
ရာသီဥတုပြောင်းလဲလာရခြင်း၏အကြောင်းရင်းသည် ကမ္ဘာ့ကြီးပူနွေးလာခြင်းကြောင့်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အပူချိန်တက်လာသောအခါ ခန္ဓာ၏ဇီဝကမ္မစနစ်ကိုထိခိုက်ပြီး အစားအသောက်ပျက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းစသည်တို့ဖြစ်လာသကဲ့သို့ လူတို့မှီတင်းနေထိုင်ရာ ကမ္ဘာကြီးတွင်လည်း အပူချိန်တက်လာ၊ ပူနွေးလာသောအခါ ရေကြီး မိုးခေါင် ပင်လယ်ရေပြင်မြင့်တက် စသည့် ရာသီဥတုပြောင်းလဲမှုလက္ခဏာများ ပေါ်ပေါက်သည်။
ကမ္ဘာကြီးပူနွေးလာခြင်း၏အကြောင်းကို ဆက်၍လေ့လာလျှင် လူတို့က ရုပ်ကြွင်းလောင်စာများကို လောင်မြှိုက်ခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို လေထုတွင်းသွတ်သွင်းကြခြင်းဟူသော ဖြစ်စဉ်ကိုတွေ့ရမည်။
လူတို့သည် မိမိတို့၏ခွန်အားကိုအသုံးချ၍လည်းကောင်း၊ တိရစ္ဆာန်များကို ခိုင်းစေ၍လည်းကောင်း အသက်မွေးခဲ့ကြရာမှ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ ခန့်(၁၇၆၀ ပြည့်နှစ်ခန့်)မှ စ၍ စက်ကိရိယာများကို တီထွင်အသုံးချခြင်းဖြင့် မိမိတို့၏လူနေမှုဘဝကို အရှိန်အဟုန်နှင့်မြှင့်တင်ခဲ့ကြသည်။ အဆိုပါဖြစ်စဉ်ကို ‘ပထမစက်မှုတော်လှန်ရေး’ဟုခေါ်သည်။
ယင်းစက်ကိရိယာများကို လည်ပတ်မောင်းနှင်ရန် လိုအပ်သောစွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာများ ဖြစ်ကြသော ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့ကို အသုံးပြုလောင်မြိုက်ကြသည်။ ထိုသို့လောင်မြိုက်ရာမှ ဘေးထွက်ပစ္စည်းအဖြစ် ကာဘွန်ဒိုင်အောက်ဆိုက် ထွက်ပေါ်လာကာ လေထုတွင်းရောက်ရှိသည်။ ကာဘွန်ဒိုင်အောက်ဆိုက်သည် မူလကပင် လေထုတွင်းရှိနှင့်နေပြီးသောဓာတ်ငွေ့ဖြစ်ကာ ကမ္ဘာကို အလောတော်အပူချိန်၌ နွေးထွေးစေခြင်းဖြင့် အကျိုးပြုနေသည်။ သို့သော် လူတို့၏ ပယောဂကြောင့် ယင်းဓာတ်များ လေထုတွင်းထပ်ဝင်လာသောအခါ ရှိသင့်သည့်ပမာဏထက် ပိုလာသဖြင့် ကမ္ဘာ့အပူချိန် တက်လာရသည်။
လေထုတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ပမာဏကို တိုင်းတာရာ၌ ပီပီအမ်(parts per million – ppm) ယူနစ်ကို သုံးသည်။ ပီပီအမ်သည် လေထု ထုထည် အပုံ ၁ သန်းတွင် ပါဝင်သော ကာဘွန်ဒိုင်အောက်ဆိုက်အပုံကို ဖော်ပြသော ယူနစ် ဖြစ်သည်။
တိုင်းတာချက်များအရ စက်မှုတော်လှန်ရေးစတင်သည့် ၁၇၆၀ ပြည့်နှစ်အထိ ၂၈၀ ပီပီအမ် ရှိသည်။
၂၀၀၀ ပြည့်နှစ်တွင် ၃၇၀ ပီပီအမ်မျှ ရှိသည်။
၂၀၀၅ ခုနှစ်၌ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏသည် ၃၈၀ ပီပီအမ် အထိ မြင့်တက်လာခဲ့သည်။
၂၀၂၁ ခုနှစ်တွင် ၄၁၃ ပီပီအမ် ဖြစ်လာသည်။ စက်မှုတော်လှန်ရေးစတင်သည့်အချိန်ကထက် တစ်ဆခွဲမျှမြင့်တက်လာခဲ့သည်။
ထို့ကြောင့် ကမ္ဘာ့အပူချိန်တက်လာ၊ ရာသီဥတုပြောင်းလဲလာခြင်းဖြစ်သည်။