၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ ကြုံရဖွယ်ရှိသည့် ရေအခက်အခဲ

၂၀၂၃ ခုနှစ် နှစ်လယ်မှစ၍ အားအသင့်အတင့်ရှိသော အယ်လ်နီညိုရာသီဥတုအခြေအနေ ပေါ်ပေါက်လာနေကြောင်း၊ အယ်လ်နီညိုနှင့်အတူ အပူလှိုင်းများ၏ဒဏ်ကို ၂၀၂၄ ခုနှစ်တွင် မကြုံစဖူး ပြင်းထန်စွာ ခံစားကြရဖွယ် ရှိကြောင်း ရာသီဥတုသိပ္ပံပညာရှင်များက သတိပေးထားသည်။

အယ်လ်နီညိုဆိုသည်မှာ ပုံမှန်ထက် ထူးကဲစွာ ပူနွေးလာသည့် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းရေပြင်ကြောင့် သမုဒ္ဒရာရေစီးကြောင်းများ၊ ယင်းနှင့် ဆက်စပ်သော လေထုနှင့် လေစီးကြောင်းများ ပြောင်းလဲကာ ပစိဖိတ် သမုဒ္ဒရာဝန်းကျင်ဒေသများအပြင် ယင်းဒေသများနှင့် ထိတွေ့ဆက်စပ်နေသောဒေသများ၏ မိုးလေဝသ အခြေအနေကိုပါ သက်ရောက်သည့် ဖြစ်စဉ်ကို ခေါ်သည်။ ပုံမှန်ထက် ထူးကဲစွာအေးမြလာသည့် ပစိဖိတ် သမုဒ္ဒရာ၏ အရှေ့ပိုင်းရေပြင်သည်မူ အယ်လ်နီညိုနှင့်ဆန့်ကျင်ဘက် လာနီညာရာသီဥတု အခြေအနေကို ပေါ်ပေါက်စေသည်။

အယ်လ်နီညိုကြောင့် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းနိုင်ငံများတွင် မိုးများပြီး စိုစွတ်သည့် အခြေအနေများ ပေါ်ပေါက်ပြီး မြန်မာအပါအဝင် ပစိဖိတ်သမုဒ္ဒရာ၏ အနောက်ပိုင်းနိုင်ငံများတွင် ပူပြင်းခြောက်သွေ့ပြီး မိုးနည်းသဖြင့် မြစ်ချောင်းများ၊ ရေကန်များ လျော့နည်း ခြောက်ခန်းသည်တို့ကို ကြုံရသည်။ အပြန်အားဖြင့် လာနီညာကြောင့် မြန်မာအပါအဝင် ပစိဖိတ်သမုဒ္ဒရာ၏ အနောက်ပိုင်းနိုင်ငံများတွင် မိုးများပြီး စိုစွတ်သည့် အခြေအနေများ ပေါ်ပေါက်ပြီး ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ပိုင်းနိုင်ငံများတွင် ပူပြင်းခြောက်သွေ့ပြီး မိုးနည်းသည်။

အယ်လ်နီညိုနှင့် လာနီညာတို့သည် ပုံမှန်မဟုတ်သော်လည်း အကြမ်းအားဖြင့် နှစ်နှစ်မှ ခုနစ်နှစ်ခန့်ကြာလျှင် တစ်လှည့်စီ ပေါ်ပေါက်တတ်သည်။ မြန်မာနိုင်ငံသည် လွန်ခဲ့သည့်သုံးနှစ်လုံးလုံး လာနီညာနှင့်ကြုံခဲ့ရသဖြင့် စိုစွတ်ပြီး မိုးမှန် ရေမှန် ဖြစ်ခဲ့သည်။ ပညာရှင်များ၏ ခန့်မှန်းချက်များအတိုင်း ဖြစ်လာလျှင် အယ်နီညို အားကောင်းလာတော့မည်။

မြန်မာနိုင်ငံ၌ ၁၉၉၇-၉၈ ခုနှစ်များက အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ပြီး ရေရှားပါးခဲ့ရသလို ၂၀၁၆ ခုနှစ်ကလည်း အလားတူဖြစ်ရပ်မျိုးကို ကြုံခဲ့ရပြီး ဖြစ်သည်။ အယ်လ်နီညိုကြောင့် ၂၀၂၄ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သည့် အပူဒဏ်ကို ရာသီဥတုပြောင်းလဲခြင်းကပါ ထပ်ဆင့်လိုက်သောအခါ မကြုံစဖူး ထူးကဲစွာ ပူလာနိုင်ခြေ မြင့်မားနေသည်၊ အကျိုးဆက်အဖြစ် ရေရှားမည်။ မည်သို့ ပြင်ဆင်ကြမည်နည်း။ ပြင်ကြ ဆင်ကြမည့်အကြောင်းကို မပြောမီ ၂၀၂၃ နှစ်ဆန်းပိုင်းက ရေရရှိရေးအခြေအနေကို တစေ့တစောင်း ကြည့်ကြရအောင်။

အရင့်အရင်နှစ်များကဆိုလျှင် နှစ်ဆန်းသည်နှင့် နိုင်ငံဒေသအချို့တွင် ရေရှားသည့်သတင်းများ စ၍ ကြားခဲ့ရစမြဲ ဖြစ်သည်။ ယခုနှစ်တွင် မကြားရသေး။ ရေခက်နေသည့်နေရာများ ရှိမည်ဖြစ်သော်လည်း သတင်းဖြစ်လာသည်အထိ မများသေးဟု ဆိုနိုင်သည်။ ယခုအထိ ရေပြေလည်နေသေးသောအကြောင်းက နှစ်ချက် ရှိသည်။

ပထမအကြောင်းက ၂၀၂၂ တွင် တစ်နိုင်ငံလုံးနီးပါး မိုးမှန်ခဲ့ခြင်း ဖြစ်သည်။ မိုးကောင်းခြင်းကြောင့် ရိတ်သိမ်းသီးနှံအချို့၊ နေလှမ်းဆားကွင်းအချို့ ထိခိုက်ခဲ့သော်လည်း ရေဖူလုံရေး ရှုထောင့်က ဆိုလျှင် အပေါင်းလက္ခဏာဆောင်သည်။

ဒုတိယအကြောင်းက ပြီးခဲ့သည့်နှစ် မိုးမှန် မိုးကောင်းခဲ့သဖြင့် သဘာဝရေကန်များ၊ လူလုပ်ရေကန် ရေလှောင်တမံများထဲ၌ လုံလောက်သော ရေပမာဏ ၂၀၂၃ နှစ်ဆန်းပိုင်းအထိ ရှိနေသေးခြင်း ဖြစ်သည်။

ယခုအတိုင်း ၂၀၂၄ ဇန်နဝါရီတွင် ဆက်ကြုံရဦးမည်လော။ မဖြစ်နိုင်တော့ဟု ထင်သည်။ ပညာရှင်များ ကြိုတင်ခန့်မှန်းထားသလို အယ်လ်နီညိုပေါ်လာလျှင် ၂၀၂၃ တွင် မိုးနည်း၍ ၂၀၂၄ တွင် ရေရှားပါတော့မည်။ မည်သို့ပြင်ဆင်ကြမည်နည်း။

၂၀၂၃ တွင် မိုးမှန်နေအောင် လူတို့ ဖန်တီးဖို့ မဖြစ်နိုင်ပါ။ သို့သော် ၂၀၂၄ ဇန်နဝါရီတွင် သဘာဝ ရေကန်များ၊ လူလုပ်ရေကန် ရေလှောင်တမံများထဲ၌ လုံလောက်သောပမာဏ မဟုတ်သည့် တိုင်အောင် အတတ်နိုင်ဆုံး ရေများများ ကျန်နေအောင် လူတို့ ကြိုတင်စီမံနိုင်ကြပါသည်။

ကြိုတင်စီမံနိုင်သည့်နည်းမှာ ၂၀၂၃ ၏ နောက်ဆုံးလများတွင် အခါလွန်မိုး၊ မုန်တိုင်းမိုး ရွာခဲ့လျှင် မိုးရေများကို တစ်အိမ်ချင်းစီမှစကာ ရပ်ကွက်ကျေးရွာအလိုက် တစ်နိုင်တစ်ပိုင် စုဆောင်းသိုလှောင်ကြဖို့၊ ရှိပြီးရေကန်များကို တတ်နိုင်သလောက် တိုးချဲ့မွမ်းမံကြဖို့ပဲ ဖြစ်သည်။ ကျွန်တော်၏ ပို့စ်များကို ပုံမှန်ဖတ်နေသူများက သိပြီးဖြစ်သော်လည်း မသိသေးသူများအတွက် မိုးရေလှောင်ကန် ဒစ်ဂျစ်တယ်စာအုပ်ကို ဤလင့်ခ် ၌ ဝင်ရောက်ဖတ်ရှုကြ၊ မိုးရေစုဆောင်းနိုင်အောင် ယခုကတည်းက ကြိုတင်ပြင်ဆင်ကြပါ။

မိုးရေလှောင်ကန်စာအုပ်တွင် ကြိုတင်ပြင်ဆင်မှုများကို လက်ငင်းလက်တွေ့ အကောင်အထည်ဖော်နိုင်သော နည်းလမ်းများ ပါရှိသည်။ ယင်းစာအုပ်ကို ဖတ်၍ ဖြစ်စေ၊ မဖတ်မိသေးဘဲ ဖြစ်စေ ကိုယ်ပိုင်စိတ်ကူးများဖြင့် မိုးရေစုဆောင်းအသုံးချ၍ အကျိုးခံစားနေရသူများ မြန်မာနိုင်ငံ အနှံ့အပြား၌ ရှိပါသည်။ အဆိုပါပုဂ္ဂိုလ်များက မိမိတို့၏ အတွေ့အကြုံနှင့် အကြံပြုချက်များကို ဝေမျှကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။

အယ်နီညိုကြောင့် မိုးနည်း ရေရှားပြီး လာနီညာကြောင့် မိုးများ ရေပေါသည်ဟု ဆိုထားရာ လွန်ခဲ့သည့်နှစ်များစွာက အယ်နီညိုနှင့် လာနီညာတို့ကြောင့် မြန်မာနိုင်ငံ၏ မိုးရွာသွန်းအပေါ် မည်သို့ သက်ရောက်ခဲ့သနည်းဆိုသည်ကို သိလို၍ လေ့လာရာ စာတမ်းပါ မြန်မာနိုင်ငံကို အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းဟူ၍ သုံးပိုင်းခွဲပြီး လေ့လာခဲ့သော ပူးတွဲပုံကို တွေ့သည်။

ယင်းပုံတွင် ၁၉၈၀ မှ ၂၀၁၅ အထိ၊ ၃၅ နှစ်အတွင်း မေလမှ အောက်တိုဘာလအထိ မိုးရေချိန်များကို မှတ်တမ်းပြုသည်။ ထို့နောက် အယ်လ်နီညိုလည်း မဟုတ်၊ လာနီညာလည်း မမည်သည့် ကြားနှစ်များ၏ မိုးရေချိန်နှင့် စာလျှင် အယ်လ်နီညိုနှစ်များက မိုးမည်မျှ နည်းခဲ့သနည်း၊ လာနီညာနှစ်များက မိုးမည်မျှ များခဲ့သနည်း ဆိုသည်တို့ကို ဒေသအလိုက်ခွဲ၍ ဂရပ်ဖြင့် တင်ပြသည်။

၁၉၈၀ မှ ၂၀၁၅ အထိ၊ ၃၅ နှစ်အတွင်း မေလမှ အောက်တိုဘာလအထိ မြန်မာနိုင်ငံအထက်ပိုင်းသည် ကြားနှစ်များနှင့်စာလျှင် လာနီညာကြောင့် မိုး ၁၀ ရာခိုင်နှုန်း ပိုရခဲ့ကာ အယ်နီညိုကြောင့် ၄ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်းသည် ကြားနှစ်များနှင့်စာလျှင် လာနီညာကြောင့် မိုး ၇ ရာခိုင်နှုန်း ပိုရခဲ့ကာ အယ်နီညိုကြောင့် ၉ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ မြန်မာနိုင်ငံအောက်ပိုင်းသည် ကြားနှစ်များနှင့် စာလျှင် လာနီညာကြောင့် မိုးပိုမရခဲ့သော်လည်း အယ်နီညိုကြောင့် ၁၃ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါသည်။

ထို့ကြောင့် ရေဘက်ဆိုင်ရာ ရှုထောင့်မှ ကြည့်လျှင် မြန်မာနိုင်ငံ၌ လူဦးရေအများဆုံးနေထိုင်ရာ အောက်ပိုင်းဒေသများသည် ၁၉၈၀ မှ ၂၀၁၅ အထိ၊ ၃၅ နှစ်အတွင်း အယ်လ်နီညိုနှင့် လာနီညာတို့၏ သက်ရောက်မှုကို အများဆုံးခံခဲ့ရသည်ဟု ကောက်ချက်ဆွဲယူနိုင်သည်။

ယခုအယ်နီညိုသည် ယခင်အယ်လ်နီညိုများကဲ့သို့ ပေါ်ပေါက်မည်ဟု မဆိုနိုင်ပါ။ မည်သည့်ပုံစံဖြင့် ပေါ်ပေါက်သည်ဖြစ်စေ၊ ရေရှားသည့်ဒဏ်ကိုမူ ဒေသတိုင်းတွင် အနည်းနှင့်အများ ခံရဖို့ ရှိသည်။ ရာသီဥတုပြောင်းလဲခြင်းအပြင် အယ်နီညိုကြောင့်ပါ ဖြစ်ပေါ်လာနိုင်သော ရေရှားပါးမှုကို ရွာကျလာနိုင်သေးသည့် မိုးရေများကို ရတတ်သမျှစုဆောင်းထားပြီး ရင်ဆိုင်ကြလျှင်တော့ အထိုက်အလျောက် သက်သာရာရကြပါလိမ့်မည်။

Leave a comment