ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများသည် ၂၀၂၂ ခုနှစ်အတွင်း သမုဒ္ဒရာအနက်ပိုင်းမှသည် တောင်ထိပ်ဖျားများအထိ ရောက်ရှိကာ ဆက်လက်ပြင်းထန်လာနေကြောင်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်လိုက်သော ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အစီရင်ခံစာက ဆိုသည်။ မိုးခေါင်မှု ရေကြီးမှုနှင့် အပူလှိုင်းများသည် ကမ္ဘာ့တိုက်ကြီးများအားလုံး၌ ဖြစ်ပေါ်ခဲ့ကာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့သည်။
လေထု
ကာဘွန်ဒိုင်အောက်ဆိုက် ပါဝင်မှုသည် ၂၀၂၁ ခုနှစ်၌ ၄၁၅ ဒသမ ၇ ပီပီအမ် ဖြစ်ရာ စက်မှုခေတ် မတိုင်မီကနှင့် စာလျှင် ၁၄၉ ရာခိုင်နှုန်း တက်လာသည်။ မီသိန်းက ၁၉၀၈ ပီပီဘီ ဖြစ်ပြီး စက်မှုခေတ် အကြိုထက် ၂၆၂ ရာခိုင်နှုန်း တက်ပြီး နိုက်ထရပ်စ်အောက်ဆိုက်က ၃၃၄ ဒသမ ၅ ပီပီဘီ ဖြစ်ကာ စက်မှုခေတ် အကြိုထက် ၁၂၄ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်။
မီသိန်းသည် ကမ္ဘာကို ပူနွေးစေမှု၌ ကာဘွန်ဒိုင်အောက်ဆိုက်ထက် ၂၅ ဆ အစွမ်းထက်သည်။ မီသိန်း အများဆုံး ထွက်ပေါ်သော နေရာများထဲတွင် ရေတိမ်ဒေသ ပါဝင်သည်။ မီသိန်းပမာဏသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်၊ တစ်နှစ်တည်းတွင် ၁၈ ပီပီဘီ မြင့်တက်ခဲ့သည်။
ကမ္ဘာ့မျက်နှာပြင်
မြေပြင်အထက်ရှိ လေထုအပူချိန်နှင့် ပင်လယ်ရေမျက်နှာပြင်အပူချိန်များကို ပေါင်းစပ်တွက်ချက်ရရှိသော ကမ္ဘာ့ပျမ်းမျှအပူချိန်ကို ထုတ်ပြန်ရာ၌ အများအားဖြင့် ပကတိကိန်းနှင့် ထုတ်ပြန်လေ့မရှိဘဲ လွန်ခဲ့သော အချိန်တစ်ခုက အပူချိန်နှင့် နှိုင်းယှဉ်၍ မည်မျှအတက်အကျ ရှိသည်ဟု ပြောလေ့ရှိသည်။ ၂၀၂၂ ခုနှစ်၏ ပျမ်းမျှ ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုခေတ်အကြိုကာလ (၁၈၅၀-၁၉၀ဝ)က အပူချိန်ထက် ၁ ဒသမ ၁၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုလွန်ခဲ့သည်ဟု ထုတ်ပြန်သည်။

မိုးရွာသွန်းမှု
၂၀၂၂ ခုနှစ်အတွင်း မိုးရွာသွန်းမှုသည် ဒေသတစ်ခုနှင့်တစ်ခု ကွာခြားချက် ကြီးမားသည်။ အာရှတိုက်ဒေသ အများစု၊ ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ဘက်၊ တောင်အမေရိကနှင့်ကာရစ်ဘီယံ မြောက်ပိုင်း၊ အာဖရိက ဆာဟဲ(ဆဟာရသဲကန္တာရအစပ်)ဒေသ အရှေ့ဘက်၊ အာဖရိကတိုက်တောင်ဘက် ဒေသအချို့နှင့် ဥရောပ အရှေ့ပိုင်းတို့၌ ပုံမှန်ထက် မိုးများခဲ့သည်။ ဥရောပအနောက်ပိုင်းနှင့် အလယ်ပိုင်း၊ အာဖရိက အနောက်မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသအချို့၊ အာရှတိုက်အလယ်ပိုင်းနှင့် ဟိမဝန္တာဒေသ၊ အရှေ့ အာဖရိကနှင့် မဒါဂက်စကာ၊ တောင်အမေရိက အလယ်ပိုင်းနှင့် တောင်ပိုင်း၊ မြောက်အမေရိက အနောက်နှင့် အလယ်ပိုင်းတို့၌ ပုံမှန်ထက် မိုးနည်းခဲ့သည်။
ပါကစ္စတန်နိုင်ငံ၏ ၂၀၂၂ ဇူလိုင်လ မိုးရေချိန်သည် ပုံမှန်ထက် ၁၈၁ ရာခိုင်နှုန်းနှင့် သြဂုတ်လ မိုးရေချိန်သည် ပုံမှန်ထက် ၂၄၃ ရာခိုင်နှုန်း ပိုမိုခဲ့သည်။ ရေလွှမ်းမိုးမှုများကြောင့် ပါကစ္စတန်နိုင်ငံတွင် လူ ၁၇၀ဝ သေဆုံးကာ လူ ၃၃ သန်းကျော် ရေဘေးဒုက္ခသည်များဖြစ်ခဲ့ရပြီး ဆုံးရှုံးပျက်စီးသည့်ပမာဏမှာ အမေရိကန်ဒေါ်လာဘီလျံ ၃၀ ကျော်သည်။
အာဖရိကတိုက်အရှေ့ပိုင်းတွင် မိုးခေါင်ခဲ့သည်။ ယင်းဒေသ၌ မိုးရာသီငါးခုဆက်တိုက် ပုံမှန်ထက် မိုးနည်းခဲ့ရာ နှစ်ပေါင်း ၄၀ အတွင်း ကာလအကြာဆုံးဆက်တိုက် မိုးနည်းခြင်း ဖြစ်သည်။ မိုးခေါင်ခြင်းနှင့် အခြားဖြစ်ရပ်များကြောင့် ၂၀၂၃ ဇန်နဝါရီလတွင် ယင်းဒေသနေလူပေါင်းသန်း ၂၀ ခန့်သည် စားနပ်ရိက္ခာ မဖူလုံမှုနှင့် ရင်ဆိုင်နေရသည်။
အပူလှိုင်း
ဥရောပတိုက်တွင် စံချိန်တင်အပူလှိုင်းများ ပေါ်ပေါက်ခဲ့ပြီး အချို့နေရာများ၌ မကြုံစဖူး ခြောက်သွေ့သော ရာသီဥတုနှင့် အပူလှိုင်းများ ပြိုင်တူဖြစ်ပွားခဲ့သည်။ စပိန်၊ ဂျာမနီ၊ ယူကေ၊ ပြင်သစ်နှင့် ပေါ်တူဂီတို့တွင် အပူဒဏ်ကြောင့် လူ ၁၅၀ဝ၀ ကျော်သေဆုံးခဲ့သည်။ တရုတ်နိုင်ငံ၌ ၂၀၂၂ ဇွန်လလယ်မှ သြဂုတ်အကုန် အထိ ပြင်းထန်ကြာရှည်သည့် အပူလှိုင်းများ ဖြစ်ပေါ်ခဲ့ရာ ပုံမှန်ထက် ဝ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုမိုသည့် အပူချိန်ကို တိုင်းတာရရှိခဲ့သည်။ ၂၀၂၂ ခုနှစ်သည် တရုတ်နိုင်ငံ၏ ဒုတိယအခြောက်သွေ့ဆုံးနှစ် ဖြစ်ခဲ့သည်။ ၂၀၂၂ မုတ်သုံအကြိုကာလတွင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများ၌ အပူလှိုင်းများကြောင့် သီးနှံအထွက် ကျဆင်းခဲ့သည်။
သမုဒ္ဒရာရေထု
လူတို့၏ လုပ်ဆောင်မှုမှတဆင့် လေထုတွင်း ဝင်ရောက်လာသည့် ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့် ပေါ်ပေါက်သည့် အပူဓာတ်၏ ၉၀ ရာခိုင်နှုန်းကို သမုဒ္ဒရာရေထုက စုပ်ယူထိန်းသိမ်းသည်။ အနက် မီတာ ၂၀ဝ၀ အထိ ရောက်ရှိနေသော အပူဓာတ်များကြောင့် သမုဒ္ဒရာရေထု၏ အပူချိန်တက်နှုန်းသည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်းက မြန်ဆန်လာခဲ့သည်။ အပူချိန်လျော့နည်းစေသော လာနီညာကာလတွင်ပင် ၂၀၂၂ ခုနှစ်အတွင်းက သမုဒ္ဒရာရေမျက်နှာပြင်၏ ၅၈ ရာခိုင်နှုန်းတွင် အဏ္ဏဝါ အပူလှိုင်းများ ပေါ်ပေါက်ခဲ့ကာ ရေထုတွင်း အပူစံချိန်တင်ခဲ့သည်။ သမုဒ္ဒရာရေထုက စုပ်ယူထားသော အပူပမာဏ များလှသည့်အပြင် ရေ၏ အပူထိန်းနိုင်စွမ်းကြောင့် လာမည့် နှစ်ပေါင်းထောင်နှင့်ချီ ကြာသည်အထိ ရေထုပူနွေးနေမည်။

အာရှပင်လယ်ရေပြင်အများစု၌ ရေပြင်အပူချိန်သည် ဆယ်စုနှစ်တစ်ခုလျှင် ဝ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့ရာ ကမ္ဘာ့ပျမ်းမျှထက် သုံးဆပိုသည်။
ရေထုတွင်း အပူဓာတ်သည် သန္တာကျောက်တန်းများအား ဖျက်စီးနေသည်။ သန္တာကျောက်တန်းများသည် မုန်တိုင်းရေလှိုင်းများကို အားပျော့စေခြင်းဖြင့် ကမ်းရိုးတန်းဒေသများကို အကာအကွယ်ပေးခြင်း၊ ငါးအပါအဝင် ရေနေသတ္တဝါများ ခိုလှုံရာဖြစ်၍ လူတို့၏ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အထောက်အကူ ဖြစ်စေခြင်း၊ ကမ္ဘာလှည့် ခရီးသည် အမြောက်အမြား လာရောက် လည်ပတ်ကြည့်ရှုကြသဖြင့် ဒေသခံတို့အတွက် စီးပွားရေးအခွင့်အလမ်း ပေါ်ပေါက်စေခြင်းတို့ဖြင့် အကျိုးပြုနေသည့် သဘာဝအဆောက်အအုံများ ဖြစ်သည်။
ပင်လယ်ရေ မျက်နှာပြင် မြင့်တက်ခြင်း
ဂြိုဟ်တုများဖြင့် စတင်တိုင်းတာခဲ့သော ၁၉၉၃ ခုနှစ်နှင့် ၂၀ဝ၂ ခုနှစ်ကြားတွင် ကမ္ဘာ့ပျမ်းမျှ ပင်လယ်ရေ မျက်နှာပြင်သည် တစ်နှစ်လျှင် ၂ ဒသမ ၂၇ မီလီမီတာ တက်ခဲ့ပြီး ၂၀ဝ၃ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း တစ်နှစ်လျှင် ၃ ဒသမ ၃ မီလီမီတာ တက်ခဲ့ကာ ၂၀၁၃ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကြားတွင် တစ်နှစ်လျှင် ၄ ဒသမ ၆၂ မီလီမီတာ တက်ခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း ရေပြင်မြင့်တက်နှုန်း တစ်နှစ်လျှင် ၃ ဒသမ ၃၇ မီလီမီတာ ဖြစ်သည်။
၂၀ဝ၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ပင်လယ်ရေပြင်မြင့်တက်မှု၏ ၃၆ ရာခိုင်နှုန်းခန့်သည် အန္တာတိကနှင့် ဂရင်းလန်းရေခဲပြင်ကျယ်များ အရည်ပျော်ခြင်းကြောင့် လည်းကောင်း၊ ၅၅ ရာခိုင်နှုန်းခန့်သည် သမုဒ္ဒရာရေထု ပွယောင်းလာခြင်းကြောင့် လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းနီးနီးသည် ကုန်းမြေပေါ်မှ ရေများ ပင်လယ်ထဲသို့ စီးဝင်ရောက်ရှိလာခြင်းကြောင့် လည်းကောင်း ဖြစ်ပေါ်သည်။

၁၉၉၃ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကြား ပင်လယ်ရေပြင် မြင့်တက်လာပုံ သရုပ်ပြဗီဒီယို ရှုစားရန်
သမုဒ္ဒရာရေထုအက်စစ်ဓာတ်ပိုလာခြင်း
လေထုတွင်းသို့ များပြားစွာ ဝင်ရောက်လာသော ကာဘွန်ဒိုင်အောက်ဆိုက်တို့သည် သမုဒ္ဒရာ ရေထုတွင်း သို့လည်း ပျော်ဝင်ရောက်ရှိကြသည်။ လူတို့ကြောင့် ထွက်ပေါ်သည့် ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏ၏ ၂၅ ရာခိုင်နှုန်းသည် ရေထုတွင်း ရောက်ရှိသည်။ ကာဘွန်ဒိုင်အောက်ဆိုက်နှင့်ရေတို့ ရောနှော ဓာတ်ပြု ကြလျှင် ကာဘွန်နစ်အက်စစ်ဖြစ်လာသည်။ သမုဒ္ဒရာရေ၏ ပီအိပ်ချ်တန်ဖိုးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ခန့် စက်မှုတော်လှန်ရေးစတင်ချိန်တွင် ၈ ဒသမ ၂ ရှိခဲ့ရာမှ ယခု ၈ ဒသမ ၁ သို့ ကျဆင်းလာသည်။ ပီအိပ်ချ်တန်ဖိုး ဝ ဒသမ ၁ သာကျသဖြင့် နည်းသည်ဟုထင်ရသော်လည်း ပီအိပ်ချ်သည် လော့ဂရစ်သမ် စကေးဖြစ်၍ အက်စစ်ဓာတ်ရာခိုင်နှုန်းသည် ၃၀ ရာခိုင်နှုန်းခန့် ပိုလာသည်။
အက်စစ်ဓာတ် ပိုလာခြင်းကြောင့် အခွံမာ ရေနေသတ္တဝါနှင့်သန္တာကျောက်တန်းတို့၏ တည်တံ့မှုသည် စိုးရိမ်စရာ အခြေအနေသို့ ဆိုက်ရောက်လျက် ရှိသည်။
ရေခဲနှင့်ဆီးနှင်းထု
နှစ်တစ်နှစ်၏ ပင်လယ်ရေခဲဧရိယာအများဆုံးလ ဖြစ်သည့် ၂၀၂၂ ဖေဖော်ဝါရီ ၂၁ နှင့် ၂၂ ရက်များက အာတိတ်ဒေသ ပင်လယ်ရေခဲ ဧရိယာသည် စတုရန်းကီလိုမီတာ ၁၅ သန်းခန့် ရှိခဲ့သည်။ အာတိတ်ဒေသ ပင်လယ်ရေခဲပြင်၏ စုစုပေါင်း အကျယ်အဝန်းသည် နှစ်တစ်နှစ်၏ လအများစုတွင် ရေရှည်ပျမ်းမျှအကျယ်အဝန်းထက် သေးငယ်သွားပြီ ဖြစ်သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလက အာတိတ်ပင်လယ်ရေခဲပြင်၏ ဧရိယာသည် ရေရှည်ပျမ်းမျှဧရိယာထက် စတုရန်းကီလိုမီတာ ဝ ဒသမ ၇၁ သန်း ပိုမိုသေးငယ်သည်။ ဂြိုဟ်တုဖြင့် စတင်တိုင်းတာခဲ့ချိန်မှစ၍ ၁၁ နှစ်မြောက် အနည်းဆုံး အကျယ်အဝန်း ဖြစ်ခဲ့သည်။

အန္တာတိက ပင်လယ်ရေခဲပြင်၏ စုစုပေါင်း အကျယ်အဝန်းသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်က စတုရန်းကီလိုမီတာ ၁ ဒသမ ၉၂ သန်း ဖြစ်ရာ တိုင်းတာခဲ့သမျှတွင် အသေးငယ်ဆုံး ဖြစ်သည်။ ၁၉၉၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြား ပျမ်းမျှဧရိယာထက် စတုရန်းကီလိုမီတာ တစ်သန်း သေးငယ်သည်။ ၂၀၂၂ ခုနှစ်အကုန်အထိ အန္တာတိက ပင်လယ်ရေခဲပြင်၏ ဧရိယာသည် ပျမ်းမျှအောက်တွင်သာ ရှိခဲ့သည်။

ဂရင်းလန်းရေခဲပြင်ကျယ်သည် ၂၆ နှစ်ဆက်တိုက် ကျဉ်းမြောင်းသေးငယ်လာလျက် ရှိသည်။ ဂရင်းလန်းကျွန်း၏ အမြင့်ဆုံးနေရာရှိ မိုးလေဝသစခန်း၌ တိုင်းတာရရှိသော ၂၀၂၂ စက်တင်ဘာလ အပူချိန်သည် နှစ်စဉ် စက်တင်ဘာအပူချိန်များထက် မြင့်မားသည်။ ၂၀၂၂ စက်တင်ဘာလအထိ ရေခဲပြင်ကျယ် အရည်ပျော်နေခြင်း၊ သည်းထန်သောမိုးရွာသွန်းခြင်းတို့သည် ယခင်က လုံးဝမတွေ့ဖူးခဲ့သော ထူးကဲဖြစ်ရပ်များ ဖြစ်ကြသည်။
အာရှတိုက် တိဘက်ကုန်းမြင့်ပေါ်ရှိ ရေခဲမြစ်ဧရိယာစုစုပေါင်းသည် စတုရန်းမီတာ ၁၀ဝဝဝ၀ ခန့်ရှိရာ ယင်းကုန်းမြင့်သည် ဝင်ရိုးစွန်းဒေသနှစ်ခုပြီးလျှင် ရေခဲထုထည်အများဆုံး ရှိသော ဒေသ ဖြစ်သည်။ အာရှတိုက် တောင်မြင့်များ၊ မြောက်အမေရိက အနောက်ဘက်၊ တောင်အမေရိကနှင့် အာတိတ်ဒေသ၏ အချို့နေရာများရှိ ရေခဲမြစ်များ၏ ဒြပ်ထုသည် သိသာစွာ လျော့နည်းလာနေသည်။ အိုက်စလန်နှင့် နော်ဝေ မြောက်ဘက်ရှိ ရေခဲမြစ်များသည်မူ ဆီးနှင်းပိုကျဆင်းခြင်းနှင့် အအေးပိုသော ဆောင်းရာသီတို့ကြောင့် ဒြပ်ထု ပိုလာနေသည်။
အိုင်ပီစီစီ၏ လေ့လာချက်အရ ၁၉၉၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ရေခဲမြစ်စုစုပေါင်း အလေးချိန် ဂိုင်ဂါတန် ၆၀ဝ၀ ခန့် အရည်ပျော်ဆုံးရှုံးခဲ့သည်။ ကမ္ဘာ့ရေခဲမြစ်များထဲမှ ရေခဲမြစ်ပေါင်း ၄၀ ခန့်ကို သီးသန့် ရွေးထုတ်ကာ ရည်ညွှန်းရေခဲမြစ်များအဖြစ် မှတ်တမ်းပြုလေ့လာခဲ့ရာ အဆိုပါ ရည်ညွှန်းရေခဲမြစ်များ၏ အထူသည် ၂၀၂၁ ခုနှစ် အောက်တိုဘာနှင့် ၂၀၂၂ အောက်တိုဘာကြားတွင် ပျမ်းမျှ ၁ ဒသမ ၃ မီတာ လျော့နည်းပါးလျားသွားခဲ့သည်။ ယင်းပမာဏသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း လျော့နည်း ပါးလျားသွားခဲ့သည်ထက် များစွာ ပိုမိုသည်။

ရာသီဥတုပြောင်းလဲခြင်းသည် သစ်ပင်များ အသီးအပွင့်ဝေဆာချိန် အပါအဝင် သဘာဝဖြစ်စဉ်များအပေါ်လည်း သက်ရောက်နေသည်။ ဥပမာ – ဂျပန်နိုင်ငံ၌ ချယ်ရီပန်းပွင့်ချိန်ကို အေဒီ ၈၀၁ ခုနှစ်မှစ၍ မှတ်သားခဲ့ရာ ရာသီဥတုပြောင်းလဲခြင်း၊ မြို့ပြ ဖွံ့ဖြိုးကြီးထွားလာခြင်းတို့ကြောင့် ၁၉ ရာစုနှစ် နှောင်းပိုင်းမှ စ၍ ပန်းပွင့်ချိန် နောက်ကျလာခဲ့သည်။ ၂၀၂၁ ခုနှစ်က ၂၆ ရက်နေ့တွင် ချယ်ရီပန်းများ ပင်လုံးပြည့် ဝေဆာခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ဧပြီလ ၁ ရက်နေ့ကျမှသာ ချယ်ရီပန်းများ ပင်လုံးညွှတ်ခဲ့ကြောင်း တွေ့ရသည်။
ရာသီဥတုနှင့် ဆက်နွှယ်သော သဘာဝဘေးများကြောင့် ပျက်စီးဆုံးရှုံးသည့် ပမာဏ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးရေးကဏ္ဍ၌ ဖြစ်ပေါ်သည်။ ပြောင်းလဲလာသော ရာသီဥတုကြောင့် ၂၀၂၁ ခုနှစ်က လူပေါင်းသန်း ၂၃၀ဝ ကျော်သည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး ယင်းတို့ထဲမှ လူ ၉၂၄ သန်း၏ စားနပ်ရိက္ခာရရှိမှုသည် ဆိုးဝါးသည်။ ၂၀၂၁ ခုနှစ်အတွင်း လူပေါင်း ၇၆၇ ဒသမ ၉ သန်းသည် အာဟာရပြည့်ဝစွာ မစားသုံးကြရချေ။ လူ ၇၆၇ ဒသမ ၉ သန်းထဲမှ ထက်ဝက်သည် အာရှနိုင်ငံသားများ ဖြစ်ကြပြီး သုံးပုံတစ်ပုံသည် အာဖရိကမှ ဖြစ်သည်။
ရည်ညွှန်း –
https://public.wmo.int/en/our-mandate/climate/wmo-statement-state-of-global-climate