အေးမြမြနွေလေညင်းများ၊ ရွှေအိုရောင်ရွက်ဝါကြွေများနှင့် ဉဩတေးသီသံချိုချိုများ ကြားတွင် မတ်လ ၂၂ ရက်နေ့၊ ကမ္ဘာ့ရေနေ့( World Water Day) သည် တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပြန်ပြီဖြစ်သည်။ ဤမြေကမ္ဘာ၏ ဇီဝအမြုတေဖြစ်သော ရေသယံဇာတ အရင်းအမြစ်များအား ကမ္ဘာသူ ကမ္ဘာသားအားလုံး ထိန်းသိမ်း စောင့်ရှောက်ပေးကြရန် ရည်ရွယ်၍ ကမ္ဘာ့ကုလသမဂ္ဂ၏ ဉီးဆောင်မှုဖြင့် ကမ္ဘာ့ရေနေ့အား ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် ကျင်းပကြလေ့ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရေနေ့ဆောင်ပုဒ်
၂၀၂၅ခုနှစ်အတွက် ကမ္ဘာ့ရေနေ့ဆောင်ပုဒ်(Theme)မှာ“ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” (Glacier Conservation)ဖြစ်ပါသည်။ ရေအရင်းအမြစ်ထိန်းသိမ်းမှု အတွက် အများစု သတိမထားမိခဲ့ကြသော ရေခဲမြစ်များအား အထူးသတိပြု အာရုံစိုက်မိစေသောကြောင့် အလွန်ထူးခြားပါသည်။ ကုလသမဂ္ဂ၏ UNESCO World Water Development Programme မှ ကမ္ဘာ့ရေနေ့အတွက် ကမ္ဘာ့ရေဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ (World Water Development Report) အား နှစ်စဉ်ထုတ်ပြန်ပါသည်။ ထိုအစီရင်ခံစာပါအကြောင်းအရာများ ပေါ်မှီတည်၍ ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်(Theme) အား UN-Waterမှ ရွေးချယ်သတ်မှတ်ခြင်း ဖြစ်ပါသည်။ထို့ပြင် ၂၀၂၅ ခုနှစ်အား နိုင်ငံတကာ ရေခဲမြစ်များ ထိန်းသိမ်းရေး စတင်မိတ်ဆက် သည့်နှစ်အဖြစ် သတ်မှတ်၍ မတ်လ ၂၁ ရက်နေ့အား ကမ္ဘာ့ရေခဲမြစ်များနေ့(World day for Glaciers) အဖြစ် သတ်မှတ်သွားမည်ဖြစ်ပါသည်။
ကမ္ဘာ့ရေနေ့ဖြစ်ပေါ်လာခြင်း
ကမ္ဘာ့ရေနေ့အဖြစ် သတ်မှတ်ရန်အတွက် ၁၉၉၂ ခုနှစ်၊ ဘရာဇီးနိုင်ငံတွင် ကျင်းပသော ကုလသမဂ္ဂပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံတွင် အစီအစဉ်အမှတ်(၂၁)ဖြင့် ပဏာမအဆိုပြုခဲ့ကာ ထိုနှစ်ဒီဇင်ဘာလတွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဆုံးဖြတ်ချက်အမှတ် – A/RES/47/193 ဖြင့် အတည်ပြုခဲ့ပါသည်။ ၁၉၉၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှစ၍ ယခုနှစ်တိုင်အောင် နှစ်စဉ် ကမ္ဘာ့ရေနေ့အခမ်းအနားအား ကမ္ဘာတစ်ဝှမ်းလုံး တွင် ကျင်းပကြရာ ၂၀၂၅ ခုနှစ်သည် (၃၃) ကြိမ်မြောက် ဖြစ်ပါသည်။
ကမ္ဘာ့ရေနေ့၏ အဓိကရည်ရွယ်ချက်များမှာ ရေအရင်းအမြစ်ထိန်းသိမ်းရန် လိုအပ် ချက်များအား သတိပြုမိစေရန်နှင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများအား မတူကွဲပြားသော နည်းလမ်းများဖြင့် စုပေါင်းဖြေရှင်းနိုင်ကြရန် တို့ဖြစ်ကြပါသည်။ ကမ္ဘာ့ရေနေ့တွင် ရေအရင်း အမြစ် ထိန်းသိမ်းရေးပြပွဲများပြသခြင်း၊ မှတ်တမ်းရုပ်ရှင်များ ထုတ်ဝေခြင်း၊ ညီလာခံနှင့် စာတမ်း ဖတ်ပွဲများကျင်းပခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ကြပါသည်။
ကမ္ဘာပေါ်ရှိရေ
ရေသည် ဤမြေကမ္ဘာအတွက် သဘာဝတရား၏ အလှပထူးခြားဆုံးသော လက်ဆောင်မွန်ဖြစ်ပါသည်။ ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁% ကို ရေများဖုံးလွှမ်းလျက်ရှိသည် ဟူသောအချက်အရ ရုတ်တရက်စဉ်းစားပါက ရေသည်ကမ္ဘာပေါ်တွင် အပေါများဆုံးအရာဟု မှတ်ထင်နိုင်ပါသည်။ သို့ရာတွင် “နာမည်ကြီး ထမင်းငတ်” ဟူသော စကားပုံကဲ့သို့ ထိုရေတို့သည် ရှိကားရှိ၏။ အကုန်သုံးမရ။ ရေထု၏ ၉၇% သည် ပင်လယ်ရေငန်ဖြစ်ပြီး ၃% သာလျင် ရေချိုဖြစ်၏။ ဤတွင်မပြီးသေး။ ထိုရေချိုထု၏ ၇၀% သည် ရေခဲပြင်၊ ၃၀% သည် မြေအောက်ရေဖြစ်ပြီး မြစ်ချောင်းများအတွင်းတွင် စုစုပေါင်းရေချိုပမာဏ၏ ၀.၅% သာ ရှိပါသည်။ သို့ဖြစ်ရာ ရေခဲမြစ်များသည် ကမ္ဘာ့ရေချိုထု အများဆုံးသိုလှောင် ထိန်းသိမ်းထားသည့် ရေချိူဘဏ်တိုက်များ ဖြစ်ကြပါသည်။
ကမ္ဘာ့ရေခဲမြစ်များ
ရေခဲမြစ် (Glacier) ဆိုသည်မှာ ကိုယ်ပိုင်အလေးချိန်နှင့် ကမ္ဘာမြေဆွဲအားကြောင့် ကုန်းမြေပေါ်တွင် နိမ့်ရာသို့ ဖြည်းညင်းစွာ ရွေ့လျားနေသော ရေခဲပြင်အစုအဝေးများအား ခေါ်ဆိုခြင်းဖြစ်ပါသည်။ ထို့ကြောင့် ရေခဲမြစ်ဟူသော အသုံးအနှုန်းတွင် တောင်ကြားရေခဲမြစ် (Valley Glacier) များသာမက ရေခဲပြင် (Ice Sheet) များအားလည်း ရေခဲမြစ်အမျိုးအစား များအဖြစ် သတ်မှတ်နိုင်ကြောင်းသိရှိရပါသည်။ အလွန်အေးသောဒေသများတွင် ဆီးနှင်းများ အထပ်ထပ်ကျရာမှအချိန်ကြာမြင့်လာသောအခါတွင် သိပ်သည်းဆများလာပြီး ရေခဲပြင်များ တစ်လွှာပြီးတစ်လွှာဖြစ်ပေါ်ရာမှ ရေခဲမြစ်များဖြစ်ပေါ်လာကြပါသည်။ ရေခဲမြစ်များသည် အေးသောရာသီများတွင် နှင်းများအေးခဲခြင်းမှ ရေခဲအဖြစ်သိုလှောင်၍ နွေရာသီ ပူပြင်းချိန် တွင် အရည်ပျော်ကာ မြစ်ချောင်းများအတွင်းစီးဆင်းခြင်း ရေသံသရာဖြင့် ကမ္ဘာ့ရေချို လိုအပ်မှုအား ဖြည့်ဆည်းပေးလျက်ရှိပါသည်။
ကမ္ဘာပေါ်တွင် ရေခဲမြစ်များအား ခေတ်အဆက်ဆက်လေ့လာခဲ့ကြပြီး ၁၉၇၂ ခုနှစ်မှ စ၍ LANDSAT ကဲ့သို့သော ခေတ်မီနည်းပညာများ အသုံးပြု လေ့လာနိုင်ခဲ့ကြပါသည်။ ကမ္ဘာပေါ်တွင်ရေခဲမြစ် စုစုပေါင်း ၁၉၈၀၀၀ မှ ၂၀၀၀၀၀ ကျော်ခန့်အထိတည်ရှိ၍ ကမ္ဘာ့ရေချို ပမာဏ၏ ၇၀% ခန့်အား ပိုင်ဆိုင်ပါသည်။ အန္တာတိကတိုက်တွင် ၉၁%၊ ဂရင်းလန်းတွင် ၈% နှင့် ဟိမဝန္တာတောင်တန်းကဲ့သို့သော ကျန်ကမ္ဘာ့ နေရာများတွင် ၁ % ခန့် ပျံ့နှံ့တည်ရှိကြ ပါသည်။
အာရှတိုက်ရှိ ဟိမဝန္တာရေခဲတောင်တန်းဒေသသည် အာဖဂန်နစ္စတန်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဘူတန်၊ နီပေါ၊မြန်မာနိုင်ငံတို့ ပါဝင်ပြီး အာရှ၏အဓိကမြစ်ကြီးများ ဖြစ်သော ဂင်္ဂါမြစ်၊ ဗြဟ္မပုတ္တရမြစ်၊ ယန်စီမြစ်၊ မြစ်ဝါမြစ်၊ မဲခေါင်မြစ်၊ ဧရာဝတီမြစ်၊ သံလွင်မြစ် စသည့် မြစ်ကြီးများ၏ မွေးဖွားရာဒေသဖြစ်ပါသည်။ အာရှတိုက်သားတို့၏ အဓိက ရေအရင်း အမြစ် ဖြစ်၍ ထိုရေခဲတောင်ဒေသတွင် လူဉီးရေသန်း ၂၄၀ နေထိုင်ပြီး ရေခဲတောင်မှ မြစ်ဖျားခံသော မြစ်ဝှမ်းများတွင် လူဉီးရေ သန်း ၂၀၀၀ ခန့် နေထိုင်လျက်ရှိကြပါသည်။ အာရှတိုက်၏ အကြီးဆုံး ရေခဲမြစ်မှာ ၄၇ မိုင် ရှည်လျားသည့် စီချန်း (Sichen) ရေခဲမြစ်ဖြစ်၍ အိန္ဒိယ-ပါကစ္စတန်နယ်စပ် ကက်ရှမီးယားဒေသတွင် တည်ရှိပါသည်။
မြန်မာနိုင်ငံတွင် မြောက်ဘက်ပိုင်း ကချင်ပြည်နယ် ပူတာအိုဒေသတွင် ရေခဲတောင် ရေခဲမြစ်များတည်ရှိပြီး အဓိကအသက်သွေးကြောမြစ် ဧရာဝတီမြစ်သည် ရေခဲတောင်ဒေသမှ မြစ်ဖျားခံစီးဆင်းပါသည်။ သံလွင်မြစ်နှင့် မဲခေါင်မြစ်များသည်လည်း ဟိမဝန္တာရေခဲတောင် ဒေသတွင် မြစ်ဖျားခံ၍ တရုတ်နိုင်ငံမှတဆင့် မြန်မာနိုင်ငံအတွင်း စီးဆင်းကြပါသည်။ ထို့ကြောင့် မြန်မာ့မြောက်ဖျားရေခဲမြစ်တို့သည် မြန်မာပြည်သူတို့၏ အနာဂတ်အတွက် များစွာ အရေးပါလှပါသည်။
ခါကာဘိုရာဇီ နှင့် ဖုန်ကန်ရာဇီ အမျိုးသားဉယျာဉ်တို့သည် ရေခဲတောင်ဂေဟစနစ်ဖြင့် ဖွဲ့စည်းတည်ရှိကာ ရေခဲတောင် တောရိုင်းတိရစ္ဆာန်များ၊ ဌာနေငှက်များ၊ ရေခဲငါးများ၊ ဆေးဖက်ဝင် သစ်သီးသစ်ဉများ၊ ရေခဲတောင်သစ်ခွများ ပေါများကြွယ်ဝလှပါသည်။ ခါကာဘိုရာဇီ အမျိုးသားဉယျာဉ်သည် တရုတ်နိုင်ငံရေခဲတောင်များနှင့် ဆက်စပ်နေပြီး တောရိုင်းတိရစ္ဆာန်နှင့် နို့တိုက်သတ္တဝါ ၄၃ မျိူး၊ ငှက်မျိုးစိတ် ၄၇၀ နီးပါး နေထိုင်ကျက်စား၍ အပင်မျိုးစိတ် ၂၉၇ မျိုး ရှိ၍ ရှားပါးဆေးဖက်ဝင် အပင် ၂၄ မျိုးခန့် ကြွယ်ဝသောဂေဟစနစ် ဖြစ်ပါသည်။ ဖုန်ကန်ရာဇီ အမျိုးသားဉယျာဉ်သည် အိန္ဒိယရေခဲတောင်များနှင့် ဆက်စပ် တည်ရှိပြီး တောရိုင်းတိရစ္ဆာန်နှင့် တွားသွားသတ္တဝါ ၈၂ မျိုး၊ ငှက်မျိုးစိတ် ၃၇၀၊ လိပ်ပြာမျိုးစိတ် ၃၆၀ ခန့် မှီတင်းနေထိုင်ကြပါသည်။
ရေခဲမြစ်တို့၏ အကျိုးကျေးဇူးများ
ရေခဲမြစ်များသည် ဤကမ္ဘာမြေအတွက် ရေချိုအများဆုံးသိုလှောင်ထားရာ အရင်း အမြစ်များ ဖြစ်ပါသည်။ ရေသည် ကောက်ပဲသီးနှံစားရေရိက္ခာတို့၏ ဖန်တီးရှင်၊ လျှပ်စစ် စွမ်းအား၏ အခြေခံကုန်ကြမ်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှ ပထဝီဝင်နိုင်ငံရေးအထိ အရေးပါသောအရာ ဖြစ်ပါသည်။ နွေရာသီပူပြင်း၍ မိုးရေမရရှိသည့် ကာလများတွင် မြစ်ချောင်းများသည် ရေခဲမြစ်များ၏ ကျေးဇူးကြောင့်သာ အသက်ဆက်နိုင်ကြခြင်းဖြစ်ပါ သည်။ ရေခဲမြစ်များသည် ပိုလာဝက်ဝံများ၊ ရေခဲတောင်ဒေသငှက်များ၊ ငါးများ၊ တောင်ဆိတ် များအပါအဝင် အခြားတောရိုင်းတိရစ္ဆာန်များအတွက် မရှိမဖြစ်သော ဂေဟစနစ်များ ဖြစ်ကြ ပါသည်။ ရေခဲတောင်ဒေသ သက်ရှိများအတွက် အခြားပတ်ဝန်းကျင်များ ဂေဟစနစ်များတွင် ရှင်သန်နေထိုင်ရန်မှာ အလွန်ခက်ခဲလိမ့်မည်ဖြစ်ပါသည်။
ရေခဲမြစ်များသည် တိုက်စားမှုဖြင့် မက်စောက်သောတောင်ကြားနှင့် ကျောက်ဆောင် ကျောက်ကမ်းပါးကဲ့သို့ ဆန်းသစ်လှပသည့် ဘူမိဗေဒရုပ်သွင် မြေယာရှုခင်းများအား ထုဆစ် ပေးနိုင်ပါသည်။ ထို့ပြင် ကမ္ဘာမျက်နှာပြင်အား ရေခဲဖုံးအုပ်ထားမှုကြောင့် အပူချိန်အား ထိန်းညှိပေးနိုင်ခြင်း၊ မြစ်ရေများအား အေးမြသန့်စင်စေခြင်း၊ မြစ်ချောင်းများအတွင်းရှိ ရေနေ သတ္တဝါများအတွက် လိုအပ်သော အာဟာရများ ပျော်ဝင်စီးဆင်းစေခြင်း၊ ရေခဲတောင် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးစေခြင်း စသည့် အကျိုးကျေးဇူးများအားလည်း ဖန်တီးပေးနိုင် ပါသည်။ မြေထုအား ရေခဲမြစ်တို့ဖြင့် ဖုံးလွှမ်းထားသောကြောင့် မပျက်စီးမတူးဖော်ရသေး သည့် ကမ္ဘာ့သယံဇာတများအား ထိန်းသိမ်းစောင့်ရှောက်ပေးကာ သယံဇာတအလွန်အကျွံ ထုတ်ယူမှုကြောင့် ဂေဟစနစ်ပျက်စီးနိုင်မှုအား တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးနေ ကြပါသည်။
အခြားထူးခြားချက်မှာ ရေခဲမြစ်များသည် မှီတင်းနေထိုင်ရာ တိုင်းရင်းသားလူမျိူးများ ၏ ကိုးကွယ်ရာဘာသာရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံတို့ တည်ရှိမှီခိုရာလည်း ဖြစ်ပါသည်။ ရေခဲဒေသ အက်စ်စကီမိုးလူမျိုးတို့၏ ဓလေ့ထုံးတမ်းများ၊ ဟိမဝန္တာတောင်တန်းဒေသ၏ သူတော်စင် ဒဏ္ဍာရီများ၊ တိဗက်ကုန်းပြင်မြင့်၏ စိတ်ဝိညာဉ်ငြိမ်းချမ်းရေးကျင့်စဉ်များသည် ရေခဲမြစ်များနှင့် ထူးခြားစွာ ဆက်စပ်ထောက်ကူလျက် ရှိကြပါသည်။ ဟိန္ဒူနှင့် တိဗက် ဘာသာရေး အယူအဆများတွင် ရေခဲတောင်တို့သည် သူတော်စင်တို့ မှီတင်းနေထိုင်သော မြင့်မြတ်သောနေရာများ ဖြစ်ကြပါသည်။
ရေခဲမြစ်များအား ခြိမ်းခြောက်မှုအန္တရာယ်
ရေခဲမြစ်များအား အဓိကခြိမ်းခြောက်လျက်ရှိသောအန္တရာယ်မှာ ကမ္ဘာကြီးပူနွေးလာမှု ဖြစ်ပါသည်။ ၁၈ ရာစု စက်မှုလုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် လေထု အတွင်း ကာဗွန်ထုတ်လွှတ်မှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု များပြားလာပြီး ကမ္ဘာ့ အပူချိန် မြင့်တက်လာခဲ့ပါသည်။ ထို့ပြင် သစ်တောများပျက်စီးလာမှု၊ မြို့ပြဧရိယာများ ချဲ့ထွင်လာမှု၊ လေထုညစ်ညမ်းမှု၊ ရာသီဉတုပြောင်းလဲလာမှုတို့ကြောင့် ကမ္ဘာ့ပူနွေးမှုသည် တစ်နှစ် ထက်တစ်နှစ် ပိုမိုပြင်းထန်လာခဲ့ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ကထက် ၁ ဒီဂရီဖာရင်ဟိုက်၊ ၀.၅ ဒီဂရီစင်တီဂရိတ်ခန့် ပိုမိုပူနွေးလာကြောင်းသိရှိရပါသည်။
တစ်နှစ်ထက်တစ်နှစ် ပိုမိုပူနွေးလာမှုအား သိသာစေသောအချက်မှာ ၂၀၂၃ ခုနှစ်တွင် စက်မှုတော်လှန်ရေးမတိုင်မီ (၁၈၅၀-၁၉၀၀)ခုနှစ် ပျမ်းမျှအခြေခံအပူချိန်ထက် ၁.၄၅ ဒီဂရီ စင်တီဂရိတ် ပိုပူပြီး ၂၀၂၃ ခုနှစ်အား ကမ္ဘာ့အပူဆုံးနှစ်အဖြစ် သတ်မှတ်ခဲ့ပါသည်။ သို့ရာတွင် ၂၀၂၄ ခုနှစ်တွင်လည်း ၁.၅ ဒီဂရီစင်တီဂရိတ်ဖြင့် ၂၀၂၃ ခုနှစ်၏ စံချိန်ကိုချိုး၍ ၂၀၂၄ ခုနှစ် သည် ကမ္ဘာ့အပူဆုံးနှစ် ဖြစ်လာခဲ့ပြန်ပါသည်။
ကမ္ဘာ့အပူချိန်ကြောင့် ရေခဲမြစ်များ၏ အရည်ပျော်နှုန်းမှာလည်း ပိုမိုများပြားလာခဲ့ ပါသည်။ ၂၀၀၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်းတွင် ကမ္ဘာ့ရေခဲမြစ် အရည်ပျော်နှုန်းမှာ ၂၆၇ Gigaton/year ဖြစ်ပါသည်။ ဂရင်းလန်းရေခဲပြင်များသည် ၂၀၀၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လေးဆခန့် မြန်ဆန်စွာ အရည်ပျော်ကျလျက်ရှိသည်။ အာဖရိကတိုက်ရှိ ကီလီမန်ဂျာရို ရေခဲတောင်သည် ၁၉၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၈၀% ပျောက်ကွယ်ခဲ့ပြီဖြစ်ပါသည်။ ကမ္ဘာကြီး ပူနွေးမှုအား ထပ်မံလျှော့ချနိုင်ခြင်းမရှိပါက ၂၁၀၀ ခုနှစ်တွင် ကမ္ဘာ့လက်ရှိရေခဲမြစ် များ၏ သုံးပုံတစ်ပုံမှာ အရည်ပျော်ကျသွားလိမ့်မည်ဖြစ်ပြီး ၂၀၄၀ ခုနှစ်တွင် အာတိတ် ဒေသ၏ နွေရာသီများတွင် ရေခဲများတွေ့ရှိရတော့မည်မဟုတ်ပါဟု ဆိုကြပါသည်။
တတိယဝင်ရိုးစွန်းဟုလူသိများသည့် ဟိမဝန္တာရေခဲတောင်ဒေသသည် ကမ္ဘာ့ပျမ်းမျှ အပူချိန်ထက် သုံးဆခန့် ပိုမိုပူနွေးကာ ရေခဲမြစ်များ မြန်ဆန်စွာ အရည်ပျော်နေကြောင်း သိရှိရပါသည်။ The International Center for Integrated Mountain Development (ICIMOD) မှ အချက်အလက်များအရ ဟိမဝန္တာရေခဲမြစ်တို့သည် ၂၁၀၀ ခုနှစ်တွင် ၈၀% အထိ ပျောက်ကွယ်သွားနိုင်ကြောင်း တွေ့ရှိရပါသည်။ ထိုကဲ့သို့ ရေခဲမြစ်များအရည်ပျော်ကျပါက ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် သိသာစွာ မြင့်တက်လာပြီး ကမ္ဘာ့အစိတ်အပိုင်းအများစုသည် ပင်လယ်ရေမျက်နှာပြင်အောက် ထာဝရ နစ်မြုပ်သွားမည်ဖြစ်သည်။ ကမ္ဘာ့ရေခဲထုအား တိကျစွာ တိုင်းတာနိုင်ရန် ခက်ခဲသော်လည်း ကမ္ဘာ့ရေခဲထုအားလုံး အရည်ပျော်ပါက ပင်လယ်ရေ မျက်နှာပြင်သည် ၁၉၅ ပေမှ ၂၃၀ပေခန့် အထိ မြင့်တက်လာနိုင်သည်ဖြစ်ရာ မီယာမီ၊ ရှန်ဟိုင်း၊ အမ်စတာဒမ်၊ ဗင်းနစ်စသည့်မြို့ကြီးများနှင့် ကမ္ဘာ့ကမ်းရိုးတန်းဒေသများ သည် ရှေးဟောင်းရေအောက်မြို့တော်များကဲ့သို့ ရေအောက် နစ်မြုပ်သွားမည်ဖြစ်ပါသည်။
ထို့ပြင် ရေခဲမြစ် လျင်မြန်စွာ အရည်ပျော်ကျမှုကြောင့် သာမန်ထက် ရေပိုစီးဆင်းကာ မြစ်ဝှမ်းဒေသများတွင် လျှပ်တပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများတွေ့ကြုံခံစားရမည် ဖြစ်ပါ သည်။ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံများ၏ ရေခဲတောင်ဒေသရေကြီးမှုများသည် ရေခဲမြစ် အရည်ပျော်မှုကြောင့် ပိုမိုပြင်းထန်လာပါသည်။ အဆိုးရွားဆုံးဖြစ်လာမည့် အခက်အခဲမှာ ရေချိုအရင်းအမြစ်များ ပျောက်ဆုံးသွားခြင်းဖြစ်ပါသည်။ ဟိမဝန္တာရေခဲတောင်များ အရည် ပျော်ပြီး တောင်ကတုံးများဖြစ်ပေါ်လာပါက ထိုရေခဲတောင်ဒေသရှင်သန်မှုမှာ ထိတ်လန့်ဖွယ် ဖြစ်ပြီး အောက်ဘက် မြစ်ဝှမ်းဒေသများတွင်လည်း ဆိုးရွားစွာ ရေပြတ်လပ်မှုများ ဖြစ်ပေါ် လာမည်ဖြစ်သည်။ သစ်တောပြုန်းတီးမှုအား ပြန်လည်စိုက်ပျိုး၍ရသော်လည်း၊ မြစ်ချောင်း တိမ်ကောမှုအား ပြန်တူးဖော်၍ရသော်လည်း အရည်ပျော်ကျသွားသောရေခဲမြစ်အား မည်သို့ ပြန်လည် ရေဖြည့်တင်းနိုင်ပါအံ့နည်း။ မဖြစ်ခင်က ကြိုတင်ကာကွယ်ရန် တစ်နည်းသာ ရှိပါသည်။
ရေခဲမြစ်များထိန်းသိမ်းကြပါစို့
လေ့လာမှုစာတမ်းတစ်ခုတွင် ခါကာဘိုရာဇီ ရေခဲတောင်တန်းဒေသရှိ ရေခဲမြစ် ၁၃၁ ခု အားလေ့လာချက်အရ ၁၉၇၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ရေခဲဖုံးလွှမ်းမှုဧရိယာ ၅၄% ကျော် ပျောက်ဆုံးပြီး ရေခဲထုထည်အားဖြင့် ၆၀% ပျောက်ကွယ်သွားခဲ့ကြောင်း သိရှိရပါသည်။ ထိုပျောက်ကွယ်မှုနှုန်းသည် လာမည့်နှစ် ၄၀ မှ ၅၀ အတွင်း မြန်မာ့ရေခဲမြစ်များ၏ အနာဂတ်သည် အဆိုးဆုံးအခြေအနေအား ရင်ဆိုင်ရနိုင်ကြောင်း မီးမောင်းထိုးပြလျက် ရှိပါသည်။
ကမ္ဘာ့ဂေဟစနစ် အချက်အချာနေရာ (Global Biodiversity Hotspots) ၂၅ ခု ဧရိယာ အတွင်း ကျရောက်သော ပူတာအိုရေခဲတောင်ဒေသသည် ဇီဝမျိုးစိတ်များအတွက် အဓိက အရေးပါသော ဂေဟစနစ်နယ်မြေတစ်ခု ဖြစ်ပါသည်။ ရေခဲတောင်ဒေသ ရှားပါးတောရိုင်း တိရစ္ဆာန်များဖြစ်သည့် သားမင်း၊ ကတိုးဂျီ (ချေ)၊ အင်းကျား၊ ရေခဲတောင်ဆိတ်၊ ဟိမဝန္တာ ဝက်ဝံ၊ ပန်ဒါနီ၊ မျက်ခုံးဖြူမျောက်လွှဲကျော်၊ ရေခဲငါးများအားတွေ့ရှိရပြီး ရေခဲတောင်ဂျင်ဆင်း၊ ရှီးပတီး၊ မချစ်ဉ၊ ခန်းတောက်မြစ်စသည့် ဆေးဘက်ဝင်အပင်များ ပေါက်ရောက်ရာဒေသ ဖြစ်ပါသည်။ ရေခဲမြစ်တို့သည် ကမ္ဘာမြေဧရိယာ၏ ၁၀% ခန့်အား ဖုံးလွှမ်းထားသည် ဆိုသော်လည်း အများစုမှာ ဝင်ရိုးစွန်းဒေသများဖြစ်ကြပါသည်။ ကမ္ဘာပေါ်တွင် နိုင်ငံ ၅၀ ခန့် သာ ရေခဲမြစ်များအားပိုင်ဆိုင်ကြခြင်းဖြစ်ရာ မိမိတို့နိုင်ငံအတွက် ဂုဏ်ယူဖွယ်ပိုင်ဆိုင်မှုလည်း ဖြစ်ပါသည်။
မြန်မာ့ရေခဲမြစ်များအား စနစ်တကျ မှတ်တမ်းတင်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ဒေသခံပြည်သူများအား ကာကွယ်ထိန်းသိမ်းမှု အသိပညာမျှဝေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများ၊ ရေခဲတောင်ဒေသ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်၍ နည်းပညာအတွေ့အကြုံ ဖလှယ်ခြင်းတို့ဖြင့် ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ပါသည်။ ရေခဲမြစ် ထိန်းသိမ်း ကာကွယ်ခြင်းအတွက် ပေါ်လစီများ၊ ဉပဒေ နည်းဉပဒေများ၊ ရေတိုရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်နိုင်ပါက ပို၍စနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ကမ္ဘာ့အပူချိန်အား လျှော့ချရန်ဆိုသည်မှာ တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ရမည့် ဖြစ်စဉ် တစ်ခု ဖြစ်သောကြောင့် ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်သင့်ပါသည်။
“ရေခဲမြစ်တွေ အရည်ပျော်သောအခါ”
ပူပြင်းတဲ့ကာလတွေအောက်
ရေခဲမြစ်တွေ တစတစပျောက်လို့လာ…။
ပင်လယ်ကြီးက စိတ်ဆိုးပြီး
မြစ်ရိုးက လှိုင်းတွေထန်…။
ဟိမဝန္တာရေခဲမြစ်တွေ အရည်ပျော်ကျတဲ့အခါ
အာရှဟာ ရေတွေ ဘယ်မှာရှာရပါ့မလဲ…။
ရေခဲမြစ်ပျော် သက်ရှိလေးများ
ဘယ်မြစ်ကမ်းပါးမှာ နေနားကြရပါ့မလဲ…။
ဧရာဝတီကရော
နွေရာသီမှာ ဘယ်လိုငိုညည်းလေလိမ့်မလဲ…။
(တကယ့်ကို)
အချိန်မီလေးသာမို့
မြေကမ္ဘာသာယာပြီး ဧရာဝတီကျန်းမာဖို့
မျိုးဆက်သစ်တွေ တိုးတက်ရစ်စေဖို့
ရေခဲမြစ်တေွ စတင်ထိန်းသိမ်းကြပါစို့…။
အချုပ်အားဖြင့် ကမ္ဘာ့ရေချိုဘဏ်တိုက်များဖြစ်သော ရေခဲမြစ်များသည် များစွာ သတိ မထားမိချိန်များအတွင်းတိတ်ဆိတ်လျင်မြန်စွာပျောက်ကွယ်ခဲ့ပြီဖြစ်ပါသည်။ ရေချိုရရှိမှုသည် လူသားတိုင်း၏အခွင့်အရေးဟုဆိုပါက ရေအရင်းအမြစ်ဖြစ်သော ရေခဲမြစ်များ ထိန်းသိမ်းရေး သည်လည်း လူသားတိုင်း၏တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် “ရေအရင်းအမြစ်များ တည်မြဲဖို့ ရေခဲမြစ်များထိန်းသိမ်းစို့” ဟု ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေနေ့အား ကဗျာတစ်ပုဒ်ဖြင့် နှုတ်ဆက် ဂုဏ်ပြုပါသည်။
ရည်ညွှန်း – http://www.unwater.org , http://www.icimod.org , http://www.un-glaciers.org/en , https://wgms.ch/
https://www.monrec.gov.mm/ , http://www.un.org/en/observances/water-day
Taft, L.; Kühle, L. Glacier Changes between 1976 and 2015 in the Source Area of the Ayeyarwady (Irrawaddy) River, Myanmar. Water 2018, 10, 1850. https://doi.org/10.3390/w10121850