မိုးခေါင်ခြင်း၊ ကမ္ဘာနှင့်မြန်မာ

မိုးခေါင်ခြင်းဆိုသည်မှာ ဒေသတစ်ခု၌ ရက်ရှည် လများ မိုးမရွာ (သို့မဟုတ်) ပုံမှန်အောက် လျော့နည်းပြီး ရွာသဖြင့် ခြောက်သွေ့နေသောကြောင့် လူနှင့် သဘာဝ ပတ်ဝန်းကျင်တို့၏ ရေလိုအပ်ချက်ကို လုံလောက် ပြည့်မီအောင် မရနိုင်သော ကာလကို ခေါ်သည်။ ဒေသတစ်ခု ၌ မိုးခေါင်မခေါင် သတ်မှတ်ရန် ယင်းဒေသတွင် ရသော ပုံမှန်မိုးပမာဏနှင့် ရေလိုအပ်ချက်ကို စဉ်းစားရသည်။ ဒေသတစ်ခုနှင့်တစ်ခု ပုံမှန်မိုးရရှိမှုနှင့် ရေလိုအပ်မှုတို့ မတူခြားနားကြသဖြင့် မိုးခေါင်ခြင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ဒေသပေါ်မူတည်ပြီး ကွဲပြားသည်။

မိုးခေါင်ခြင်းသည် ရှေးပဝေသဏီကတည်းက ပေါ်ပေါက်နေခဲ့သော သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။ ကမ္ဘာ့မည်သည့်နေရာတွင်မဆို မိုးခေါင်နိုင်သည်။ သမိုင်းတွင် မိုးခေါင်ကာလ အရှည်ကြာဆုံးမှာ တောင်အမေရိကတိုက် ချီလီနိုင်ငံ အရိကဒေသ၌ ကြုံတွေ့ခဲ့ရသည့် ၁၉၀၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှ ၁၉၁၈ ဇန်နဝါရီလ ၁ ရက်အထိ ၁၇၂ လကြာ ပေါ်ပေါက်ခဲ့သော မိုးခေါင်ခြင်း ဖြစ်သည်။

မိုးခေါင်ခြင်းအမျိုးအစား

မိုးခေါင်ခြင်းကို ယင်းဖြစ်စဉ်၏ သက်ရောက်မှုပေါ် မူတည်၍ ငါးမျိုးငါးစား ခွဲခြားနိုင်သည်။ မိုးရွာသွန်းမှု ပုံမှန်ထက် လျော့နည်းခြင်း၊ လေထုအပူချိန်မြင့်မားခြင်း၊ ရေငွေ့နှင့်ပင်ငွေ့ပြန်မှု မြင့်မားခြင်းတို့ ရက်လ အတန်ကြာ ဖြစ်ပွားသည်ကို မိုးလေဝသဆိုင်ရာ မိုးခေါင်ခြင်း (Meteorological Drought)ဟု ခေါ်သည်။ မိုးလေဝသဆိုင်ရာ မိုးခေါင်ခြင်းကြောင့် မြေဆီလွှာအတွင်း ရေငွေ့ သိသာစွာ လျော့နည်းသွားကာ သီးနှံပင်များ၏ ရှင်သန်မှုကို ထိခိုက် သက်ရောက်လျှင် စိုက်ပျိုးရေးကို ထိခိုက်သော မိုးခေါင်ခြင်း (Agricultural Drought)ဟု သတ်မှတ်သည်။ မြေပေါ်ရေ မြေအောက်ရေ သိသာစွာ လျော့နည်းခန်းခြောက်လျှင် ရေရရှိမှုကို ထိခိုက်သော မိုးခေါင်ခြင်း (Hydrological Drought) ဖြစ်သည်။ မိုးခေါင်ခြင်း၏ အကျိုးဆက်များသည် လူမှုရေးနှင့် စီးပွားရေးအပေါ် သက်ရောက်လျှင် လူမှုစီးပွားကို ထိခိုက်သော မိုးခေါင်ခြင်း (Socioeconomic Drought) ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့၏ အရည်အသွေး ကျဆင်းသည်အထိ ဖြစ်သည့် မိုးခေါင်ခြင်းကို ဂေဟစနစ်ကို ထိခိုက်သော မိုးခေါင်ခြင်း (Ecological Drought)ဟု ခေါ်သည်။ မိုးခေါင်ခြင်း ငါးမျိုးတွင် မိုးလေဝသဆိုင်ရာ မိုးခေါင်ခြင်းနှင့် ရေရရှိမှုကို ထိခိုက်သော မိုးခေါင်ခြင်း တို့သည် သဘာဝမိုးခေါင်ခြင်းများ ဖြစ်ကြပြီး ကျန်မိုးခေါင်ခြင်း သုံးမျိုးသည် လူတို့ကို သက်ရောက်မှု အပေါ် မူတည်ပြီး သတ်မှတ်သည့် မိုးခေါင်ခြင်း အမျိုးအစားများ ဖြစ်ကြသည်။

ထိခိုက်သက်ရောက်မှု

မိုးခေါင်မှုကြောင့် စားနပ်ရိက္ခာဖူလုံမှု၊ ကျန်းမာရေးနှင့် လူအများ နေရပ်ရွှေ့ပြောင်းရမှုတို့အပေါ် ကြီးမားစွာ သက်ရောက်သည်။ ဆင်းရဲမွဲတေမှုနှင့် မြေယာ အသုံးချမှု လွဲမှားသောဒေသများတွင် မိုးခေါင်လျှင် အခြားနေရာများတွင် မိုးခေါင်သည်ထက် ထိခိုက်ဆုံးရှုံးမှု များပြားသည်။ မိုးခေါင်ခြင်း၏ဒဏ်ကို ခံရသူများ၏ ၈၅ ရာခိုင်နှုန်းသည် ဝင်ငွေနည်း သို့မဟုတ် အလယ် အလတ် ရှိသည့် နိုင်ငံများမှ ဖြစ်ကြသည်။

ကမ္ဘာပေါ်တွင် မိုးခေါင်ခြင်းကြောင့် ၁၉၀ဝ ပြည့်နှစ်ကစ၍ လူပေါင်း ၁၁ သန်းမျှ သေဆုံးခဲ့ကာ လူ နှစ်ဘီလျံတို့အပေါ် ထိခိုက်သက်ရောက်မှုများ ရှိခဲ့သည်။ မိုးခေါင်သည့်ဒဏ်ကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း စိုက်ပျိုးမြေ အရည်အသွေး ကျဆင်းခဲ့သဖြင့် သီးနှံ ထုတ်လုပ်မှု တစ်နှစ်လျှင် ဝ ဒသမ ၄ ရာခိုင်နှုန်း လျော့နည်းသည်။ မိုးခေါင်သည့်နှစ်များ၌ သစ်တော ဆုံးရှုံးမှုသည် ပုံမှန်နှစ်များထက် ၇ ဒသမ ၆ ရာခိုင်နှုန်း များပြားခဲ့သည်။ ကမ္ဘာတွင် မိုးခေါင်ခြင်းကြောင့် ပျက်စီး ဆုံးရှုံးမှုများကို ငွေကြေးဖြင့် တွက်လျှင် တစ်နှစ် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံမှရှစ်ဘီလျံအထိ ရှိသဖြင့် ဆုံးရှုံးမှုပမာဏ အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ် ဖြစ်သည်။

ဒေသအလိုက်ထိခိုက်သက်ရောက်မှုများ

၂၀၂၂ ခုနှစ်က ဥရောပတိုက်၌ ကြုံတွေ့ခဲ့ရသော မိုးခေါင်မှုသည် ယင်းတိုက်တွင် နှစ်ပေါင်း ၅၀ဝ အတွင်း အဆိုးဝါးဆုံး မိုးခေါင်မှု ဖြစ်သည်။ ယခုရာစုနှစ်အတွင်း တရုတ်နိုင်ငံ လူဦးရေ၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ပြင်းထန်မှု အသင့်အတင့်မှ ဆိုးဝါးသော မိုးခေါင်ခြင်း၏ သက်ရောက်မှုကို ခံခဲ့ရသည်။ ၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံတွင် အပူချိန် လွန်ကဲပြီး မိုးနည်းခြင်းကြောင့် ယန်စီမြစ်ရေ သိသာစွာ လျော့နည်း သွားသဖြင့် ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့ကျခဲ့သည်သာမက မြစ်တွင်းသင်္ဘောသွားလာရေးကိုပါ ထိခိုက်ခဲ့သည်။ ၂၀၂၃ ခုနှစ်အစပိုင်းက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ မိုးခေါင်ခဲ့ရာ ယူနန်ပြည်နယ်နှင့် စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းတို့တွင် မိုးရွာသွန်းမှုသည် ၂၀၂၃ ခုနှစ်၏ ၁၂ လုံးလုံးတွင် ပုံမှန်အောက်တွင်သာ ရှိခဲ့သည်။ ထို့အတူ အိန္ဒိယနိုင်ငံ၏ နေရာအများအပြား၌ မိုးနည်းခဲ့သည်။ ၂၀၂၃ ခုနှစ် အိန္ဒိယ တစ်နိုင်ငံလုံး၏ ပျမ်းမျှမိုးရေချိန်သည် ၁၉၇၁-၂၀ဝ၀ နှစ်ကြား ပျမ်းမျှမိုးရေချိန်ထက် ခြောက်ရာခိုင်နှုန်းမျှ လျော့နည်းခဲ့သည်။

အာဖရိကဦးချိုဒေသ ဖြစ်သည့် အီသီယိုပီးယား၊ ကင်ညာ၊ ဆိုမားလီးယားနိုင်ငံတို့တွင် ငါးနှစ် ဆက်တိုက် မိုးရွာသွန်းမှု နည်းပါးသဖြင့် စိုက်ပျိုးရေးကို ကြီးမားစွာ သက်ရောက်ကာ အစားအစာ မလုံလောက်မှု၊ ဈေးကြီး မြင့်မှုတို့ကို ခံစားခဲ့ရသည်။ ၁၉၅၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မိုးခေါင်ခြင်း၊ ယင်းနှင့် ဆက်စပ်သော အန္တရယ်များကြောင့် အာဖရိကတစ်တိုက်လုံး၌ စီးပွား ပျက်စီး ဆုံးရှုံးမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၇၀ ဘီလျံမျှ ဖြစ်သည်။

ကမ္ဘာ့အခြားဒေသများနည်းတူ အရှေ့တောင် အာရှသည်လည်း မိုးခေါင်ခြင်း၏ သက်ရောက်မှုကို ခံစားနေရသည်။ အရှေ့တောင်အာရှတွင် ပုံမှန် သဘာဝ ဖြစ်စဉ်ကြောင့် မိုးခေါင်သကဲ့သို့ အယ်လ်နီညိုနှင့် တပြိုင်တည်း ပေါ်ပေါက်သည်လည်း ရှိသည်။ ထို့ပြင် Indian Ocean Dipole ခေါ် ဖြစ်စဉ်ကြောင့်လည်း မိုးခေါင်သည်။ Indian Ocean Dipole (IOD) ဆိုသည်မှာ အိန္ဒိယ သမုဒ္ဒရာ၏ အရှေ့ပိုင်း ရေမျက်နှာပြင် အပူချိန်နှင့် အနောက်ပိုင်း ရေမျက်နှာပြင်အပူချိန်တို့ မညီမမျှဖြစ်ရာမှ ဖြစ်ထွန်းလာသည့် လေထုလှုပ်ရှားမှုကို ခေါ်သည်။ အရှေ့တောင်အာရှ ဒေသအများအပြား၌ ၂၀၁၅ -၂၀၁၆ နှင့် ၂၀၁၈-၂၀၂၀ ခုနှစ်များက မိုးခေါင်ခဲ့သည်။

မိုးခေါင်ခြင်းက တောမီးလောင်ခြင်းကို အားပေးပြီး လောင်သောတောမီးများကိုလည်း ပိုမို ပြင်းထန်စေသည်။ ဥပမာ – ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုးခေါင်စဉ်က နေရာပေါင်း ရာနှင့်ချီသော နေရာများတွင် တောမီးလောင်ကျွမ်းခဲ့သည်။ မိုးခေါင်၍ ရေရှားသဖြင့် တောမီးငြှိမ်းသတ်ရတွင် အခက်အခဲတွေ့ခဲ့သည်။

မိုးခေါင်ခြင်းကြောင့် ကမ်းရိုးတန်းဒေသများတွင် မြေအောက်ရေပြင် ကျဆင်းကာ ဆားငန်ရေ တိုးဝင်လာခြင်းမျိုးလည်း ရှိတတ်သည်။ ဥပမာ – ဗီယက်နမ်နိုင်ငံ၌ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုးခေါင်စဉ်က ဆားငန်ရေများ ကီလိုမီတာ ၉၀ ခန့်အထိ ကုန်းတွင်းပိုင်းသို့ ရောက်လာကာ စိုက်ပျိုးမြေ ဟက်တာပေါင်း ၄၈၀ဝဝဝ မျှ ပျက်စီးခဲ့သည်။

မိုးခေါင်ခြင်းနှင့်မြန်မာနိုင်ငံ

မြန်မာနိုင်ငံတွင် ရက်ပေါင်း ၂၀ မျှဆက်တိုက် ပုံမှန်ထက် မိုးနည်းခဲ့ပြီး နောက်ထပ် ၁၀ ရက်ဆက်တိုက် ပုံမှန်ထက် မိုးနည်းနေလျှင် ယင်း ၁၀ ရက်ကို မိုးခေါင်သော ကာလဟု သတ်မှတ်သည်။ တနည်းဆိုရလျှင် ရက်ပေါင်း ၃၀ ဆက်တိုက် ပုံမှန်ထက် မိုးနည်းနေခဲ့လျှင် နောက်ဆုံး ၁၀ ရက်သည် မိုးခေါင်သောရက်များ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှမိုးရေချိန်သည် ၂၂၁၃ မီလီမီတာ ဖြစ်သည်။ ရခိုင်၊ မွန်နှင့် တနင်္သာရီကမ်းရိုးတန်းများတွင် ၃၅၀ဝ မီလီမီတာမှ ၅၀ဝ၀ မီလီမီတာအတွင်း ရွာပြီး နိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသ၌ ၆၀ဝ မီလီမီတာမှ ၁၀ဝ၀ မီလီမီတာအတွင်းသာ ရွာသည်။ နှစ်တစ်နှစ်တွင် နှစ်ပေါင်း ၃၀ ပျမ်းမျှမိုးရေချိန်၏ ၂၀ ရာခိုင်နှုန်းအတွင်း ရွာလျှင် ပုံမှန်မိုး၊ ၂၀ ရာခိုင်နှုန်းထက် ပိုလျှင် မိုးကောင်း၊ ၂၀ ရာခိုင်နှုန်းထက် လျော့လျှင် မိုးနည်းသည်ဟု သတ် မှတ်သည်။ ပျမ်းမျှမိုးရေချိန်ထက် ၁၀ ရာခိုင်နှုန်းမျှ လျော့နည်းလျှင် နိုင်ငံ၏ စပါးထွက်နှုန်းကို ထိခိုက်သည်။

မြန်မာတစ်နိုင်ငံလုံးအနေနှင့် ဆိုလျှင် ၁၉၅၅၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၇၂ နှင့် ၁၉၇၉ ခုနှစ်များသည် ပျမ်းမျှထက်မိုးလျော့နည်းသောနှစ်များ ဖြစ်သည်။ မိုးနည်းသောနှစ်များ၏ ပျမ်းမျှထက် ၁၉၇၉ ခုနှစ်က ၁၆ ရာခိုင်နှုန်းမျှ မိုးလျော့နည်းခဲ့ရာ ယင်းနှစ်သည် အခြောက်သွေ့ဆုံးနှစ်ပင် ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးအနေနှင့် နှစ်ပေါင်း ၃၀ တွင် ခြောက်နှစ်ခန့် ခြောက်သွေ့သော ရာသီဥတုကို ကြုံတွေ့ရတတ်သည်။ အချို့ဒေသများ၌ နှစ်နှစ်ဆက်တိုက် မိုးနည်းခြင်းကိုလည်း ကြုံရတတ်သည်။

မြန်မာနိုင်ငံ၌ မိုးခေါင်နိုင်သည့် အလားအလာ အများဆုံးကာလမှာ မေလ၏ နောက်ဆုံးဆယ်ရက်နှင့် အောက်တိုဘာလ၏ နောက်ဆုံးဆယ်ရက်များတွင် ဖြစ်သည်။ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတောင်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မိုးခေါင်နိုင်သည့် အလားအလာ များပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တောင်ပိုင်းတို့၌ မိုးခေါင်နိုင်သည့် အလားအလာ နည်းပါးသည်။ နှစ်စဉ် မိုးရေချိန် ၁၀ဝ၀ မီလီမီတာအောက် ရွာသည့် မြန်မာနိုင်ငံ ခြောက်သွေ့ဒေသအလယ်ပိုင်းသည် မိုးခေါင်နိုင်ခြေ အမြင့်မားဆုံး ဖြစ်သည်။ ယင်းဒေသ၌ ၁၉၅၄၊ ၁၉၅၇၊ ၁၉၆၁၊ ၁၉၇၂၊ ၁၉၇၉ နှင့် ၁၉၉၁ ခုနှစ်များက မိုးခေါင်ခြင်း၏ ဒဏ်ကို အများဆုံးခံခဲ့ရသည်။

နောက်ပိုင်းတွင် မိုးခေါင်သည့်ကာလ ပြောင်းလဲလာသည်။ ၁၉၅၄ ခုနှစ်က မုတ်သုန်ရာသီနှောင်းပိုင်းတွင် မိုးခေါင်ခဲ့သော်လည်း ၁၉၇၂ နှင့် ၁၉၇၉ ခုနှစ်များကမူ မုတ်သုန်ရာသီအစောပိုင်းတွင် မိုးခေါင်ခဲ့သည်။ မုတ်သုန်ရာသီနှောင်းပိုင်း၌ မိုးခေါင်ခြင်းသည် ယင်းကာလနောက်ပိုင်းတွင် မိုးရရန် မသေချာတော့သဖြင့် မုတ်သုန်ရာသီအစောပိုင်း မိုးခေါင်ခြင်းထက် ထိခိုက်နိုင်ခြေ ပိုမိုမြင့်မားသည်။ ၁၉၆၆၊ ၁၉၆၇၊ ၁၉၇၈ နှင့် ၁၉၇၉ ခုနှစ်များက ခြောက်သွေ့ဒေသ၌လည်း ကောင်း၊ ၁၉၅၅၊ ၁၉၅၇၊ ၁၉၆၆၊ ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၇ နှင့် ၁၉၇၉ ခုနှစ်များက ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ လည်းကောင်း မုတ်သုန်ရာသီနှောင်းပိုင်းတွင် ပုံမှန်ထက်မိုးလျော့နည်းခဲ့သည်။

အခြောက်သွေ့ဆုံးနှစ်ဖြစ်သည့် ၁၉၇၉ ခုနှစ်က မိုးနည်းခြင်းကြောင့် ၁၉၈၀ ပြည့်နှစ်၏ ပထမငါးလတွင် နိုင်ငံ့ဒေသအများအပြားတွင် ရေရှားပါးခဲ့သည်။ အထူး သဖြင့် ခြောက်သွေ့ဒေသကို အဆိုးရွားဆုံးသက်ရောက်ခဲ့ကာ ရေမရသဖြင့် မွေးမြူထားသော တိရစ္ဆာန် ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး စိုက်ပျိုးသီးနှံ ထွက်ရှိမှုကိုလည်း ထိခိုက်ခဲ့သည်။

၂၀၁၅ ခုနှစ် မေလမှ ၂၀၁၆ စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၏ အချို့အပိုင်းများ၌ မိုးခေါင်ခြင်းကြောင့် လူ ၁၅ သန်း ထိခိုက်ခဲ့ပြီး စိုက်ပျိုး ဟက်တာ ၄၀ဝဝဝ ခန့် စိုက်ပျိုးချိန် နောက်ကျခဲ့သည်။ ၂၀၁၈ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလများတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး၏ အချို့အပိုင်းများ၌ မိုးခေါင်ခြင်းကြောင့် ရေရှားပါးမှုများ ပေါ်ပေါက်ခဲ့သည်။

မိုးတု

မိုးခေါင်ခြင်းကို တုံ့ပြန်ဖြေရှင်းနိုင်သည့် သိပ္ပံနည်းမှာ မိုးတုဖန်တီးရွာသွန်းစေခြင်း ဖြစ်သည်။ မိုးတု ဖန်တီးခြင်း ဆိုသည်မှာ တိမ်တိုက်များထဲရှိ မိုးစက် မိုးပေါက်များအဖြစ်သို့မရောက်သေးသော ရေငွေ့များတွင်းသို့ ဆင်းလ်ဗားအိုင်အိုဒိုက်၊ ပိုတက်စီယမ်အိုင်အိုဒိုက်၊ ရေခဲခြောက်ခေါ် ကာဘွန်ဒိုင်အောက်ဆိုက်အခဲ စသည့် ဓာတုပစ္စည်းတို့ကို ကျဲပက်ပျံ့နှံ့စေကာ ရေငွေ့များ အချင်းချင်း ပေါင်းစည်းမိစေခြင်းဖြင့် မိုးစက် မိုးပေါက်များအဖြစ်သို့ ရောက်ရှိရွာကျစေခြင်း ဖြစ်သည်။

မိုးတုဖန်တီးခြင်းသည် သဘောတရားအရ ရိုးရှင်းသော်လည်း လက်တွေ့လုပ်ဆောင်ရာ၌ အငြင်းပွားဖွယ်ရာများ ရှိနေသည်။ ဥပမာ မက္ကဆီကိုနိုင်ငံသည် မိုးတုအစီအစဉ်များဖြင့် မိုးခေါင်ခြင်း၏ ဆိုးကျိုးများ၏ ၉၈ ရာခိုင်နှုန်းအထိ ပြေလျော့စေကာ တောမီးလောင်ခြင်း ၂၅ ခုကို ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော် ပညာရှင်အချို့က ယင်းအချက်ကို မယုံကြည်ကြချေ။ ဖန်တီးဖြစ်ပေါ်လာသော မိုးတုပမာဏသည် လုံလောက် မှု ရှိမရှိ အငြင်းပွားနေကြသကဲ့သို့ လေထုတွင်းသို့ ကျဲပက်လိုက်သော ဓာတုပစ္စည်းများကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းအများကိုလည်း လေ့လာဆဲ ဖြစ်သည်။

မည်သို့ ရှိစေ၊ နိုင်ငံအများအပြားသည် မိုးတုဖန်တီးခြင်းကို လုပ်ဆောင်နေကြရာ ယင်းနိုင်ငံများထဲတွင် တရုတ်က ထိပ်ဆုံးက ပါဝင်သည်။ သို့သော် တရုတ်မိုးတု အစီအစဉ်သည် လိုချင်သည့် အောင်မြင်မှုများ မရသေးချေ။

မိုးခေါင်ခြင်းဒဏ်မှ သက်သာရာရရန်

မိုးခေါင်ခြင်းဒဏ်မှ သက်သာရာရရန် လောလောဆယ် အဖြစ်နိုင်ဆုံးမှာ ယင်းကြောင့် ဖြစ်ပေါ်သည့် ဘေးဒုက္ခများကို ကြိုတင်ခန့်မှန်းထားပြီး ယင်းဘေးဒုက္ခ များနှင့် ကြုံလာသောအခါ ပျက်စီး ဆုံးရှုံးမှု အနည်းဆုံးဖြင့် မူလအခြေအနေ သို့မဟုတ် မူလအခြေအနေနီးပါးသို့ ပြန်ရောက်ရန် စီမံထားရမည်။ မိုးခေါင်ခြင်းမှ တုံ့ပြန် ရှင်သန်နိုင်စွမ်းဟု ခေါ်သည့် စီမံမှုကို နိုင်ငံ အသီးသီး၏ မူဝါဒများ၊ အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များတွင် ဦးစားပေး ထည့်သွင်းထား ခြင်း၊ ပုဂ္ဂလိကကဏ္ဍအပါအဝင် သက်ဆိုင်သူတိုင်းက မိုးခေါင်ခြင်းမှတုံ့ပြန်ရှင်သန်နိုင်စွမ်းကို ပြုစုပျိုးထောင် ထားခြင်းတို့ကို လုပ်ဆောင်ရမည်။ ဥပမာ – မိုးခေါင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရေရှားပါးမှုကို ပြေလျော့ စေရန် ရေကို တတ်နိုင်သမျှ ကြိုတင်သိုလှောင်ခြင်းမျိုး ဖြစ်သည်။ မိုးခေါင်ခြင်းသည် ဖြည်းဖြည်းချင်း ဖြစ်ထွန်း ပေါ်ပေါက်လာသောသဘာဝဘေးအန္တရာယ်ဖြစ်၍ ယင်းကို ရင်ဆိုင်ရန် ကြိုတင်စီမံခြင်းဖြင့် ဆိုးကျိုးများကို ထိရောက်စွာ ပြေလျော့စေနိုင်သည်။

မြန်မာနိုင်ငံ၌ မိုးခေါင်ရေရှားပြဿနာ ပြေလည်စေရန် အစိုးရက စက်ရေတွင်းပေါင်း မြောက်မြားစွာ တူးဖော်ခဲ့ကာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး စီမံကိန်းများကို အကောင်အထည် ဖော်ခဲ့သည်။ မိုးခေါင်ခြင်းကို ခံနိုင်ရန် ရေလှောင်တမံများ ဆောက်လုပ်ခဲ့ရာ ၂၀ဝ၈ ခုနှစ်တွင် ခြောက်သွေ့ဒေသတွင် ရေလှောင်တမံ ၁၄၀ ပြီးစီးခဲ့သည်။ မြစ်ရေတင်စီမံကိန်းများကိုလည်း လုပ်ဆောင်ခဲ့သည်။

မြေစိုက်မိုးရေလှောင်ကန်များ၊ မြေအောက် ရေလှောင်တမံများဖြင့် မိုးရေကို တတ်နိုင်သမျှ စနစ်တကျ စုဆောင်းခြင်း၊ မြေအောက်ရေ ပြန်လည်ဖြည့်တင်း ပေးခြင်းတို့ကို လုပ်ဆောင်နေသော်လည်း ယခုထက် များစွာ တိုးချဲ့အကောင်အထည်ဖော်ရန် လိုနေသေးသည်။

ပိုမိုဆိုးရွားလာနေ

ယခုအခါ ရာသီဥတုပြောင်းလဲခြင်းကြောင့် ကမ္ဘာ့နေရာအနှံ့အပြား၌ မိုးခေါင်သည့်အကြိမ် ပိုစိပ်လာ၊ ပိုပြင်းထန်လာသည့် အပြင် မိုးခေါင်ကာလ ပိုမိုကြာရှည်လာနေကာ လူ့အသက်ပိုမိုဆုံးရှုံးပြီး စီးပွားရေး ထိခိုက်မှုလည်း ပိုမိုကြီးမားလာနေသည်။ ဥပမာ – ဥရောပတိုက်တွင် ၂၀ဝ၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်ကြား မိုးခေါင်သည့် အကျယ်အဝန်း တစ်နှစ်ပျမ်းမျှ ၁၆၇၀ဝ၀ စတုရန်း ကီလိုမီတာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် စတုရန်း ကီလို မီတာ ၆၃၀ဝဝဝ အထိ ကျယ်ပြန့်လာခဲ့သည်။

ရာသီဥတုပြောင်းလဲခြင်းကြောင့် မိုးခေါင်ခြင်းသည် ယခုရာစုနှစ်အတွင်း ပိုမိုဆိုးရွားလာရန် ရှိရာ မိုးခေါင်ခြင်းဒဏ်ကို ပြေလျော့ရန် ထိရောက်စွာ မလုပ် ဆောင်နိုင်ခဲ့လျှင် ကမ္ဘာတွင် ယခုရာစုနှစ်မကုန်မီ မိုးခေါင်ခြင်းဒဏ်ကို ခံရမည့် အကျယ်အဝန်းနှင့် လူဦးရေသည် သုံးဆနီးပါး တိုးလာရန် ရှိသည်။

ရာသီဥတုပြောင်းလဲခြင်းကြောင့် မိုးခေါင်ခြင်းသည် ယခုရာစုနှစ်အတွင်း ပိုမိုဆိုးရွားလာရန် ရှိရာ မိုးခေါင်ခြင်းဒဏ်ကို ပြေလျော့ရန် ထိရောက်စွာ မလုပ်ဆောင်နိုင်ခဲ့လျှင် ကမ္ဘာတွင် ယခုရာစုနှစ်မကုန်မီ မိုးခေါင်ခြင်းဒဏ်ကို ခံရမည့် အကျယ်အဝန်းနှင့် လူဦးရေသည် သုံးဆနီးပါး တိုးလာရန် ရှိသည်။

ကိုးကား –

၁။ Ready for the Dry Years – Building resilience to drought in South-East Asia.
Second Edition United Nations 2021

၂။ U Than Myint, , San Hla Thaw, , Ye Ye Nyein, “Chapter 5 Overview of Droughts in Myanmar” In Droughts in Asian Monsoon Region. Published online: 08 Mar 2015; 87-95.

၃။ Global Drought Snapshot 2023 UNCCD

၄။ https://wmo.int/topics/drought

၅။ State of the Climate in Asia 2023.WMO