ကော်ပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှု လေ့လာရေးဌာန၏ ထုတ်ပြန်ချက်

ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း လေ့လာရေး အချက်အလက်များအားလုံး (JRA-3Q, Berkeley Earth, GISTEMPv4, HadCRUT5 and NOAAGlobalTempv5) က ၂၀၂၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၅၀-၁၉၀ဝ အတွင်း ပျမ်းမျှအပူချိန်နှင့်စာလျှင် ၁ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်နှင့် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ကြား မြင့်တက်ခဲ့ကြောင်း ပြသသည်။
၂၀၂၃ ခုနှစ်၏ ရက်များအနက် ထက်ဝက်နီးပါးသည် ၁၈၅၀-၁၉၀ဝ အတွင်း ပျမ်းမျှအပူချိန်နှင့်စာလျှင် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုမိုမြင့်မားခဲ့သည်။
လျှပ်တပြက်ရေကြီးခြင်း၊ မိုးသည်းထန်ခြင်း၊ အပူပိုင်းမုန်တိုင်းများ၊ လေဖိအားနည်း ရပ်ဝန်းများကြောင့် ထိခိုက်ပျက်စီးမှု များပြားသော ရေကြီးရေလျှံခြင်းများ ပေါ်ပေါက်ခဲ့သည်။ ဥပမာ – ၂၀၂၃ ဇန်နဝါရီနှင့် ပတ်လများက ကယ်လီဖိုးနီးယား၊ ၂၀၂၃ ဇူလိုင်က ချီလီတို့တွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံခြင်းများ ဖြစ်သည်။
ကမ္ဘာ့နေရာအချို့တွင်မူ ကာလကြာ မိုးနည်းခြင်းဒဏ်ကို ခံခဲ့ကြရသည်။ ဥပမာ – မက္ကဆီကိုနိုင်ငံ၊ အယ်မဇုန်မြစ်ဝှမ်း၊ ဘရာဇီး ဘိုလစ်ဘီးယား ဥရုဂွေးနိုင်ငံများရှိ ပင်တာနယ်စိုစွတ်ဒေသ (Pantanal wetlands)၊ အာဂျင်တီးနား၊ ဥရုဂွေး၊ အနောက်အာဖရိက။
https://climate.copernicus.eu/global-climate-highlights-2023
အမေရိကန်အမျိုးသားသမုဒ္ဒရာနှင့်လေထုလေ့လာရေးအဖွဲ့ (NOAA)၏ ထုတ်ပြန်ချက်

အဓိကဖန်လုံအိမ်ဓာတ်ငွေ့သုံးမျိုး ဖြစ်ကြသော ကာဘွန်ဒိုင်အောက်ဆိုက်၊ မီသိန်းနှင့် နိုက်ထရပ်စ်အောက်ဆိုက်တို့သည် ၂၀၂၃ ခုနှစ်က စံချိန်တင်မြင့်တက်ခဲ့သည်။ ကာဘွန်ဒိုင်အောက်ဆိုက်သည် ၁၉၆၀ နှစ်များ၏ အစောပိုင်းက တစ်နှစ်လျှင် ဝ ဒသမ ၆ ပီပီအမ်နှုန်း တက်နေခဲ့ရာက ၂၀၁၄ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင် တစ်နှစ်လျှင် ၂ ဒသမ ၅ ပီပီအမ်နှုန်း တက်ခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့မျက်နှာပြင်၏ ပျမ်းမျှအပူချိန်သည် ၁၉၉၁-၂၀၂၀ ပျမ်းမျှထက် ဝ ဒသမ ၅၅ မှ ဝ ဒသမ ၆၀ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုမိုမြင့်မားခဲ့သည်။ ၁၈၀ဝ နှစ်များ မကုန်မီကစ၍ တိုင်းတာချက်များအရ ၂၀၂၃ သည် ပူဆုံးနှစ် ဖြစ်သည်။
၁၉၅၀ နှင့် ၂၀၂၀ အတွင်း လေထုထဲသို့ ပုံမှန်ထက် ပိုမိုဝင်ရောက်ခဲ့သည့် ဖန်လုံအိမ်ဓာတ်ငွေ့များ၏ ၉၀ ရာခိုင်နှုန်းကျော်ကို သမုဒ္ဒရာရေထုက စုပ်ယူသည်။ သမုဒ္ဒရာမျက်နှာပြင်မှ မီတာ ၂၀ဝ၀ အနက်အတွင်း တိုင်းတာရရှိသော ကမ္ဘာ့သမုဒ္ဒရာအပူပမာဏ သည် ၂၀၂၃ ခုနှစ်၌ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။
၂၀၂၃ ခုနှစ် ကမ္ဘာ့ပင်လယ်ရေပြင်အမြင့်သည် ဂြိုဟ်တုများဖြင့် စတင်တိုင်းတာခဲ့သည့် ၁၉၉၃ ခုနှစ် ပျမ်းမျှထက် ၁၀၁ ဒသမ ၄ မီလီမီတာ မြင့်တက်ခဲ့သည်။ ၂၀၂၂ ခုနှစ်ကထက် ၈ ဒသမ ၁ မီလီမီတာ ပိုမိုမြင့်တက်သည်။
အာတိတ်ပင်လယ်ရေခဲပြင်ရှိ စက်တင်ဘာလ ရေခဲပမာဏသည် လွန်ခဲ့သည့် ၄၅ နှစ်အတွင်း ပဉ္စမအနည်းဆုံးသို့ ရောက်ရှိသည်။ အာတိတ်ပင်လယ်ရေခဲပြင်ကို ၂၀၂၃ နွေအခါအတွင်း ဖြတ်သန်း ခုတ်မောင်းခဲ့သော သာမန်သင်္ဘောအရေတွက် ၁၁၇ စင်း ရှိသည်။
အန္တာတိကရေခဲပြင်အကျယ်အဝန်းသည် ၂၀၂၃ ဖေဖော်ဝါရီ ၆ ရက်နေ့က အနည်းဆုံးပမာဏသို့ ရောက်ရှိသည်။