့် The International Centre for Integrated Mountain Development အဖွဲ့၏ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ဖျားဒေသ ရေခဲမြစ်များ အရည်ပျော်ရာမှ ဧရာဝတီမြစ်အတွင်းသို့စီးဝင်နေသည့် ရေပမာဏသည် မြစ်တစ်စင်းလုံးရေစီး၏ ငါးရာခိုင်နှုန်းမျှ ဖြစ်ကြောင်း သိရသည်။ ရေစီးငါးရာခိုင်နှုန်းသည် မြစ်ဝှမ်းဒေသတစ်ခုလုံးအတွက်ဆိုလျှင် မများသော်လည်း ဧရာဝတီအထက်ပိုင်းဖြစ်သည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းအတွက်ကိုသာ ကွက်၍စဉ်းစားပါက မနည်းလှပေ။

ရေခဲပျော်ရည်နည်းချိန်နှင့် မိုးခေါင်သည့်အချိန် တိုက်ဆိုင်လျှင်

ကြိုတင်စဉ်းစားထားသင့်သော နောက်ထပ်အချက်တစ်ခုမှာ ပြောင်းလဲနေသည့် ရာသီဥတုကြောင့် အချို့ဒေသများ၌ မိုးနည်းခြင်း၊ မိုးခေါင်ခြင်းများနှင့် တွေ့ကြုံနိုင်သည့်အချက်ဖြစ်သည်။ မိုးခေါင်ခြင်း ဆိုသည်မှာ ဒေသတစ်ခု၌ ရက်ရှည်လများ မိုးမရွာ (သို့မဟုတ်) ပုံမှန်အောက် လျော့နည်းပြီး ရွာသဖြင့် ခြောက်သွေ့နေသောကြောင့် လူနှင့်သဘာဝပတ်ဝန်းကျင်တို့၏ ရေလိုအပ်ချက် လုံလောက်ပြည့်မီအောင် မရနိုင်သော ကာလကို ခေါ်သည်။ ရက်ပေါင်း ၂၀ မျှဆက်တိုက် ပုံမှန်ထက် မိုးနည်းခဲ့ပြီး နောက်ထပ် ၁၀ ရက်ဆက်တိုက် ပုံမှန်ထက် မိုးနည်းနေလျှင် ယင်း ၁၀ ရက်ကို မိုးခေါင်သောကာလဟု သတ်မှတ်သည်။ တနည်းဆိုရလျှင် ရက်ပေါင်း ၃၀ ဆက်တိုက် ပုံမှန်ထက် မိုးနည်းနေခဲ့လျှင် နောက်ဆုံး ၁၀ ရက်သည် မိုးခေါင်သောရက်များ ဖြစ်သည်။ ၂၀၁၅ ခုနှစ် မေလမှ ၂၀၁၆ စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၏အချို့အပိုင်းများ၌ မိုးခေါင်ခြင်း ကြောင့် လူ ၁၅ သန်း ထိခိုက်ခဲ့ပြီး စိုက်ပျိုး ဟက်တာ ၄၀ဝဝဝ ခန့် စိုက်ပျိုးချိန် နောက်ကျခဲ့သည်။ ၂၀၁၈ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလများတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး၏ အချို့အပိုင်းများ၌ မိုးခေါင်ခြင်းကြောင့် ရေရှားပါးမှုများ ပေါ်ပေါက်ခဲ့သည်။

ကြော်ငြာ

ရောင်းဈေး ၄၀ဝ၀ ကျပ်

ယခုအချိန်အထိ များနေသေးသော ဧရာဝတီမြစ်အတွင်းသို့စီးဝင်နေသည့် ရေခဲပျော်ရည်ပမာဏသည် ဆယ်စုနှစ်အနည်းငယ်အတွင်း စတင်လျော့နည်းလာနိုင်ရာ ယင်းအချိန်နှင့် မိုးခေါင်သည့်အချိန် တိုက်ဆိုင် ပေါ်ပေါက်ပါက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့၌ ရေအလုံအလောက်ရရှိရန် ခက်ခဲနိုင်သည်။ ယင်းကာလတွင် သောက်သုံးရေ၊ စိုက်ပျိုးရေတို့အပြင် ရေအားလျှပ်စစ်စီမံကိန်းများအပေါ်လည်း အတိုင်းအတာတစ်ခုအထိ သက်ရောက်နိုင်သည်ကို ကြိုတင်မျှော်မှန်းပြင်ဆင်ထားရန် လိုအပ်ပါသည်။

Leave a comment