အီဂျစ်နိုင်ငံ၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှု

လူဦးရေ ၁၀၁ သန်း နေထိုင်ကာ နိုင်ငံ အကျယ်အဝန်း ၁၀၀၁၄၄၉ စတုရန်း ကီလိုမီတာ (၂၈၆၆၆၂ စတုရန်းမိုင်) ရှိသော အီဂျစ်နိုင်ငံသည် အာဖရိကတိုက်၏ အရှေ့မြောက်ဘက်တွင် တည်ရှိသည်၊ မြောက်ဘက်တွင် မြေထဲ ပင်လယ်၊ အရှေ့ဘက်တွင် အစ္စရေးနှင့် ပင်လယ်နီ၊ တောင်ဘက်၌ ဆူဒန်နှင့် အနောက်ဘက်၌ လစ်ဗျား နိုင်ငံတို့ ရှိသည်။ အီဂျစ်တွင် ဧပြီလလယ်မှ အောက်တိုဘာလလယ်အထိ နွေရာသီနှင့် အောက်တိုဘာလလယ်မှ ဧပြီလလယ်အထိ ဆောင်းရာသီ၊ ရာသီနှစ်မျိုးသာ ရှိသည်။

အီဂျစ်နိုင်ငံကို မြေမျက်နှာ သွင်ပြင်အားဖြင့် အနောက်ပိုင်း သဲကန္တာရ၊ နိုင်းလ်မြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်၊ အရှေ့ပိုင်း သဲကန္တာရ၊ ဆိုင်နိုင်းကျွန်းဆွယ် ဟူ၍ လေးပိုင်း ခွဲခြားနိုင်သည်။ အနောက်ပိုင်း သဲကန္တာရ ဒေသတွင် မြစ်ချောင်းများ မရှိဘဲ မြေအောက်ရေကြောများ ရှိသည်၊ သို့သော် မြေအောက်ရေ အများစုမှာ လွန်ခဲ့သည့် နှစ်သန်းပေါင်း များစွာက စိမ့်ဝင်နေသော မိုးရေများ ဖြစ်ပြီး ထုတ်ယူ သုံးစွဲလျှင် ပြန်မပြည့်နိုင်သည့် ရေကြောများ ဖြစ်သည်၊ မြေအောက်ရေပြင် မြင့်တက်နေသော နေရာများတွင် အိုအေးစစ်များကို တွေ့ရသည်။ တစ်နိုင်ငံလုံး၌ တစ်နှစ်လျှင် မြေအောက်ရေ အသုံး ကုဗမီတာ ၂ သန်း ဖြစ်ပြီး စုစုပေါင်း ရေအသုံး၏ ၃ ရာခိုင်နှုန်းမျှ ဖြစ်သည်။

အရှေ့ပိုင်း သဲကန္တာရဒေသတွင် မိုးရွာမှ စီးဆင်းသော ချောင်းများ ရှိသည်၊ ဆိုင်နိုင်းကျွန်းဆွယ်တွင် မိုးရွာမှ စီးဆင်းသော ချောင်းများနှင့် အမြဲစီး ချောင်းငယ်များ ရှိသည်။ ဆိုင်နိုင်း ကျွန်းဆွယ် မြောက်ပိုင်းတွင် တစ်နှစ် မိုးရေချိန် ၁၂၅ မီလီမီတာ (ငါးလက်မ) ခန့် ရွာသည်က လွဲ၍ ကျန်တစ်နိုင်ငံလုံးသည် တစ်နှစ် ပျမ်းမျှ မိုးရေချိန် လေးလက်မအောက်သာ ရသောကြောင့် မြစ်ချောင်း နည်းသည်၊ ကိုင်ရိုမြို့တော်၌ မိုး ၂၅ မီလီ မီတာ (တစ်လက်မ)သာ ရွာသည်။ တစ်နိုင်ငံလုံး၌ မိုးရေ (ချောင်းရေ) အသုံး တစ်နှစ်လျှင် ကုဗမီတာ ၁ . ၃ သန်း ဖြစ်ပြီး စုစုပေါင်း ရေအသုံး၏ ၂ ရာခိုင်နှုန်းမျှ ဖြစ်သည်။

နိုင်းလ်မြစ်ရေ

မြေအောက်ရေနှင့် မိုးရေ (ချောင်းရေ) အရနည်းသော်လည်း အီဂျစ်သည် သဘာဝ၏ လက်ဆောင်မွန် အဖြစ် နိုင်းလ်မြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ်ဒေသကို ရရှိပိုင်ဆိုင်ထားသည်။

ကီလိုမီတာ ၆၆၀၀ (မိုင် ၄၁၀၀) ရှည်သော နိုင်းလ်မြစ်သည် အာဖရိက အလယ်ပိုင်း ဝိတိုရိယ ရေအိုင်မှ စတင်စီးဆင်းသည်၊ သို့သော် ဝိတိုရိယ ရေအိုင်တွင်းသို့ မြစ်ချောင်းများစွာ စီးဝင်သဖြင့် နိုင်းလ်သည် ယင်းရေအိုင်မှ မြစ်ဖျားခံသည် ဆိုသောအချက်ကိုမူ အငြင်းပွားကြသည်။ နိုင်းလ်မြစ်၏ အဓိက မြစ်လက်တက်များမှာ မြစ်ညာပိုင်းရှိ ဘလူးနိုင်းလ် (Blue Nile) နှင့် ဝှိုက်နိုင်းလ် (White Nile ) တို့ ဖြစ်ကြသည်။ နိုင်းလ်၏ ရေဝေဒေသသည် အာဖရိက ၁၁ နိုင်ငံတွင် ဖြန့်ကျက်တည်ရှိပြီး နောက်ဆုံး ဆူဒန်နှင့် အီဂျစ်တို့ကို ဖြတ်၍ မြေထဲပင်လယ်တွင်းသို့ စီးဝင်သည်။

ကမ္ဘာ့သမိုင်းတွင် အစောဆုံးနှင့် အထွန်းကားဆုံး ယဉ်ကျေးမှုကြီးများအနက် တစ်ခုဖြစ်သည့် အီဂျစ် ယဉ်ကျေးမှုသည် နိုင်းလ်မြစ်ကို အမှီပြု ပေါ်ပေါက်ခဲ့သကဲ့သို့ ခေတ်သစ် အီဂျစ်နိုင်ငံ၏ မြို့ကြီး အများစုနှင့် စိုက်ခင်းများသည် နိုင်းလ်မြစ်ဝှမ်း တလျှောက်နှင့် မြစ်ဝကျွန်းပေါ်တို့တွင် တည်ရှိသည်။ နိုင်ငံလူဦးရေ၏ ၉၇ ရာခိုင်နှုန်းသည် နိုင်းလ်မြစ်ကြောင်း တလျှောက်နှင့် မြစ်ဝကျွန်းပေါ်တွင် နေထိုင်သည်။

နိုင်းလ်သည် ကမ္ဘာ့အရှည်ဆုံး မြစ်များထဲတွင် ပါသော်လည်း နိုင်းလ်မြစ်၏ ပျမ်းမျှ ရေစီးသည် တစ်ရက်လျှင် ရေထုထည် ကုဗမီတာ သန်း ၃၀၀ (၇၉ ဘီလျံ ဂါလန်) ခန့် (ချင်းတွင်းမြစ်၏ ထက်ဝက်ခန့်မျှ) သာ ရှိသဖြင့် ရေစီးများသော မြစ်ဟု မဆိုနိုင်ချေ။ ယင်းရေကို အဓိက သုံးစွဲသူများမှာ ဆူဒန်နှင့် အီဂျစ်တို့ ဖြစ်ကြသည်။ ရေစီး မများလှသဖြင့် နှစ်နိုင်ငံတို့သည် မြစ်ရေ ခွဲဝေ သုံးစွဲရေး စာချုပ်ချုပ်ဆို၍ သုံးစွဲကြသည်၊ ၁၉၅၉ ခုနှစ်က ချုပ်ဆိုထားသည့် စာချုပ်အရ အီဂျစ်က တစ်နှစ်လျှင် ၅၅ . ၅ ဘီလျံ ကုဗမီတာ၊ ဆူဒန်က ၁၈ . ၅ ဘီလျံ ကုဗမီတာစီသာ အသီးသီး စုပ်ယူ အသုံးချပိုင်ခွင့်ရှိသည်။ အီဂျစ်က ရသော နိုင်းလ်မြစ်ရေ၏ ပမာဏသည် တစ်နိုင်ငံလုံး သုံးစွဲရေပမာဏ၏ ၉၅ ရာခိုင်နှုန်းမျှ ဖြစ်သည်၊ ထို့ကြောင့် နိုင်းလ်သည် အီဂျစ်နိုင်ငံ၏ အသက် သွေးကြော ဖြစ်သည် သာမက နိုင်ငံ့ လုံခြုံရေးအတွက် အဓိက အရေးပါသည့် အရင်းအမြစ်လည်း ဖြစ်သည်။

ရေကာတာများနှင့် အီဂျစ်

အီဂျစ်ရရှိသော ရေခွဲတမ်း တစ်နှစ် ၅၅ . ၅ ဘီလျံ ကုဗမီတာကို အသုံးချရန် ရေကာတာရှိရမည်၊ ရေကာတာ မရှိပါက နိုင်းလ်မြစ်ရေ အများစုသည် မြေထဲပင်လယ်ထဲသို့ စီးဝင် ဆုံးရှုံးသွားမည် ဖြစ်သည့်အတွက် အဆွမ် အမြင့်ရေကာတာ (Aswan High Dam) ကို ဆောက်လုပ်ကာ ၁၉၇၁ ခုနှစ်တွင် စတင် အသုံးပြုခဲ့သည်။

အဆွမ်အမြင့်ရေကာတာ

အဆွမ် အမြင့်ရေကာတာသည် ၁၁၁ မီတာမြင့်ပြီး ၃၈၃၀ မီတာရှည်သည်၊ ရေကာတာ နောက်ရှိ နက်ဆာကန်ကြီး (Lake Nasser) ၌ ရေသိုလှောင် ပမာဏ ၁၃၂ ဘီလျံ ကုဗမီတာ ရှိသည်။ ရေလွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ခြင်း၊ ဆည်ရေသောက် စိုက်ခင်း စတုရန်း ကီလိုမီတာ ၃၃၆၀၀ တို့အတွက် စိုက်ပျိုး သုံးစွဲရန် ရေသိုလှောင် ပေးဝေနိုင်ခြင်း၊ ရေအားလျှပ်စစ် မက်ဂါဝပ် ၂၀၀၀ ထုတ်ပေးခြင်း၊ မြစ်ကြောင်း သွားလာရေး အဆင်ပြေခြင်း စသည်တို့သည် အဆွမ်အမြင့်ရေကာတာကြောင့် ရရှိသော အကျိုးကျေးဇူးများ ဖြစ်သည်၊ နိုင်းလ်မြစ်ကို အမှီပြု၍ အီဂျစ်ယဉ်ကျေးမှုနှင့် အီဂျစ်နိုင်ငံ တည်ရှိသကဲ့သို့ အဆွမ်အမြင့်ရေကာတာကို အမှီပြု၍ အီဂျစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ခဲ့သည်။

အဆွမ် အမြင့် ရေကာတာ၏ အောက်ဘက်ရှိ ၃၆ မီတာ မြင့်သော အဆွမ် အနိမ့် ရေကာတာ (Aswan Low Dam) သည်လည်း သူ့အတိုင်းအတာဖြင့် နိုင်ငံကို အကျိုးပြုနေသည်။

အဆွမ်ရေကာတာအကြောင်း ဗီဒီယို Click here

နိုင်ငံတွင်းရှိ ရေကာတာများသည် အီဂျစ်ကို အကျိုးပြုသော်လည်း နိုင်းလ်၏ လက်တက် တစ်ခု ဖြစ်သော ဘလူးနိုင်းလ်မြစ်ပေါ်၌ ၂၀၁၇ ခုနှစ်က ဆောက်လုပ် ပြီးစီးသည့် အီသီယိုပီးယား ရေကာတာသည်မူ အီဂျစ်နိုင်ငံ ရေဖူလုံမှုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။ Grand Ethiopian Renaissance Dam “ကြီးမြတ်သော အီသီယိုပီးယား ပြန်လည် ရှင်သန်ခြင်း ရေကာတာ”ဟု အမည်ပေးထားသည့်အတိုင်း ယင်းရေကာတာမှ ရမည့် ရေအားလျှပ်စစ် မက်ဂါဝပ် ၅၁၅၀ သည် အီသီယိုပီးယား နိုင်ငံတွင်း သုံးစွဲမှု လုံလောက်မည့်အပြင် ပြည်ပသို့ပင် ထုတ်ရောင်းနိုင်မည်။ သို့သော် ရေကာတာနောက်ရှိ ဆည်ထဲတွင် ရေ ကုဗမီတာ ဘီလျံ ၇၀ ခန့် သိုလှောင်မည် ဖြစ်၍ နိုင်းလ်မြစ် ရေစီးကို ထိခိုက်နိုင်သဖြင့် ယင်းရေကာတာ မတည်ဆောက်မီ ၂၀၁၁ ခုနှစ်ခန့် ကတည်းက အီဂျစ်က အပြင်းအထန် ကန့်ကွက်ခဲ့သည်၊ သို့သော် အီသီယိုပီးယားသည် သူ့နယ်နိမိတ်အတွင်း၌ ဆောက်ခြင်း ဖြစ်၍ ကန့်ကွက်ချက် မအောင်မြင်ချေ။

ပြီးစီးသွားသောဆည်ကို အီသီယိုပီးယားက မြန်မြန်ဖြည့်လျှင် နိုင်းလ်မြစ်ထဲသို့ ရေအဝင်နည်းသွားမည် ဖြစ်၍ အီဂျစ်သည် ဆည်ကြီးကို ဖြည်းဖြည်းချင်းသာ ဖြည့်ရန် အီသီယိုပီးယားကို ဖိအားပေးနေရသည်။ အီဂျစ်က မည်သို့ ဆိုနေစေ၊ ပုံမှန်ရေဖြည့်လျှင်ပင် ငါးနှစ်ခန့်ကြာမည် ဖြစ်၍ အီသီယိုပီးယားက ဆည်ကို ရေ စ ဖြည့်နေပြီ။

တစ်ချိန်၌ ဆည်ကြီး ရေပြည့်သွားသည်အခါ အီဂျစ်အတွက် စိုးရိမ်စရာ နောက်ထပ်တစ်ခု ပေါ်လာဦးမည်၊ ယင်းမှာ ဆည်ရှိ ရေမျက်နှာပြင်မှ ရေငွေ့ပျံ ဆုံးရှုံးမည့် အန္တရာယ် ဖြစ်သည်။ ရေပြည့်သည့်အခါ ပေါ်လာမည့် ဆည်ရေပြင်သည် စတုရန်း ကီလိုမီတာ ၁၉၀၀ ခန့် (စတုရန်းမိုင် ၇၀၀ ကျော်)မျှ ကျယ်ဝန်းပြီး တစ်နှစ်လျှင် ရေ ၁ . ၇ ဘီလျံ ကုဗမီတာ အငွေ့ပျံမည်၊ တစ်နည်း ဆိုရလျှင် ဘလူးနိုင်းလ်မှ နိုင်းလ်ထဲသို့ ဝင်ရောက်နေသော ရေ ၁ . ၇ ဘီလျံ ကုဗမီတာ လျော့နည်းသွားမည် ဖြစ်ရာ အီဂျစ်၏ ရေဖူလုံရေးအတွက် တကယ်လည်း စိုးရိမ်ဖွယ်ရာ ကောင်းသည်။

အခြားရေအရင်းအမြစ်များ

လူဦးရေသန်း ၁၀၀ ကျော်သော အီဂျစ်နိုင်ငံ ယခုထက်ပို၍ အခြေမြင့်လာရေးအတွက် လိုအပ်သော ရေပမာဏမှာ ကုဗမီတာ ဘီလျံပေါင်း ၁၁၀ ခန့် (လက်ရှိရနေသည်ထက် နှစ်ဆခန့်) ဖြစ်သော်လည်း နိုင်းလ်ရေကို တိုး၍ မရနိုင်ဘဲ လျော့၍သာ ရရန် ရှိနေသည်၊ တစ်ချိန်တည်းတွင် ရေသုံးစွဲမှုက မြင့်မားလာသဖြင့် အီဂျစ်သမ္မတ အာလ်စီစီက ၂၀၂၂ နှစ်ဆန်းတွင် အီဂျစ်သည် “အလုံးစုံ ရေရှားပါးသော အခြေအနေ”သို့ ရောက်ကြောင်း တရားဝင် ကြေညာခဲ့သည်။ နိုင်ငံတစ်နိုင်ငံရှိ ပြန်ပြည့်နိုင်သော ရေချို အရင်းအမြစ် ပမာဏသည် လူတစ်ဦးအတွက် ကုဗမီတာ ၁၇၀၀ အောက်၌ ရှိလျှင် ယင်းနိုင်ငံသည် ရေအတွက် ကြောင့်ကြနေရသည် (water stress) ဟု သတ်မှတ်ပြီး လူတစ်ဦးအတွက် ကုဗမီတာ ၁၀၀၀ အောက်သို့ ရောက်လျှင် ရေရှားပါးသော အခြေအနေ (water scarcity)၊ လူတစ်ဦး တစ်နှစ် ကုဗမီတာ ၅၀၀ အောက်သို့ ရောက်သွားပါက အလုံးစုံ ရေရှားပါး (absolute water scarcity) သော အခြေအနေ ဖြစ်သည်။

ယင်းအခက်အခဲကို ကျော်လွှားရန် အီဂျစ်သည် ရသမျှ အခြား ရေအရင်းအမြစ်များကို ကြိုးစား ရှာဖွေ ထုတ်ဖော် ရယူနေသည်။ အီဂျစ်နိုင်ငံ၏ နယ်မြေအများစုတွင် တစ်နှစ် ပျမ်းမျှ မိုးရေချိန် ၈၀ မီလီမီတာ (လေးလက်မ) အောက်သာ ရွာသော်လည်း မိုးရေစုတွင်းများ ၆၀၀၀ ကျော်တူး၍ ရသမျှ ယူနေသည်၊ ထို့ပြင် မြို့ကြီး ၂၂ မြို့တို့တွင် မိုးရေခံစနစ်များ တပ်ဆင်ရန် လေ့လာချက် တစ်ခုကို မကြာမီက ပြုလုပ်ခဲ့သည်၊ ယင်းလေ့လာချက်အရ ယင်းမြို့ကြီးများတွင် မိုးရေကို ခံယူ သုံးစွဲပါက တစ်နှစ်လျှင် မိုးရေအများဆုံး ကုဗမီတာသန်း ၁၄၀ ခန့် ရရှိနိုင်ကြောင်း သိရသည်။

မိုးနည်းသော အီဂျစ်၏ အချို့နေရာများတွင် ရံခါ လျှပ်တစ်ပြက် ရေကြီးရေလျှံတတ်ရာ ယင်းရေကြီးမှုကို ထိန်းရင်း ရှားပါးလှသောရေကိုလည်း လှောင်ထားနိုင်ရန် ရေကာတာများကို ဆောက်လုပ်နေသည်၊ ဥပမာ ဆိုင်နိုင်းကျွန်းဆွယ်တောင်ပိုင်း၌ ၂၀၂၁ ခုနှစ်ကုန်အထိ ရေကာတာ ၄၄ ခု၊ ရေကန် ၂၂၉ ကန်တို့ကို ဆောက်လုပ်ပြီးစီးကြောင်း သိရသည်။

တစ်နှစ် မိုးရေချိန် လေးလက်မခန့်သာ ရသည့် ဆိုင်နိုင်းအလယ်ပိုင်းတွင် ရေကုဗမီတာ တစ်သန်း သိုလှောင်ထားနိုင်သည့် Al-Karam ရေကာတာ

ပင်လယ်ရေငန်မှ ရေချိုချက်စက်ရုံများ တည်ဆောက်ခြင်းကိုလည်း အီဂျစ်က စီစဉ်ထားပြီး ဖြစ်သည်၊ ၂၀၂၅ ခုနှစ်တွင် တစ်ရက် ရေချို ကုဗမီတာ သုံးသန်းအထိ ချက်လုပ်ပေးနိုင်သည့် စက်ရုံများကို ဆောက်လုပ်ရန် ရှိသည်။

အီဂျစ်၏ အခြား ရေအရင်းအမြစ် တစ်ခုမှာ စွန့်ပစ် ရေဆိုးများ ဖြစ်သည်။ အီဂျစ်ပြည် ကိုင်ရိုမြို့မှ နိုင်းလ် မြစ်ဝကျွန်းပေါ်အထိ တည်ရှိသော မြို့ရွာများ စက်မှုလုပ်ငန်းများ စိုက်ခင်းများမှ ထွက်သည့် လူ့မိလ္လာ အပါအဝင် စွန့်ပစ်ရေဆိုးများကို စုစုပေါင်း မိုင် ၁၂၀ ခန့်ရှည်သော ရေနုတ်စနစ်ဖြင့် သယ်ယူကာ မြေထဲပင်လယ် ကမ်းစပ်အနီးရှိ မန်ဇလာရေအိုင်နှင့် မြေထဲပင်လယ်ထဲသို့ စွန့်ပစ်နေခဲ့ရာ ယခုအခါ ယင်းရေဆိုးများကို ပြန်လည် သန့်စင်၍ ဆိုင်နိုင်းကျွန်းဆွယ်ရှိ စိုက်ခင်း ဟက်တာ ၂၀၀၀၀၀ (ဧက ၅၀၀၀၀၀) ခန့်တွင် ပြန်လည် အသုံးချနေသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင် လည်ပတ်သည့် ယင်းရေဆိုးသန့်စင် စက်ရုံသည် တစ်ရက်လျှင် ရေဆိုး ကုဗမီတာ ၅ . ၆ သန်းကို သန့်စင်ပေးနိုင်သဖြင့် ကမ္ဘာ့အကြီးဆုံး ရေဆိုး သန့်စင်စက်ရုံအဖြစ် ဂင်းနက် ကမ္ဘာ့စံချိန် မှတ်တမ်းတွင် စာရင်းပေါက်သွားသည်။ ယင်းစက်ရုံမှ တစ်ရက် သန့်စင်ပေးနေသော ရေပမာဏသည် ရန်ကုန်မြို့သို့ တစ်ရက် ပေးဝေနေသော ရေပမာဏ၏ ခုနစ်ဆကျော်မျှ ဖြစ်သည်။

အကန့်အသတ်နှင့်သာ ရနိုင်သော ရေအရင်းအမြစ်ကို အီဂျစ်တို့၏ ဉာဏ်အား ဝီရိယအားတို့ဖြင့် နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကောင်းဆုံး ဖန်တီး အသုံးချနေသည်မှာ အားကျအတုယူဖွယ် ကောင်းလှသည်။ လွန်ခဲ့သည့်နှစ်က အီဂျစ် စီးပွားရေး ၈ . ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းတွင် ခြောက်သွေ့ဒေသပင် ဖြစ်သော်လည်း ရေကို စီမံခန့်ခွဲမှု ကောင်းကောင်းဖြင့် ရှာဖွေ အသုံးချနိုင်ခြင်းကလည်း အကြောင်းတစ်ရပ်အနေနှင့် ပါဝင်သည်။

ဆက်စပ်လေ့လာရန် အစ္စရေး၏ ရေအရင်းအမြစ် Click here

Key words: အီဂျစ်၊ နိုင်းလ်မြစ်၊ အဆွမ်အမြင့်ရေကာတာ၊ အီသီယိုပီးယားရေကာတာ

ကိုးကား –
၁ – Egypt (www.britannica.com)
၂ – Importance of Aswan High Dam to Egypt (www.springerprofessional.de)
၃ – Water resources management in Egypt (en.wikipedia.org)
၄ – Sinai dams retain 6 million cubic meters of rainwater in October (www.egypttoday.com)
၅ – Egypt inaugurates water plants in Sinai amid development plans (www.al-monitor.com)
၆ – Egypt officially enters state water poverty (www.al-monitor.com)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s