မြစ်ချောင်းဖျား တောင်တန်းများဆီတွင် မိုးတိမ်များ မှောင်မည်းညို့မှိုင်းလာပါက သိပ်မကြာမီတွင် မြစ်ရေချောင်းရေများ တရိပ်ရိပ်တက်လာတော့မည့် လက္ခဏာဖြစ်သည်ဟု အဆိုရှိပါသည်။ ယခုအခါတွင် အယ်လ်နီညိုနှင့် လာနီညာကဲ့သို့သော အစွန်းရောက် ရာသီဉတု ပြောင်းလဲမှုများကြောင့် စံချိန်တင်မိုးများ ရွာသွန်းခြင်း၊ အချိန်အခါမဟုတ် မိုးများ ရွာသွန်းခြင်းကဲ့သို့ ခန့်မှန်းရခက်သည့် မိုးလေဝသအခြေအနေများ တွေ့ကြုံလာရသည်။ တောင်ဖျားဆီတွင် လိုအပ်သည်ထက် ပိုသော မိုးညို့ညို့များ တစ်နှစ်ပြီးတစ်နှစ် တွေ့ကြုံလာနေကြရပါသည်။
ထိုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည့် အခါ ရေလှောင်တမံများရှိ ရေပိုလွှဲများမှ ရေများဖောက်ချ၍ ရေကြီးရသည်ဟု အချို့က နားလည်မှု လွဲတတ်ကြပါသည်။ ရေလှောင်တမံများ၏ ရေပိုလွှဲမှရေများ ကျော်ကျနေခြင်းသည် ရေကြီးမှုအတွက် စိုးရိမ်စရာဖြစ်သည်ဟုလည်း တွေးထင်မိတတ်ကြပါသည်။ မိမိကိုယ်တိုင်လည်း ရေလှောင်တမံ ရေပိုလွှဲများအကြောင်း သေချာစွာ မသိရှိရသေးခင်က ထိုသို့တွေးထင်ခဲ့ဖူးသည်ဖြစ်ရာ ဤဆောင်းပါးတွင် ရေပိုလွှဲများ၏ လုပ်ငန်းဆောင်တာ၊ အသုံးဝင်အကျိုးပြုမှုနှင့် ရေပိုလွှဲမှ ဒီဇိုင်းရေထုစီးနှုန်းအထိ ရေကျော်ခြင်းသည် စိုးရိမ်စရာ အခြေအနေတစ်ခု မဟုတ်ပါကြောင်း နားလည်သိရှိသမျှ မျှဝေဖော်ပြပေးလိုပါသည်။
ရေလှောင်တမံဆိုသည်မှာ
ရေလှောင်တမံဆိုသည်မှာ မိုးရာသီတွင် မြစ်ချောင်းများမှတဆင့် ပင်လယ်အတွင်းသို့ အကျိုးမဲ့စီးဆင်းသွားမည့် မိုးရေများအား စိုက်ပျိုးရေပေးဝေရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ မြို့ရွာများ သောက်သုံးရေဖူလုံစေရေး၊ ဒေသတစ်ခွင် စိမ်းလန်းစိုပြေရေးတို့အတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရန် လိုအပ်သည့်ပမာဏအား စနစ်တကျ တွက်ချက်သိုလှောင်ထားသော ရေအား အဆောက်အအုံများဖြစ်ပါသည်။ စိုက်ပျိုးရေးကို အခြေခံတည်ဆောက်ထားသော မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်နိုင်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရေလှောင်တမံများ၏ အကျိုးပြုမှုသည် များစွာ အရေးပါပါသည်။

ရေလှောင်တမံများ တည်ဆောက်ထားခြင်းကြောင့် ရေဆင်းဧရိယာမှ စီးဆင်းလာသော ချောင်းရေများအား တမံ၏ သိုလှောင်ပမာဏအထိ ထိန်းသိမ်းထားနိုင်ပြီးမှ တဖြည်းဖြည်း ထိန်းညှိရေလွှတ်နိုင်မှုကြောင့် တမံအောက်ဘက်ဒေသများတွင် ရေကြီးနစ်မြုပ်ခြင်း လျော့ပါးစေရန် များစွာ အထောက်အကူပြုနိုင်ပါသည်။ သိုလှောင်နိုင်သည့်ပမာဏထက် ကျော်သည့်ရေများမှာလည်း တမံရေဝပ်ဧရိယာသို့ စုဝင်ပျံ့နှံ့ရစ်ခွေပြီးမှ ရေပိုလွှဲအား ကျော်ကျစီးဆင်းရသဖြင့် ရေစီးအလျင် လျော့နည်းသွားနိုင်ပါသည်။ တမံအောက်ဘက် ဒေသများသို့ ရေရောက်ရှိရန် စီးဆင်းရချိန်လည်း ကြာမြင့်သွားမည်ဖြစ်သောကြောင့် ရေဘေးအန္တရာယ်အတွက် အချိန်ယူကြိုတင်ပြင်ဆင်နိုင်ပါသည်။ ယနေ့ခေတ်တွင် ရာသီဉတုပြောင်းလဲမှုကြောင့် ရေကြီးခြင်းများအား ကမ္ဘာတစ်ဝန်း ခံစားနေကြရရာ တမံများအား စိုက်ပျိုးရေးနှင့် ရေအားလျှပ်စစ်အတွက်သာမက ရေဘေး ကာကွယ်ရေးအတွက် ရေထိန်းတမံများအဖြစ်လည်း ကျယ်ပြန့်စွာ အသုံးပြုလာကြပါသည်။ မြန်မာနိုင်ငံရှိ ရေလှောင်တမံများသည်လည်း ရေထိန်းတမံများအဖြစ် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့အကျိုးပြုလျက် ရှိပါသည်။
ရေလှောင်တမံ၏ အစိတ်အပိုင်းများ

ရေလှောင်တမံတွင် အဓိကအစိတ်အပိုင်း (၃) မျိုး ပါဝင်ပါသည်။ တမံကိုယ်ထည် (Dam Body)၊ ရေပိုလွှဲ (Spillway) နှင့် ရေထုတ်ပြွန် (Conduit) တို့ဖြစ်ပါသည်။
တမံကိုယ်ထည်အမြင့်အား သတ်မှတ်ရာတွင် ထိုဒေသ၏ စီးဝင်ရေပမာဏ (Inflow)၊ ရေဝပ်ဧရိယာ၏ ရေသိုလှောင်နိုင်မှု (Area-Capacity) နှင့် အနည်ကျနှုန်း (Sedimentation Rate) များပေါ် မူတည်၍ မိမိ အသုံးပြုလိုသော ရေပမာဏအား သိုလှောင်နိုင်မည့်အနက် (Full Tank Level) အပေါ်တွင် လှိုင်းဒဏ်ခံနိုင်သော ရေလွတ်အမြင့် (Free Board) ထည့်ပေါင်း၍ တမံအမြင့်အား သတ်မှတ်ပါသည်။
သိုလှောင်ထားသည့် အသုံးပြုမည့်ရေများအား တမံကိုယ်ထည်၌ ထည့်သွင်း တည်ဆောက်ထားသော ရေထုတ်ပြွန် (Conduit) မှတစ်ဆင့် ဆည်ရေပေးမြောင်းများအတွင်းသို့ ထုတ်လွှတ် အသုံးပြုနိုင်ပါသည်။ ရေထုတ်ပြွန်အား ရေထိန်းမျှော်စင် (Control Tower) မှ ဂိတ်တံခါး ဖြင့် လိုအပ်သလို ထိန်းချုပ်ဖွင့်ပိတ်နိုင်ပါသည်။ ထို့ကြောင့် ရေထုတ်ပြွန်သည် ရေလှောင်တမံ၏ ထိန်းချုပ်ဖွင့်ပိတ်နိုင်သော ရေအားအဆောက်အအုံဖြစ်ပြီး ၎င်းအားလည်း စိုက်ပျိုးရေပေးဝေရန် အတွက်သာ ထိန်းချုပ်အသုံးပြုလေ့ရှိပါသည်။
ရေလှောင်တမံ တည်ဆောက်ရာတွင် ရေဆင်းဧရိယာတစ်ခုလုံးမှ စီးဝင်ရေအားလုံး အား တမံအတွင်း ထိန်းချုပ်သိုလှောင်မည်ဆိုပါက ကြီးမားသော တမံအရွယ်အစားအတွက် ကုန်ကျစရိတ် များပြားခြင်း၊ အောက်ဘက်မြစ်ချောင်းများအတွင်းသို့ ရေစီးဆင်းမှု ရပ်တန့်သွားမည် ဖြစ်သဖြင့် မြစ်၏ဂေဟစနစ်ပျက်စီးလာခြင်းများ ဖြစ်ပေါ်လာနိုင်သောကြောင့် ရေပေးဝေမည့် စိုက်ပျိုးဧရိယာ (သို့မဟုတ်) ရေအားလျှပ်စစ် ထုတ်လုပ်မှုအတွက် လိုအပ်သော ရေပမာဏအချို့အား ထိန်းသိမ်း သိုလှောင်ရန်သာ တည်ဆောက်လေ့ရှိကြပါသည်။
ဤသို့ တမံအတွင်းသို့ စီးဝင်ရေများအနက် အချို့ကိုသာ အသုံးပြုရန် သိုလှောင်ထား နိုင်သည်ဖြစ်သောကြောင့် ထိုလိုအပ်သော ပမာဏထက် ပိုသောရေများ ဖြတ်သန်းစီးဆင်းသွားနိုင်စေရန် ရေအားအဆောက်အအုံတစ်ခု တမံကိုယ်ထည်တွင် တပ်ဆင်ရန် လိုအပ်လာပါသည်။ ထို ရေအား အဆောက်အအုံမှာ ရေပိုလွှဲ ဖြစ်ပါသည်။
”ရေလှောင်တမံ / ရေပိုလွှဲများသာ မရှိပါက ရေစီးဆင်းမှုသည် ပမာဏ များစွာ ပိုမိုပြင်းထန်မည်ဖြစ်ပါသည်။ ”
ရေပိုလွှဲဆိုသည်မှာ
ရေပိုလွှဲအကြောင်း အနက်ဖွင့်ဆိုရာတွင်၂၀၁၅ခုနှစ် ဩဂုတ်လ ၁ရက် ကြေးမုံသတင်းစာတွင် ဆရာဘုန်းတင်လှိုင် ရေးသားခဲ့သော “ရေပိုလွှဲဆိုသည်မှာ ရေဖောက်ချရသည့်အရာ မဟုတ်ဘဲ ကန်ရေပြည့် သိုလှောင်ပမာဏထက် ကျော်လွန်ပြီး စီးဝင်လာသောရေများ မူလမြစ်/ချောင်းများထဲသို့ စီးထွက်သွားစေရန် ထည့်သွင်းတည်ဆောက်ထားသော ရေအားအဆောက်အအုံဖြစ်သည်” ဟူသော ရေးသားချက်အား ပြန်လည်မျှဝေချင်ပါသည်။ တစ်နည်းအားဖြင့် လိုအပ်သည်ထက် ပိုလျှံသော ရေပိုများ ကျော်ကျစီးဆင်းရန်အတွက် အထူးဒီဇိုင်းပြု တည်ဆောက်ထားရသော ရေအား အဆောက် အအုံ ဖြစ်ပါသည်။ ထို့ကြောင့် ရေပိုလွှဲမှ ဒီဇိုင်းရေထုစီးနှုန်းအထိ ရေကျော်ကျနေခြင်းသည် ရေပိုလွှဲ၏ မဖြစ်မနေ ထမ်းဆောင်ရမည့် မူလတာဝန်သာဖြစ်ပြီး ထူးကဲစွာ စိုးရိမ်ရန် မလိုအပ်သော ဖြစ်စဉ် တစ်ခုသာ ဖြစ်ပါသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ရေလှောင်တမံအများစု၏ ရေပိုလွှဲများသည် ကန်ရေပြည့်မှတ် မရောက်ရှိမီတွင် ဖွင့်ချနိုင်သော ရေတံခါးများ တပ်ဆင်ထားခြင်းမရှိဘဲ ကန်ရေပြည့်မှတ်အထိ ရေအပြည့်သိုလှောင်၍ ထို့ထက်များပြားလာမှသာ သဘာဝအတိုင်း ကျော်ကျစီးဆင်းသွားစေရန် ဒီဇိုင်းရေးဆွဲထားကြခြင်းဖြစ်ပါသည်။ အနည်းစုရေပိုလွှဲများရှိ ရေပိုမိုလှောင်နိုင်ရန် တပ်ဆင် ထားသည့် ဂိတ်တံခါးများအားလည်း စီးဝင်ရေအား ချင့်ချိန်၍ စနစ်တကျ တွက်ချက် ဖွင့်ပိတ်ကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ချောင်းအထက်ပိုင်းတွင် မိုးများ၍ ရေပိုလွှဲမှ ရေကျော်ကျနေခြင်းသည် ဖောက်ချဖန်တီးနိုင်သော (သို့မဟုတ်) တားဆီးပိတ်ပင်နိုင်သော ဖြစ်စဉ်မျိုး မဟုတ်ဘဲ ရေပိုလွှဲ၏ သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပါသည်။ ရေလှောင်တမံ/ရေပိုလွှဲများသာ မရှိပါက ရေစီးဆင်းမှုသည် ပမာဏ များစွာ ပိုမိုပြင်းထန်မည်ဖြစ်ပါသည်။
ရေပိုလွှဲတစ်ခု အလုပ်လုပ်ပုံ သရုပ်ပြ ဗီဒီယို ရှုစားရန်
ရေပိုလွှဲမှ ရေကျော်ခြင်း၏ အကျိုးများ
ရေများ ရေတံခွန်ကဲ့သို့ ကျော်ကျဖြာထွက် စီးဆင်းနေသော ရေပိုလွှဲတစ်ခု၏ အလှအပ သည် ရေလှောင်တမံတစ်ခု၏ အပေါ်လွင်ဆုံး၊ စိတ်ဝင်စားဖွယ် အကောင်းဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ဖွယ် ရှိပါသည်။ ရေပိုလွှဲသည် တမံကိုယ်ထည်ခိုင်ခံ့မှုအတွက် များစွာအရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။ ရေပိုလွှဲမှ လုံလောက်သော ရေကျော်ကျ စီးဆင်းမှုမရှိပါက သိုလှောင်ပမာဏထက် ကျော်လွန်လာသောရေများသည် တမံထိပ်မှ ကျော်ကျခြင်း (Overtopping) အား ဖြစ်စေနိုင်ပြီး တမံကိုယ်ထည်ကြံ့ခိုင်မှုအား ထိခိုက်စေမည်ဖြစ်ပါသည်။
ရေပိုလွှဲမှ ရေကျော်ကျခြင်းသည် အောက်ဘက်မြစ်ချောင်းများ၏ သဘာဝအတိုင်း ရေစီးဆင်းမှုအား ဖြစ်ပေါ်စေသောကြောင့် ထိုမြစ်ချောင်းတို့၏ မူလသွင်ပြင်ပုံစံနှင့် ရေစီးဆင်းမှု အခြေအနေအား များစွာအထောက်အပံ့ပေးပါသည်။ မြစ်ချောင်းများ၏ သက်စောင့်ရေ (Ecological Flow) အားလည်း ဖန်တီးပေးပါသည်။ သက်စောင့်ရေဆိုသည်မှာ မြစ်ချောင်းများအတွင်းနှင့် မြစ်ချောင်းများ အနီးရှိ သစ်ပင်ပန်းမန်နှင့် ရေနေသတ္တဝါတို့၏ သဘာဝရှင်သန်နေထိုင်မှုဖြစ်စဉ် အတွက် မရှိမဖြစ်လိုအပ်သော အခြေခံသဘာဝရေစီးဆင်းမှုဖြစ်ပါသည်။
အခြားအကျိုးကျေးဇူးတစ်ခုမှာ ရေလှောင်တမံ အထက်ပိုင်းမှ ရေနေသတ္တဝါများသည် ရေပိုလွှဲမှ ရေကျော်ကျစီးဆင်းခြင်းနှင့်အတူ ရေလှောင်တမံအောက်ဘက်မြစ်ချောင်းများအတွင်းသို့ လွတ်လပ်စွာ ပျံ့နှံ့ရောက်ရှိနေထိုင်ကြီးပြင်းနိုင်ကြခြင်းဖြစ်ပါသည်။ ငါးကဲ့သို့သော ရေနေသတ္တဝါများသည် တမံကိုယ်ထည်အောက်ခြေ ရေထုတ်ပြွန်မှ ဖြတ်သန်းနိုင်သည်ဆိုသော်လည်း တွေ့ရှိချက်များအရ တမံအောက်ခြေရေထု၏ အပူချိန်လျော့ကျမှုနှင့် အောက်စီဂျင်နည်းပါးစွာပါဝင်မှုကြောင့် ရေပိုလွှဲမှစီးဆင်းရေနှင့်အတူသာ ပိုမိုရွှေ့ပြောင်းသွားလာကြကြောင်း သိရှိရပါသည်။
ရေပိုလွှဲများ၏ ခိုင်ခံ့မှု အခြေအနေ
မြန်မာ့ဆည်တာတမံ တည်ဆောက်မှုသမိုင်းသည် ရှေးမြန်မာမင်းများလက်ထက် လယ်တွင်းကိုးခရိုင်မှ အစပြု၍ ကိုလိုနီခေတ်ကို ဖြတ်ကျော်ကာ ယခုလက်ရှိကာလအထိ ရှည်လျား တည်တံ့ခဲ့ပါသည်။ ရေအားအဆောက်အအုံများ တည်ဆောက်မှုနှင့် ရေအသုံးချမှုနည်းပညာများတွင် လည်း တိုးတက်ဖွံ့ဖြိုးစေရန် အစဉ်အားထုတ် ဆောင်ရွက်လျက်ရှိပါသည်။ ရှေးနှစ်များစွာကပင်စ၍ ပဲခူး-စစ်တောင်း တူးမြောင်း၊ တွံတေးတူးမြောင်းကဲ့သို့ ရေအသုံးချသွားလာမှု လမ်းကြောင်းသစ်များ၊ မိုးဗြဲ၊ မြစ်ကျိုးနှင့် တာဝကဲ့သို့သော လှေဝင်လှေထွက်လမ်းကြောင်း (Navigation Locks) များ၊ များစွာသော ရေလှောင်တမံများအား တည်ဆောက်ထိန်းသိမ်း အသုံးပြုလျက်ရှိပါသည်။ ရေလှောင် တမံနှင့် ရေပိုလွှဲများတည်ဆောက်ရာတွင် စနစ်တကျ စူးစမ်းလေ့လာမှုများဆောင်ရွက်၍ ကျွမ်းကျင် နည်းပညာရှင်များနှင့်တွက်ချက်ဆောင်ရွက်လျက်ရှိပါသည်။
ရေလှောင်တမံနှင့် ရေပိုလွှဲများ တည်ဆောက်ရာတွင် ထိုဒေသ၏ မိုးလေဝသနှင့် ရာသီဥတုအခြေအနေ၊ ရေကြီးမှုသမိုင်းပေါ်မူတည်၍ ဇလဗေဒပညာရှင်များ တွက်ချက်ရရှိသော ဒီဇိုင်းရေထုစီးနှုန်း အချက်အလက်များ၊ အောက်ခံမြေအမျိုးအစားများ၊ ငလျင်ပြင်းအား စသည့် အချက်အလက်များအား စုစည်း၍ ခေတ်မီ နည်းပညာဆော့ဖ်ဝဲများ အသုံးပြု တွက်ချက် တည်ဆောက်ထားကြပါသည်။
ရေပိုလွှဲမှ ရေကျော်ခြင်းအား သတိပေးမှုများ
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် ရေပိုလွှဲမှ ရေစတင် ကျော်သည်နှင့် အလံအစိမ်းရောင်၊ ဒီဇိုင်းရေထုစီးနှုန်းအထိ ရေကျော်ပါက အလံအဝါရောင်၊ ဒီဇိုင်းရေထုစီးနှုန်းအထက် ရေကျော်ပါက အလံအနီရောင် စသည်ဖြင့် ရေပိုလွှဲထိပ်နှင့် ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် အလံစိုက်ထူ၍ အများပြည်သူများအား အသိပေးလေ့ရှိပါသည်။ ဤသို့ အလံများစိုက်ထူရာတွင် ရေပိုလွှဲမှ ဒီဇိုင်းရေထုစီးနှုန်းအထက်အထိ ရေကျော်ကျလာခြင်း သည်သာ စောင့်ကြည့်ရမည့် စိုးရိမ်သင့်သောအခြေအနေဖြစ်ပြီး ကျန်အခြေအနေများတွင် ရေပိုလွှဲမှ ရေကျော်ကျခြင်းသည် များစွာ စိုးရိမ်ဖွယ်အခြေအနေမဟုတ်ပါ။ ဒီဇိုင်းရေထုစီးနှုန်းအထက်အထိ ရေကျော်ကျလာသည့်အခြေအနေတွင်မူ မိမိဒေသ၏ လက်တွေ့ဖြစ်ပေါ်နေသော ရေဘေးအန္တရာယ် နှင့်လိုက်လျောညီထွေသည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ အချိန်မီဆောင်ရွက်ရမည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးရှိ အချို့ရေလှောင်တမံများ၌ ထူးကဲမိုးများ ရွာသွန်းသော ကြောင့် ဒီဇိုင်းရေထုစီးနှုန်းထက် ရေများစွာ ကျော်ကျခဲ့သော ဖြစ်စဉ်များတွင်မူ ရေပိုလွှဲများသည် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ပါသည်။
ထို့ကြောင့် အချုပ်အားဖြင့် ရေပိုလွှဲဟူသည်မှာ ရေများကျော်ကျရန် တကူးတက ဒီဇိုင်း ရေးဆွဲ တည်ဆောက်ထားရသည့် ရေအားအဆောက်အအုံဖြစ်၍ ရေပိုလွှဲမှရေကျော်ကျြခင်းသည် ၎င်း၏မူလတာဝန်အား ရိုးစင်းစွာ ထမ်းဆောင်နေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ရေတံခွန်ကဲ့သို့ ရေများ ဖြာကျစီးဆင်းနေသော ရေပိုလွှဲများတွေ့ရှိပါက စိုးရိမ်စရာအခြေအနေဟု မယူဆသင့်ပါကြောင်း၊ ရေကျော်ကျနေသော ရေပိုလွှဲများသည် ရေလှောင်တမံခိုင်ခံ့မှုနှင့် သဘာဝပတ်ဝန်းကျင် အတွက် သွယ်ဝိုက် အကျိုးပြုလျက် ရှိနေပါကြောင်း နှင့် ရေပိုလွှဲများသည် တောင်ဖျားဆီမှ မိုးညို့ညို့အား တတ်စွမ်းသမျှ အံတုခုခံလျက်ရှိပါကြောင်း သိရှိသမျှ မျှဝေရေးသားအပ်ပါသည်။
ကိုးကား- ဆည်မြောင်းဉီးစီးဌာနမှ ၂၀၁၅ခုနှစ် ဩဂုတ်လ ၁ရက် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည့် ဆရာ ဘုန်းတင်လှိုင်ရေးသားသော “ရေပိုလွှဲဆိုသည်မှာ..” ဆောင်းပါး
(ကြေးမုံသတင်းစာ၊ ၂၀၂၄ စက်တင်ဘာ ၂၄)
ဆက်စပ်လေ့လာရန် ရေလှောင်တမံနှင့် အများပြည်သူ၏ အမြင် ဆောင်းပါး