
အမေရိကန်နိုင်ငံ အနောက်ပိုင်း၏ အဓိကမြစ်ဖြစ်သည့် ကော်လိုရာဒိုမြစ်သည် ကီလိုမီတာ ၂၃၀ဝ ကျော် ရှည်ပြီး ရေဝေဒေသသည် ၆၃၀ဝဝဝ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ မြစ်ဖျားခံရာ ရော့ကီးတောင်တန်းများပေါ်မှ စတင်ကာ အနောက်တောင်ဘက်သို့ ဦးတည်၍ ကွေ့ကောက်ဝေ့ဝိုက် စီးဆင်းသည့် ကော်လိုရာဒိုမြစ်၏ ရေဝေဒေသတွင် ဝိုင်အိုးမင်း၊ နဗားဒါး၊ ယူထား၊ ကော်လိုရာဒို၊ ကယ်လီဖိုးနီယား၊ အရီဇိုးနား၊ နယူးမက္ကဆီကို ပြည်နယ်များနှင့် မက္ကဆီကိုနိုင်ငံ၏ အနောက်မြောက်ပိုင်းတို့ ပါဝင်ပြီး နောက်ဆုံး ကယ်လီဖိုးနီးယား ပင်လယ်ကွေ့၊ ကောတက်ဇ်ပင်လယ်ထဲသို့ စီးဝင်သည်။ မြစ်ကြောင်း တလျှောက်တွင် အဓိကမြစ်လက်တက်ကိုးစင်းက ပင်မမြစ်ထဲသို့ စီးဝင်အားဖြည့်သည်။

မြစ်ဖျားခံရာမှ မြစ်အောက်ပိုင်းအထိ ကော်လိုရာဒိုမြစ်ဝှမ်း တစ်ခုလုံးပေါ်သို့ တစ်နှစ်လျှင် ဆီးနှင်းနှင့်မိုး ကုဗကီလိုမီတာ ၂၁၀ ခန့် ရွာကျသည့်အနက် အများစုမှာ မြစ်စတင်စီးဆင်းရာဒေသများ၌ ကျသည့် ဆီးနှင်းများ ဖြစ်ကြသည်။ မြစ်ဝှမ်းအောက်ပိုင်း၌ ပျမ်းမျှမိုးရေချိန် တစ်နှစ် မီလီမီတာ ၄၀ဝ ခန့်သာ ရွာသည်။ ရွာကျသော ဆီးနှင်းနှင့် မိုးရေများအနက် ဆီးနှင်းအဖြစ်မှ လေထဲသို့ တိုက်ရိုက်အငွေ့ပြန်ခြင်း၊ သစ်ပင်များမှ ပင်ငွေ့ပြန်ခြင်း၊ မြေဆီလွှာနှင့် ရေပြင်များပေါ်မှ အငွေ့ပြန်ခြင်း စသည်တို့ကြောင့် ရွာကျသော ဆီးနှင်းနှင့်မိုး စုစုပေါင်း၏ ၁၀ ပုံ ၉ ပုံသည် လေထုထဲ ပြန်ရောက်ပြီး ကျန် ၁၀ ပုံ ၁ ပုံဖြစ်သော ၂၁ ကုဗကီလိုမီတာသာ မြစ်ထဲသို့ စီးဝင်သည်။ မြစ်ရေစီး၏ ၈၅ ရာခိုင်နှုန်းသည် နှင်းဖုံးတောင်တန်းများပေါ်မှ စီးကျလာသော ရေများ ဖြစ်ရာ ကော်လိုရာဒိုမြစ်ဝှမ်း ရေဖူလုံရေးသည် ရော့ကီးတောင်တန်းများပေါ် ကျဆင်းသည့် ဆီးနှင်းပမာဏအပေါ် အဓိကတည်မှီသည်။
ရေစီးနည်းသော်လည်း လူဦးရေ မများသေး၊ ထုတ်ယူသုံးစွဲမှု မများသေးချိန် ၂၀ ရာစုနှစ် အစပိုင်းအထိ မြစ်ရေကို မိမိတို့အလိုရှိသလောက် ထုတ်သုံးနေနိုင်ခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တွင် လူများလာ၊ အသုံးများလာခြင်းနှင့်အတူ မြစ်ရေသုံးသည့် ခုနစ်ပြည်နယ်တို့အကြား အငြင်းပွားလာကြသည်။ အငြင်းပွားခြင်းမှသည် ပဋိပက္ခအထိ ဖြစ်မလာစေရန် အချင်းချင်းညှိနှိုင်းကြပြီး ၁၉၂၂ ခုနှစ်တွင် ကော်လိုရာဒို မြစ်ရေ ခွဲဝေသုံးစွဲရေး စာချုပ်ချုပ်ဆိုကာ မိမိတို့ရသည့် ခွဲတမ်းအတိုင်း ထုတ်ယူသုံးစွဲကြသည်။ ကော်လိုရာဒိုမြစ်၏ ရေဝေဒေသအများစုသည် အဆိုပါ အမေရိကန်ခုနစ်ပြည်နယ်အတွင်း ကျရောက်သော်လည်း ယင်းမြစ်သည် မက္ကဆီကိုနိုင်ငံကို ဖြတ်ပြီးမှ ပင်လယ်ထဲသို့ စီးဝင်သောကြောင့် မက္ကဆီကိုကလည်း ကော်လိုရာဒိုမြစ်ရေကို အချိုးကျရပိုင်ခွင့် ရှိကြောင်း အရေးဆိုသည့်အတွက် ၁၉၄၄ ခုနှစ်တွင် အမေရိကန်နှင့် မက္ကဆီကိုတို့အကြား ကော်လိုရာဒိုမြစ်ရေ ခွဲဝေသုံးစွဲရေးစာချုပ် ချုပ်ဆိုကြသည်။ မြစ်ရေနှင့်ပတ်သက်ပြီး အငြင်းပွားစရာများ ပေါ်လာသည့်အခါ အထက်ပါစာချုပ်များ အပါအဝင် ရေခွဲဝေသုံးစွဲရေးစာချုပ်များကို ကိုးကားခြင်း၊ ယင်းစာချုပ်များကို အခြေအနေအသစ်နှင့် ကိုက်ညီအောင် ပြင်ဆင်ခြင်း စသည်တို့ဖြင့် ငြိမ်းချမ်းစွာ သုံးစွဲလာခဲ့ကြသည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။
ကော်လိုရာဒိုမြစ်ရေကို စိုက်ပျိုးမွေးမြူရေးအတွက် အများဆုံးသုံးသည်။ မြစ်ရေ၏ ထက်ဝက်ကျော်ကို သုံးစွဲသော စိုက်ခင်းနှင့် မွေးမြူရေးလုပ်ငန်း ဧရိယာ ဟက်တာနှစ်သန်းကျော်မှ ရရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၏ ပမာဏမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးဘီလျံနီးပါးမျှ ဖြစ်သည်။ ထို့ပြင် စက်မှုလုပ်ငန်းများနှင့် လူသန်းပေါင်း ၄၀ ခန့်၏ သောက်သုံးရေဇာစ်မြစ် အဖြစ်လည်း အသုံးချသေးသည်။ လောင်းကစားမြို့တော် လာ့စ်ဗေးဂတ်စ်၏ သောက်သုံးရေ ၉၀ ရာခိုင်နှုန်းကို ကော်လိုရာဒိုမြစ်မှ ရယူသည်။ ကိစ္စအဝဝအတွက် ၂၀ဝ၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်ကြားကာလတွင် ကော်လိုရာဒိုမြစ်ရေထုတည် တစ်နှစ်လျှင် ပျမ်းမျှ ၂၄ ကုဗကီလိုမီတာနီးနီး ထုတ်ယူသုံးစွဲခဲ့သည်။
တစ်နှစ်ပျမ်းမျှသုံးစွဲပမာဏ ၂၄ ကုဗကီလိုမီတာသည် မြစ်ထဲသို့ ရောက်သော တစ်နှစ်ပျမ်းမျှ ၂၁ ကုဗကီလိုမီတာထက် များနေရာ ကော်လိုရာဒိုမြစ်ဝှမ်းဒေသသည် ရေသုံးစွဲမှု၌ အနှုတ်ပြခြင်းပင် ဖြစ်သည်။ အဝင်ထက် အထွက်က များမှု နှစ်အတန်ကြာသောအခါ ကော်လိုရာဒိုမြစ်သည် မက္ကဆီကိုနိုင်ငံထဲ အရောက်တွင် ရေစီးပျောက်သွားခဲ့သည်။ ကောတက်ဇ်ပင်လယ်ထဲအထိ မစီးဆင်းနိုင်တော့ချေ။

ယင်းအခြေအနေကို ကျော်လွန်ပြီး မြစ်တစ်စင်းလုံး ဖြည်းဖြည်းချင်း ကောမသွားစေရန် ကူညီပေးခဲ့သည်မှာ ရေဝေဒေသအတွင်းရှိ ရေလှောင်တမံများ ဖြစ်ကြသည်။ ကော်လိုရာဒိုမြစ်မပေါ်ရှိ ရေလှောင်တမံ ၁၅ ခုနှင့် မြစ်လက်တက်များပေါ်ရှိ ရာနှင့်ချီသော ရေလှောင်တမံငယ်တို့တွင် သိုလှောင်ထားသော ရေများကို ထုတ်ယူသုံးစွဲခြင်းဖြင့် ရေဖူလုံစေခဲ့သည်။


ယင်းတို့ထဲတွင် အမေရိကန်နိုင်ငံ၏ အကြီးဆုံး လူလုပ်ရေကန်နှစ်ခု ဖြစ်သည့် မိ(ဒ်)ရေကန်နှင့် ပေါင်းဝဲလ်ရေကန်တို့ ပါဝင်သည်။ အကြီးဆုံးဖြစ်သော မိ(ဒ်)ရေကန်သည် ဟူးဗားရေလှောင်တမံ၏ နောက်တွင် ရှိပြီး ရေကုဗမီတာ ၃၅ သန်းခန့် သိုလှောင်နိုင်သည်။ ဒုတိယ အကြီးဆုံး ဖြစ်သော ပေါင်းဝဲလ်ရေကန်သည် ဂလင်းကင်ညွန်ရေလှောင်တမံ၏ နောက်တွင် ရှိပြီး ရေကုဗမီတာ ၃၃ သန်းခန့် သိုလှောင်နိုင်သည်။ ယင်းရေလှောင်တမံများ အပါအဝင် ကော်လိုရာဒို ရေဝေဒေသ ရေလှောင်တမံများအားလုံးထဲရှိ သိုလှောင်ရေ စုစုပေါင်းမှာ ၇၅ ကုဗကီလိုမီတာခန့် ဖြစ်ရာ ကော်လိုရာဒိုမြစ် တစ်နှစ်ရေစီး၏ လေးဆခန့်ကို သိုလှောင်ထားခြင်း ဖြစ်သည်။
ရေသုံးစွဲမှုက ရေအဝင်ထက် များသည့်အခါတိုင်း ရေလှောင်တမံများထဲမှ ရေများကို ထုတ်သုံးနေခဲ့သော်လည်း အချို့နှစ်များ၌ မြစ်ဖျားခံရာ ရော့ကီးတောင်တန်းတွင် ဆီးနှင်းအကျ များသဖြင့် ရေလှောင်တမံများထဲရှိ ရေပြင် ပြန်မြင့်တက်လာခဲ့သောကြောင့် ရေသိသာစွာ လျော့ကျမသွားခဲ့ချေ။ သို့သော် ၂၀ဝ၀ ပြည့်နှစ်ခန့်မှစ၍ ဒေသတွင်း နှစ်ရှည်မိုးခေါင်လာခြင်းက အခြေအနေကို ပြောင်းလဲပစ်လိုက်သည်။ မိုးခေါင်ခြင်းကြောင့် ရေအဝင်ပိုမိုလျော့နည်းလာသည်။ ၂၀ဝ၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်းတွင် ငါးနှစ်သာ ရေအဝင်အထွက်မျှပြီး ကျန် ၁၆ နှစ်၌ ရေထုတ်သုံးမှုက အဝင်ပမာဏထက် များသဖြင့် ၂၀၂၂ ခုနှစ် အကုန်တွင် မိ(ဒ်)ရေကန်နှင့် ပေါင်းဝဲလ်ရေကန်တို့တွင် သိုလှောင်ပမာဏ၏ လေးပုံတစ်ပုံခန့်စီသာ ကျန်တော့သည်။

မိုးခေါင်ခြင်းကြောင့် သိုလှောင်ရေနည်းလာမှုကို ဒေသတွင်းအပူချိန် တက်လာခြင်းက ထပ်ဆင့် ဆိုးရွားစေသည်။ ၁၈၈၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ကော်လိုရာဒိုရေဝေဒေသတွင် အပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်တက်ခဲ့သည်။ ပိုပူလာခြင်းကြောင့် ၂၀ဝ၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်ကြားတွင် ဒေသတွင်း ရေထုထည် ကုဗကီလိုမီတာ ၄၀ မျှ ဆုံးရှုံးခဲ့သည်ဟု လေ့လာချက်တစ်ရပ်က ဆိုသည်။ ယင်းပမာဏသည် မိ(ဒ်)ရေကန်၏ သိုလှောင်ပမာဏထကပင် များသေးသည်။
၂၀၂၃ ခုနှစ်အတွင်းက ရော့ကီးတောင်တန်း၌ ဆီးနှင်းအကျ များသဖြင့် ၂၀၂၄ ခုနှစ် သြဂုတ်လတွင် မိ(ဒ်)ရေကန်နှင့် ပေါင်းဝဲလ်ရေကန်တို့သည် သိုလှောင်နိုင်သော ပမာဏ၏ ၃၇ ရာခိုင်နှုန်းခန့်အထိ ပြန်ပြည့်လာသော်လည်း ရေရှည်၌ ကော်လိုရာဒိုမြစ်ရေစီးသည် ပိုမိုလျော့နည်းလာမည်ဟု ခန့်မှန်းထားသည်။ ရေအားလျှပ်စစ်ထုတ်လုပ်မှု သိသာစွာ နည်းသွားနိုင်သည့် အလားအလာရှိနေသည်။ ယင်းအခြေအနေကို ရှောင်လွှဲနိုင်ရန် မြစ်ရေကို လျှော့ချသုံးစွဲခြင်းသည် အကောင်းဆုံးနည်း ဖြစ်သည့်အတွက် အမေရိကန် ပြည်ထောင်စုအစိုးရ၊ ကော်လိုရာဒိုရေဝေဒေသပြည်နယ်အစိုးရများနှင့် ဒေသခံ တိုင်းရင်းသားများသည် ကော်လိုရာဒို အောက်ပိုင်းရေဝေဒေသ ရေထိန်းသိမ်းရေးကို လုပ်ဆောင်ရန် ၂၀၂၄ ခုနှစ် မတ်လက သဘောတူခဲ့ကြသည်။ ယင်းသဘောတူညီချက်အရ ဆိုင်ရာပြည်နယ်များသည် မိမိတို့ရရှိထုတ်ယူနေသော ကော်လိုရာဒိုမြစ်ရေပမာဏကို လျှော့ချထုတ်ယူမည်၊ ယင်းသို့ရေလျှော့ချထုတ်ယူနိုင်ရန် ပြည်ထောင်စု အစိုးရက အကူအညီပေးမည်။ ရေအသုံးချွေတာခြင်း၊ စွန့်ပစ်ရေသန့်စင်အသုံးချခြင်း၊ မြေအောက်ရေ အသုံးချခြင်း၊ မိုးရေခံစနစ်များ ပိုမိုတပ်ဆင်ခြင်း စသည့် နည်းလမ်းများဖြင့် ၂၀၂၆ ခုနှစ်အရောက်၌ ကော်လိုရာဒိုမြစ်ရေ လေးကုဗမီတာနီးနီး ချွေတာပြီးသား ဖြစ်စေရန် လုပ်ဆောင်ကြမည်။
ဒေသတွင်းမိုးခေါင်ခြင်းအပါအဝင် ရာသီဥတုအခြေအနေများကို အစိုးမရသော်လည်း ကော်လိုရာဒိုရေဝေဒေသကို ကောင်းမွန်ထိရောက်သော ရေဘက်ဆိုင်ရာ စီမံခန့်ခွဲရေးနည်းလမ်းများဖြင့် ထိန်းသိမ်းလာခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော် ကြာခဲ့ပြီဖြစ်ရာ အဆိုပါအတွေ့အကြုံများကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်အသုံးချမည် ဖြစ်၍ ကိုလိုရာဒိုမြစ်၏ အနာဂတ်အတွက် များစွာစိုးရိမ်ရန် မလိုဟု ယူဆရသည်။ လူဦးရေများလာ၊ ရေအသုံးများလာ၊ ရေထုညစ်ညမ်းလာသည်သာမက ရာသီဥတုပြောင်းလဲခြင်းကြောင့် မြစ်အများအပြား၌ ရေကောင်းရေသန့် နည်းပါးလာနေခြင်းနှင့် ရင်ဆိုင်နေရသည့် အခြေအနေတွင် ကော်လိုရာဒိုမြစ်ရေကို စီမံခန့်ခွဲမှုဖြင့် မခန်းခြောက်စေရန် အားထုတ်ခြင်းကို အခြားနိုင်ငံများက လေ့လာအတုယူဖို့ ကောင်းလှသည်။
3 thoughts on “အတုယူသင့်သော ကော်လိုရာဒိုမြစ် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု”