ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃

(ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အစိုးရကိုယ်စားပြု ပညာရှင်များအဖွဲ့(အိုင်ပီစီစီ)၏ “ရာသီဥတုပြောင်းလဲခြင်း ၂၀၂၃” အစီရင်ခံစာပါ အဓိကအချက်များ)

၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြား ကမ္ဘာ့မျက်နှာပြင်ပျမ်းမျှအပူချိန်သည် ၁၈၅၀ နှင့် ၁၉၀ဝ ကြား ကာလထက် ၁ ဒသမ ဝ၉ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်တက်ခဲ့သည်။ မြေပြင်အပူချိန်သည် ၁ ဒသမ ၅၉ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့ပြီး သမုဒ္ဒရာရေပြင်သည် ဝ ဒသမ ၈၈ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့သည်။

၁၈၅၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်ခဲ့သော ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပမာဏသည် ဂိုင်ဂါတန် ၂၄၀ဝ ခန့် ဖြစ်သည်။ ယင်းပမာဏ၏ ၅၈ ရာခိုင်နှုန်းသည် ၁၈၅၀ နှင့် ၁၉၈၉ (၁၃၉ နှစ်)အတွင်း ဝင်ရောက်ခဲ့ကာ ၄၂ ရာခိုင်နှုန်းသည် ၁၉၉၀ နှင့် ၂၀၁၉ (၂၉ နှစ်)အတွင်း ဝင်ရောက်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း လေထုထဲသို့ အသားတင်ဝင်ရောက်ခဲ့သည့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏသည် ကာဘွန်ဒိုင်အောက်ဆိုက် ညီမျှကိန်းဖြင့် ၅၈ ဂိုင်ဂါတန် ဖြစ်သည်။ ယင်းပမာဏ၏ ၇၉ ရာခိုင်နှုန်းခန့်သည် စွမ်းအင်၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် အဆောက်အအုံများမှ ဖြစ်ကာ ၂၂ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး သစ်တောနှင့် အခြားမြေယာအသုံးချမှုတို့မှ ဖြစ်သည်။

ကမ္ဘာ့ပျမ်းမျှပင်လယ်ရေပြင်သည် ၁၉၀၁ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကြား၌ ဝ ဒသမ ၂၀ မီတာ မြင့်တက်ခဲ့သည်။ ၁၉၀၁ နှင့် ၁၉၇၁ ကြား (နှစ်ပေါင်း ၇၀)အတွင်း၌ တစ်နှစ်လျှင် ၁ ဒသမ ၃ မီလီမီတာနှုန်း တက်ခဲ့ပြီး ၁၉၇၁ နှင့် ၂၀ဝ၆ ကြား (၃၅ နှစ်)အတွင်း၌ တစ်နှစ်လျှင် ၁ ဒသမ ၉ မီလီမီတာနှုန်း တက်ခဲ့ကာ ၂၀ဝ၆ နှင့် ၂၀၁၈ ကြား (၁၂ နှစ်)အတွင်း၌ တစ်နှစ်လျှင် ၃ ဒသမ ၇ မီလီမီတာနှုန်း တက်ခဲ့သည်။

ဖြစ်နိုင်ခြေမျိုးစုံမှ ခန့်မှန်းချက်များအရ ရေတိုကာလ (၂၀၂၁ နှင့် ၂၀၄၀ ကြား)၌ ကမ္ဘာ ပူနွေးလာနေမှုသည် ဆက်လက်မြင့်တက်နေဦးမည်။ ဖြစ်နိုင်ခြေခန့်မှန်းချက်အချို့အရ ၂၁ ရာစုနှစ်အကုန်၌ ကမ္ဘာ့မျက်နှာပြင် ပျမ်းမျှအပူချိန် မြင့်တက်မှုသည် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်အောက်သို့ ပြန်ရောက်နိုင်သည်။

အပူလှိုင်းများ၊ မိုးခေါင်မှုများ ပို၍စိပ်စိပ် ပေါ်ပေါက်လာပြီး ယင်းဖြစ်စဉ်များကို ကမ္ဘာ့နေရာအများအပြား၌ အကြိမ်ကြိမ် ထပ်၍ ကြုံတွေ့လာနိုင်သည်။ ယခုအခြေအနေ၌ အနှစ် ၁၀ဝ တွင်မှ တစ်ကြိမ်ကြုံနေရသော ပင်လယ်ပြင်မြင့်တက်လာခြင်းမျိုးကို ဒီရေတိုင်းတာသောနေရာများ၏ ထက်ဝက်ကျော်တွင် အနည်းဆုံး တစ်နှစ် တစ်ကြိမ် ကြုံတွေ့ရမည်။ အပူပိုင်းဒေသမုန်တိုင်းများသည် ပိုမိုပြင်းထန်လာမည်။ ခြောက်သွေ့မှုနှင့် မီးလောင်မှုကို ဖြစ်ပေါ်စေသော မိုးလေဝသအခြေအနေများ ပိုလာမည်။

Leave a comment