
ဒီရာသီ ရေရှား နေရပြီ။
“ဥတုရာသီ တောကိုမှီ၏” တဲ့၊
ရှေးမြန်မာလူကြီးတွေရဲ့ ဆိုစကား
လေ့လာကြည့် မှန်နေ၏၊
ပြောင်းနေသည့်ရာသီ
မြန်မာပြည်ဝယ် တနံတလျား
မှီစရာတောလည်း မရှိ၊ ရှိတဲ့တောက မအုပ်
တောင်လည်း မစိမ်း၊ ရေလည်း မပျို မြစ်လည်း မစို
ရေကန်အိုချောက်၊ ချောင်းအိုင်ပြောက်
ရောက်ယက်ခတ်ကာ သောက်ရေရှာ
ပြည်သူတွေဒုက္ခ မသေးလှ
စုပေါင်းကာ အဖြေရှာရမှာပါ့။
(စာရေးသူ၏ မိတ်ဆွေ ရေနံချောင်း၊ ချောက်နေ ရေနံသာဒင်းဂါးက ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဓာတ်ပုံများ ပေးပို့၍ ဆောင်းပါးရေးပေးရန် တိုက်တွန်းသဖြင့် ဤဆောင်းပါးကို သူ့ထံရေးပို့ခဲ့ပါသည်။ ထိုအချိန် (၂၀၂၀ ဝန်းကျင်)က ယင်းဒေသ၌ မိုးခေါင်ရေရှားပြီး လူနှင့် တိရစ္ဆာန်တို့အတွက် သောက်သုံးရေရှားပါး၊ ခိုနားစရာ အာဝါသမရှိ ဖြစ်နေခဲ့သည်။ ယနေ့တွင်ကား ထိုဒေသသည် ရေနံသာဒင်းဂါး၏ ဦးဆောင်မှု၊ ရွာခံ လူငယ် များ၊ အလှူရှင်များ၏ အကူအညီဖြင့် ရေနံချောင်း ချောက် လမ်းရွာဒေသ၏ အိုအေးစစ်လေး ဖြစ်နေပါပြီ။)
ယခုအခါ မြေပြင်၏ အပူချိန်ရော၊ ပင်လယ်သမုဒ္ဒရာ၏ အပူချိန်ပါ လျင်မြန်စွာ ပိုမိုပူပြင်းလာနေသည်။ အောက်စီဂျင်ပျော်ဝင်မူ ကျဆင်းလာသည်။ မြန်မာပြည်တွင်လည်း အလားတူ ဖြစ်နေကြောင်း အပူပိုင်းဇုန်က သက်သေပြနေသည်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် နွေမရောက်မီကပင် ရာသီဥတုက အပူချိန်မြင့်စပြုလာပြီး ၄၀ ဒီဂရီစင်တီဂရိတ်အောက် မဆင်းတော့။ ရေငွေ့ပြန်နှုန်းသည်လည်း တစ်နှစ်ထက်တစ်နှစ် များလာနေသည်။
ရာသီဥတုသဘောကို လေ့လာကြည့်ပါက –
ရာသီဥတုပြောင်းလဲမှု။ ။ နွေမိုးဆောင်းဟူသည့် ဥတုသုံးလီ ပုံမှန်အတိုင်း မှန်မှန်ကန်ကန် လည်ပတ် မနေတော့ဘဲ နွေရာသီတွင် ပုံမှန်ထက် အပူချိန်မြင့်တက်လာခြင်း၊ မိုးတွင်းကာလ နေရာတချို့မှာ မိုးကြီးပြီး တချို့နေရာတွေမှာ မိုးခေါင်ခြင်း၊ ဆောင်းရာသီ၌ မအေးတော့ခြင်း စသဖြင့် ပြောင်းလဲလာနေသည်။
ရာသီဥတုပြောင်းလဲမှုကို ဘယ်အရာတွေကဖြစ်ပေါ်စေသလဲ။ စက်ရုံတွေက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာတာ၊ သစ်တောပြုန်းတီးမှုတွေ များပြားကျယ်ပြန့်လာတာ၊ ရုပ်ကြွင်းလောင်စာတွေက ထုတ်လွှတ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ လေထုထဲမှာ များပြားလာတာတွေ၊ မြို့ပြနဲ့ စက်မှုလုပ်ငန်းများပြားလာမှုကြောင့် သစ်တောတွေ ပြုန်းတီးကုန်တာတွေ အားလုံးသည် ရာသီဥတုကို ပြောင်းလဲမှုကို ဖြစ်စေတဲ့ အဓိကကြောင်းရင်းတွေပါပဲ။ အဲဒါတွေကို လျှော့ချဖို့လုပ်ကြရမှာပါ။
ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေက ဘာတွေလဲ ။ ။ ရာသီဥတုပြောင်းလဲမှုက ကမ္ဘာပေါ်မှာ ရှိတဲ့ သက်ရှိအားလုံးအတွက် ထင်ထားတာထက်ပိုတဲ့ စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေပါသည်။
ပြောင်းလဲမှုတွေကြောင့် ညီမျှမှုမရှိ၊ ခန့်မှန်းရခက်တဲ့ ရာသီဥတုပုံစံနဲ့ ကမ္ဘာကြီးရဲ့အပူချိန်ကို သိသိသာသာ မြင့်တက်လာစေပါသည်။ အပူချိန်ပြောင်းလဲမှုက ကမ္ဘာကြီးပေါ်မှာ နေထိုင်ကြတဲ့ မရေမတွက်နိုင်သည့် သက်ရှိသတ္တဝါ၊ တိရစ္ဆာန်နဲ့ အပင်မျိုးစိတ်တွေကို မျိုးတုန်းပျောက်ကွယ်အောင် ဂေဟစနစ်ညီမျှနေမှုကို ပြောင်းလဲစေပါသည်။ အပူချိန် နှစ်စဉ် မြင့်တက်နေသလို မိုးခေါင်ခြင်း၊ မြေအောက်ရေ လျော့နည်းလာခြင်း၊ မြစ်ချောင်းအင်းအိုင်များ တိမ်ကောပျောက်ကွယ်လာခြင်း၊ မြေဆီလွှာ ခြောက်ခမ်းလာခြင်းတို့အပြင် ရေကြီးရေလျှံမူများဖြစ်ပေါ်ခြင်း၊ ရေခဲတောင်များ အရည်ပျော်လာခြင်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ အင်အားပြင်းသော မုန်တိုင်းများ ဖြစ်ပေါ်လာခြင်း၊ တောမီးလောင်ခြင်း စသည့် သဘာဝဘေးအန္တရာယ်ဆိုးကျိုးများစွာက နောက်ဆက်တွဲရလဒ်ဖြစ်တော့သည်။
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များမှာ မြန်မာနိုင်ငံလည်း ရှောင်လွှဲလို့မရပေ။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ဆက်ကျော်ကတည်းက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေဖြစ်တဲ့ အပူချိန်မြင့်တက်လာခြင်း၊ နေရာတချို့မှာ မိုးကြီးပြီး တချို့နေရာတွေမှာ မိုးခေါင်ခြင်းတို့ကို သိသိသာသာ ကြုံတွေ့နေရပါပြီ။ များသောအားဖြင့် မိုးရာသီက တိုလာသည်၊ သို့သော် မိုးရွာတဲ့နှုန်း များတာကြောင့် ရေကြီးရေလျှံမှု ပိုဖြစ်လာပါသည်။ ပင်လယ်ရေမျက်နှာပြင်ကလည်း မြင့်တက်လာနေပါသည်။
ရာသီဥတုပြောင်းလဲမူ၏ ဘေးအန္တရာယ် ကျရောက်ခြင်း အဆင့်သတ်မှတ်ချက်အရ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးမှာ ထိခိုက်အလွယ်ဆုံး ဒဏ်အခံရဆုံး နိုင်ငံသုံးနိုင်ငံတွင် ပါဝင်နေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြထားသည်။ မြေပေါ်ရေများ ဖြစ်သည့် ကန်ချောင်းဆည်မြောင်းတို့သည်လည်း ရေအပြည့်အဝ မသိုလှောင်နိုင်ပြီ။ မြေအောက်ရေ ထုတ်ယူသုံးစွဲမူ တနှစ်ထက်တနှစ် များပြားလာပြီး မိုးရွာသွန်းမှု နည်းလာသောအခါ မြေအောက်ရေ မျက်နှာပြင်သည်လည်း နိမ့်ကျလာသည်။ ရေထုတ်ယူရရှိမှုသည်လည်း လျော့နည်းလာသည်။ မြန်မာ တစ်နိုင်ငံလုံး မြေအောက်ရေ ဥပဒေမရှိဘဲ သုံးစွဲလာသည်မှာ နှစ် ၂၀ဝ နီးပါး ရှိနေပြီ။ အစိုးရမင်းများကလည်း မြေအောက်ရေကို စိတ်မဝင်စား။ မြေပေါ်ရေလည်း ဒီအတိုင်းပဲ။ ရှေးရိုး အစဉ်အလာ အတိုင်း၊ မြေရှိရေရှိတယ် မှတ်နေကြသည်။ ရေအရင်းအမြစ်များ ရေရည်တည်တန့်နိုင်မှုအတွက် ရင်လေးစရာဖြစ်တော့သည်။
လတ်တလော မကွေးတိုင်း၊ နတ်မောက်မြို့နယ် ချောက်မြို့နယ်တွေမှာ ပုံမှန်အားဖြင့် ပူပြင်း ခြောက်သွေ့သည့် ရာသီတွင် အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီယပ်ထိ ရောက်လေ့ရှိပြီး ယနေ့ အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီယပ်အထက် ၄၅ ဒီဂရီဆဲလ်စီယပ်ကိုရောက်နေပြီ၊ ဒါနွေမရောက်သေဘူး။ ရေငွေ့ပြန်နှုန်းမှာ မိုးရွာသွန်းသည့်နှုန်းထက် နှစ်ဆများပြားနေပါသည်။
ရေငွေ့ပြန်နှုန်းက ရွာသော မိုးရေထက် နှစ်ဆများသဖြင့် မိုးမှန်သောနှစ်များ၌ပင် ကန်ချောင်း အင်းအိုင်များသည် နောက်မိုးအထိ ရေမကျန်ဘဲ ခန်းကုန်သည်။ မိုးနည်းသောနှစ်ဆိုလျှင် ပို၍ စောစောခန်းသည်။ ရေငွေ့ပြန်နှုန်းသက်သာအောင် ကန်ဘောင်များတဝိုက် ပတ်ပတ်လည် သစ်ပင်များ စိုက်ထားသင့်သည်။ သို့မှသာ အငွေ့ပြန်မှုလျော့နည်းမည် ဖြစ်သည်။ တနည်းအားဖြင့် လက်ရှိထက် မိုးရေနှစ်ဆ ပိုမိုရွာမှသာလျှင် အငွေ့ပြန်သည့်ဒဏ် ခံနိုင်မည်ဖြစ်သည်။
“အခုမကွေးတိုင်းအတွင်းမှာ ဖြစ်နေတာက သဘာဝအတိုင်း ရွာတဲ့မိုးက မရွာတော့ဘူး။ မိုးရိပ် တက်လာလိုက်ပြီဆို လေတွေတိုက်တော့ မိုးက လေနဲ့အတူ ပါသွားရော၊ မိုးပျက်သွားတယ်။ မုန်တိုင်းမိုး ကျတော့လည်း ရွာတော့ရွာပါရဲ့၊ ၁၀ – ၁၅ မိနစ်လောက် ရွာပြီးတိတ်သွားရော၊ ရေကလည်း မများဘူး။ သုံးနှစ်အတွင်းမှာ ဒီနှစ် (၂၀၂၀) က မိုးခေါင်မူ အဆိုးဆုံး”ဟု ပြောပါသည်။
ယခင်နှစ်က ရေနည်းနည်းပါးပါးသာကျန်သည့် ကန်များသည် ရေဝင်နည်းပြီး နွေမတိုင်မီ ခန်းသွားကြရ၏။ ရေရှားသည့်အရပ်၌ ရေကန်များ ခန်းခြောက်သွားခြင်းသည် လူတိရစ္ဆာန် သစ်ပင်များ စသည့် ဒေသတွင်းရှိ သက်ရှိသက်မဲ့အားလုံးအတွက် အခက်အခဲများဖြစ်နေသည်။ ဤအခြေအနေ၌ပင် ကိုဗစ်က တစ်ပူပေါ် တစ်ပူဆင့်ဟု ဆိုရမလိုပင် ဖြစ်တော့သည်။
ယခုအခါ ဒီအရပ်ဒေသတွင် နေထိုင်ကြသူအားလုံးလိုလို ဆောင်းတွင်းကာလ၌ပင် ရေအတွက် စိတ်ပူနေကြရပြီ။ ချောက်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာ၌ ၁၉၉၀ ခုနှစ်က တူးဖော်ထားသော မြင်းသောက်ကန်သည်လည်း ခန်းခြောက်စပြုနေပြီ။ ယခင်နှစ်ကလည်း နွေတွင် ရေခန်းခဲ့သည်။ယခင်နှစ်များက ဆောင်းရာသီနှောင်းပိုင်းနှင့် နွေကာလတွင် ရေသယ်ယာဉ်များ၊ ထော်လာဂျီများ၊ အများအပြားဖြင့် စည်ကားခဲ့သည့်ကန် ဖြစ်သည်။ ယခုနှစ်တွင် နွေမရောက်သေး၊ ဆောင်းမှာပင် ရေခန်းနေ၏။ မင်းကန်၊ ဆားတောင်ကန်စသည်တို့မှာလည်း ထို့အတူပင်။ ခြောက်ကပ်တိတ်ဆိတ်နေ၏။

ဤအရပ်ဒေသ၌ မိုးဦးက စိုက်ပျိုးခဲ့သည့် နှမ်းစိုက်ခင်းများ ဒေသတစ်ခုလုံးနီးပါး ပျက်စီးခဲ့သည်။ မိုးခေါင်သည့်ဒဏ် အနည်းငယ်ခံနိုင်သည့် မြေပဲစိုက်ခင်းများ ဖြစ်ထွန်းခဲ့၍ တော်သေးသည်။ သို့ရာတွင် မိုးနှောင်း မြေပဲပင်များ ဥပင်မဥနိုင်၊ အစိုဓာတ်မရတော့ ပျက်စီးကုန်ကြပြီ။ မိုးခေါင်ခြင်းကြောင့် အခြားသော ပဲစင်းငုံ၊ ပဲကြီး၊ ပဲနောက်များ မဖြစ်ထွန်းနိုင်တော့ပေ။ ထိုအပြင် ရေရှားတော့ ပတ်ဝန်းကျင်စိမ်းစိုမှု မရှိသလို နွားစာမြက်တွေလည်း ချောက်ကုန်သည်။ နွားများ မြက်အခြောက် (ပြောင်းရိုး၊ မြေပဲပင်ရိုး)များ စားနေကြရ၏။ အဆိုးဆုံးမှာ ဆူးပုပ်ရွက်၊ ချဉ်ပေါင်၊ ပဲသီး၊ ဘူးသီး၊ ဖရုံသီးစသည့် ရာသီပေါ်သီးနှံများကိုပင် ပေါပေါ များများ မစိုက်နိုင်၊ စိုက်ပျိုးထားသည်များလည်း ပျက်စီးဆုံးရှုံးခြင်းကြောင့် လက်လုပ်လက်စားသမားများ စားဝတ်နေရေး အခက်အခဲ ယခင်ထက်ပိုကြုံကြရတော့သည်။ ရေရှားပါးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများပင်။ အချို့ကျေးရွာများရှိ သောက်သုံးရေကန်မှ ရေများသည်လည်း အဝါရောင် ကန်ရေများဖြစ်သဖြင့် ကျောက်ချဉ်ခပ်၊ အနည်ထိုင်ပြုလုပ်ပြီး ရေကြည်မှ ထမင်းဟင်းချက်ကြရသည်။
ကျွန်တော့၏ ရေမိတ်ဆွေ(စက်ရေတွင်းတူးဆရာ၊ မကွေးတိုင်းနတ်မောက်နယ်သား) ကိုသန်းထိုက်က ပြီးခဲ့တဲ့ သုံးလေးရက်က ကျွန်တော့ ဖေ့ဘုတ်မက်ဆင်ဂျာကနေ သူတို့နယ်၊ ရွာနီးချုပ်စပ်မှာ နွေမရောက်သေးဘူး၊ ကျေးလက်သောက်သုံးရေကန်တွေ၊ တဖက်ရပ်ဆည်တွေလည်း ရေခန်းကုန်ကြောင်းပြောပြခဲ့သည်။
ပန်းမြိုင်လယ်ကဥယျာဉ်မှူး ဇာတ်ကားဖြင့် နာမည်ကျော်ခဲ့သော ချောက်- ရေနံချောင်း- ကျောက်ပန်းတောင်း လမ်းပေါ်ရှိ လမ်းဆုံလမ်းခွ၌ တည်ရှိသော တောင်ဝကန်သည်ပင် ရေခန်းသည့် အခြေအနေကို မကြုံစဖူး ကြုံနေရသည်။
ထန်းပင်ထန်းတောတွေလည်း ကုန်လောက်နီးနေကြောင်း၊ မိုးမရွာ၊ ရွာတဲ့မိုးကလည်း မစို့မပို့ဆိုတော့ စိုက်ပျိုးရေအခက်အခဲတွေ့နေကြရကြောင်း၊ အချို့သောတောင်သူအများစုက စက်ရေတွင်းတူးပြီး သောက်သုံးရေ စိုက်ပျိုးရေအတွက်သင့်တော်သော ရေအရည်အသွေးမရှိသည့် မြေအောက်ရေကို ထုတ်ယူနေကြရကြောင်း အများပြည်သူ အစိုးရမင်းများ သိအောင်၊ ဆောင်းပါးလေးတစ်ပုဒ်ရေးဖို့ တောင်းဆိုလာသည့် အတွက် ရေမိတ်ဆွေတို့၏ ရေခက်အခဲကို တဖက်တလမ်းက ကူညီနိုင်ရေး ဤဆောင်းပါးကို ရေးသားအားဖြည့်ပေးပါ၏။
ဒီအခြေအနေမှာ အစိုးရက ဦးဆောင်ပြီး စက်ယန္တရားများအသုံးပြု၍ သောက်ရေကန်များ ပြန်လည် တူးဖော်သင့်ပါ၏။ သို့သော် မိုးကိုမျှော်နေရသည်။ ရာသီဥတုကလလည်း တစ်နှစ်ထက်တစ်နှစ်ဆိုး၊ မိုးကလည်း မမှန်။ နည်းပညာအရပ်ရပ်အသုံးပြု၍ ရေရရှိရေးလုပ်ဆောင်ကြရဆိုတော့လည်း အရာမထင်။ ယခုနှစ်အညာဒေသရှိ ရေကန်ကြီးများ ဆောင်းဦးအစ၌ပင် ခန်းခြောက်နေကြရခြင်းသည်။ ဆိုးရွား ပြင်းထန်သည့် ရာသီဥတု အပြောင်းအလဲ၏ လက်တွေ့ ပြယုဂ်တစ်ခုပင်ဖြစ်ပေသည်။ ရေအရေး ပေါ့ပေါ့ဆဆဆ မနေကြပါနဲ့။
(၂၂ . ဝ၁ . ၂၀၂၁)