သဘာဝဖြစ်စဉ်များသည် အစဉ်ပြောင်းလဲနေတတ်ရာ အများဆုံးနှင့် အမြင်သာဆုံး ပြောင်းလဲတတ်သည့် သဘာဝဖြစ်စဉ်မှာ မိုးလေဝသဟု ဆိုနိုင်သည်။ အချိန်တစ်ချိန်၊ နေရာတစ်ခု၌ ဖြစ်ပေါ်နေသော ပူသည်၊ အေးသည်၊ မိုးရွာသည်၊ နေသာသည် စသည့် လေထု၏ အခြေအနေများကို မိုးလေဝသဟု ခေါ်သည်။ မိုးလေဝသသည် လေထုအပူချိန်၊ လေထုဖိအား၊ စိုထိုင်းမှုစသည့် များစွာသောအချက်တို့ပေါ် မူတည်ပြီး အစဉ်အမြဲ ပြောင်းလဲသည်။ ယခုနေပူသော်လည်း မကြာမီ နေရိပ်သွားတတ်သည်။ သာယာနေလျက်က မထင်မှတ်ဘဲ မိုးရွာချသည်ကို ကြုံဖူးကြသည်။ လေ၏ ဝှေ့ယမ်းတိုက်ခတ်မှုကို ရုတ်ချည်းခံလိုက်ရသူတို့ ဒယီးဒယိုင် ဖြစ်သွားကြသည်။
ဒေသတစ်ခု၏ မိုးလေဝသသည် အပြောင်းအလဲ မြန်သော်လည်း ယင်းဒေသ၏ ရာသီဥတုသည်မူ တည်ငြိမ်နေတတ်သည်။ ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၌ ရှည်ကြာသောကာလတစ်ခုအတွင်း ဖြစ်ပေါ် ပြောင်းလဲခဲ့သော ပျမ်းမျှ မိုးလေဝသအခြေအနေကို ခေါ်သည်။ အများအားဖြင့် ဒေသတစ်ခုတွင် နှစ်ပေါင်း ၃၀ ခန့်အတွင်း ဖြစ်ပေါ်သော မိုးလေဝသ အခြေအနေများကို ခြုံငုံစုပေါင်း၍ အဆိုပါဒေသ၏ ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ် ပြောဆိုကြသည်။ ဥပမာ အီကွေတာအရပ်များတွင် တစ်နှစ်ပတ်လုံး ပူတတ်ကာ မိုးလည်း နေ့စဉ်လိုလို ရွာသွန်းနေသဖြင့် ယင်းဒေသ၏ နေ့စဉ်မိုးလေဝသ အခြေအနေကို မေးလျှင် ပူသည်၊ မိုးရွာသည် စသည့် အဖြေများကိုသာ ကြားရမည်။ အဆိုပါ မိုးလေဝသအခြေအနေများကို ကာလကြာ စုပေါင်း၍ အီကွေတာဒေသတွင် ပူအိုက်စွတ်စိုသော ရာသီဥတုရှိသည်ဟု ဆိုရသည်။ ဝင်ရိုးစွန်း အရပ်များတွင်မူ နေ့စဉ်အေးခဲသော မိုးလေဝသအခြေအနေများကိုသာ တစ်နှစ်ပတ်လုံး ကြုံတွေ့ခံစားရသဖြင့် ယင်းအရပ်များတွင် အေးသောရာသီဥတု ရှိသည်ဟု အသိအမှတ်ပြုကြသည်။ မြန်မာနိုင်ငံ၌ မတ် ဧပြီ မေ ဇွန်လများတွင် ပူပြင်းသဖြင့် နွေရာသီ၊ ဇူလိုင် သြဂုတ် စက်တင်ဘာ အောက်တိုဘာလများတွင် မိုးရွာသဖြင့် မိုးရာသီ၊ နိုဝင်ဘာ ဒီဇင်ဘာ ဇန်နဝါရီ ဖေဖော်ဝါရီလများတွင် အေးသဖြင့် ဆောင်းရာသီဟု သတ်မှတ်သည်။
လွန်ခဲ့သည့်ရာစုနှစ်အထိ ကြည့်လျှင် မြန်မာနိုင်ငံ၌ ပူချိန်တန်ပူ၊ မိုးရွာချိန်တန်ရွာသည်။ ပူသည်ဆိုသော်လည်း အလွန်အမင်း မဟုတ်။ မိုးရွာသည် ဆိုသော်လည်း ပုံမှန်မိုးက များပြီး သည်းထန်သောမိုးက နည်းသည်။ နိုဝင်ဘာဆိုလျှင် အအေးဝင်လာပြီး ဆောင်းဥတုသို့ ရောက်သည်မှာ ဖေဖော်ဝါရီထဲ ရောက်သည်အထိ အထိုက်အလျောက် အေးခဲ့သည်။ ၂၀ ရာစုနှစ် ကုန်ခါနီးမှစကာ ထိုသို့မဟုတ်တော့ပြီ၊ နွေကာလတွင် မြို့ကြီးအချို့၌ စံချိန်တင် ပူပြင်းလာသည်။ မိုးဥတုများ၌ မိုးခေါင်သည့်နေရာတွင် ခေါင်သော်လည်း အချို့နေရာများတွင် အလွန်အမင်း ရွာကျသဖြင့် ရေကြီးရေလျှံမှုများကို တွေ့ကြုံကြရသည်။ ဒီဇင်ဘာ၊ ဇန်နဝါရီတို့တွင် အေးသည်ဆိုရုံမျှသာ အေးတော့သောကြောင့် ဆောင်းပျောက်ပြီလောဟု တွေးစရာ ဖြစ်လာသည်။ ရာစုနှစ်များစွာ အပြောင်းအလဲ မရှိ၊ တည်ငြိမ်နေခဲ့သော ရာသီဥတုသည် ပြောင်းလဲခဲ့ပြီ။
ရာသီဥတုပြောင်းလဲသည်မှာ မြန်မာတစ်နိုင်ငံတည်း မဟုတ်၊ တစ်ကမ္ဘာလုံး၌ ဖြစ်သည်။ အီကွေတာဝန်းကျင် အရပ်များတွင် အရင်ကထက် ပိုပူလာပြီး မိုးပိုရွာလာကာ ဝင်ရိုးစွန်းအရပ်များတွင် မကြုံစဖူး အပူချိန် တက်လာသည်။ အချို့နေရာများတွင် မိုးရွာသွန်းသည့် နေ့ရက်များ တိုးလာနေပြီး အချို့ဒေသများတွင်မူ အပူလှိုင်းများ မကြာခဏပေါ်ပေါက်ကာ မိုးခေါင်သည့်ကာလ ရှည်လျားလာနေသည်။ ကမ္ဘာ၏ ‘ခေါင်ဖျား’ဟု ဆိုသော အာတိတ်ဒေသ၊ ကမ္ဘာ၏ ‘အောက်ခြေ’ ဖြစ်သော အန္တာတိကဒေသ၊ ဟိမဝန္တာတောင်ထိပ်များ စသည်တို့၌ ရေခဲပြင်များ တတိတိ အရည်ပျော်လာနေသည်။ ပင်လယ်ရေပြင် တအိအိ မြင့်လာနေသည်။ သီးနှံအချို့၏ မှည့်ဝင်းချိန် ရိတ်သိမ်းခူးဆွတ်ချိန်များ တရွေ့ရွေ့ ပြောင်းလာနေသည်။ အပူပိုင်းဒေသတွင်သာ ရှင်သန်နိုင်ခဲ့သည့် ရောဂါပိုးသယ်သတ္တဝါအချို့ သမပိုင်းသို့တိုင် တစ်စတစ်စ နယ်ချဲ့ရောက်ရှိ၍ ရောဂါဘယ ဖြစ်ပွားမှု နယ်ပယ်နှင့် အရေအတွက် တိုးပွားလာနေသည်။ ရာသီပြောင်းမှုကို မခံနိုင်၍ မျိုးသုဉ်းသွားသော သက်ရှိမျိုးစိတ်အရေအတွက် တဖြည်းဖြည်း များပြားလာနေသည်။ သန္တာကျောက်တန်းများ တဖြုတ်ဖြုတ် ပျက်စီးလာနေသည်။ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှု၊ အိုးအိမ်ဥစ္စာများ ပျက်စီးမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုများ ကမ္ဘာအနှံ့ ပေါ်ပေါက်ခဲ့ကြောင်း သတင်းများ၌ ဖတ်ကြရသည်။ သာဓကအနေနှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့၏ အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ရာသီဥတုနှင့် ဆက်နွှယ်သည့် ရေဘေးအန္တရာယ်များကြောင့် အာရှတိုက်တစ်တိုက်တည်းတွင် လူ ၅၀ဝ၀ သေဆုံး၊ လူသန်း ၅၀ ဘေးဒုက္ခနှင့် ကြုံခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုအတိုင်းအတာ အမေရိကန်ဒေါ်လာ ၃၆ ဘီလျံခန့် ရှိခဲ့သည်။ ရာသီဥတုနှင့်ဆက်နွှယ်သည့် ဘေးအန္တရာယ်တစ်ခုတည်းကြောင့် နှစ်တစ်နှစ်၊ တိုက်တစ်တိုက်တည်းတွင်ပင် ဤမျှများပြားနေရာ ရာသီဥတုဘေးအန္တရာယ်အမျိုးမျိုးကြောင့် နှစ်ရှည်လများ တစ်ကမ္ဘာလုံး ကြုံတွေ့ရမည့် သေဆုံးမှု ပျက်စီး ဆုံးရှုံးမှုပမာဏသည် ဤရွေ့ဤမျှ ဂဏန်းချရေးရန် မလွယ်လောက်အောင် များပြားလိမ့်မည်။
ရာသီဥတုပြောင်းလဲခြင်း၏အစ
ယင်းသို့ ကမ္ဘာကြီးတစ်ခုလုံး ရာသီဥတုပြောင်းလဲ၍ လူပေါင်းသိန်းသန်းချီအောင် ဒုက္ခပင်လယ်ဝေစေသည့် ဖြစ်စဉ်ကို သန္ဓေတည်စေခဲ့သူတို့မှာ အခြားသူမဟုတ်၊ လူတို့ ကိုယ်တိုင်ပင် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀ ကျော်မတိုင်မီက ကုန်ပစ္စည်းထုတ်လုပ်ရေး၊ လယ်ယာလုပ်ငန်းစသည်တို့၌ လက်သုံးကိရိယာများ သုံးစွဲ၍ အရေအတွက် အနည်းငယ်စီသာ ထုတ်လုပ်နေခဲ့ရာမှ ၁၇၆၀ ပြည့်နှစ် ဝန်းကျင်ခန့်စ၍ စက်ကိရိယာများ သုံးစွဲ၍ အရေအတွက် အမြောက်အမြား ထုတ်လုပ်နိုင်လာခဲ့သဖြင့် ယင်းဖြစ်စဉ်ကို စက်မှုတော်လှန်ရေးဟု လည်းကောင်း၊ စက်မှုခေတ်ဟု လည်းကောင်း ခေါ်ဝေါ်ကြသည်။ စက်မှုတော်လှန်ရေး သို့မဟုတ် စက်မှုခေတ်သည် ဗြိတိန်နိုင်ငံ၌ အစပြုခဲ့ပြီး အခြားဥရောပနိုင်ငံများ၊ အမေရိကန်နိုင်ငံစသည်တို့သို့ ပျံ့နှံ့သွားခဲ့သည်။ စက်မှုခေတ်၏ မောင်းနှင်အားဖြစ်သည့် စက်ကိရိယာများကို လည်ပတ်စေရာတွင် ရုပ်ကြွင်းလောင်စာ ဖြစ်သော ကျောက်မီးသွေး၊ ထိုနောက် အခြားရုပ်ကြွင်းလောင်စာများ ဖြစ်ကြသော ရေနံ၊ သဘာဝဓာတ်ငွေ့တို့ကို လောင်မြှိုက်စေခြင်းဖြင့် စွမ်းအင်ရယူခြင်းသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၏ မူလအစ ဖြစ်သည်။
ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ ရုပ်ကြွင်းလောင်စာများကို လောင်ကျွမ်းစေရာတွင် လိုအပ်သော အပူစွမ်းအင်အပြင် မလိုလားအပ်သော ဖန်လုံအိမ်ဓာတ်ငွေ့များလည်း ထွက်ပေါ်သည်။ ဖန်လုံအိမ်ဓာတ်ငွေ့ ဆိုသည်မှာ အပူကို ဖြတ်သန်းခွင့်မပေးဘဲ ထိန်းအုပ်ထားသောစွမ်းရည် ရှိသည့် ဓာတ်ငွေ့များကို ခေါ်သည်။ အအေးပိုင်းစိုက်ခင်းများ၌ ဟင်းလင်းဖွင့်စိုက်ပျိုးလျှင် အအေးဓာတ်ကြောင့် အပင်တို့ မရှင်သန်နိုင်ကြချေ။ ဖန်လုံအိမ်၊ ပလတ်စတစ်အိမ်များဖြင့် စိုက်ခင်းများကို အုပ်မိုးကာ စိုက်ခင်းမှ ထွက်လာသော အပူဓာတ်ကို ထိန်းအုပ်ပြီး စိုက်ပျိုးမှ အပင်တို့ ရှင်သန်နိုင်ကြသည်။ ဖန်လုံအိမ်၊ ပလတ်စတစ်အိမ်များနည်းတူ လေထုတွင်းရှိ ကာဘွန်ဒိုင်အောက်ဆိုက် စသော ဓာတ်ငွေ့များသည် အပူဓာတ်ကို ထိန်းအုပ်ပေးသဖြင့် ယင်းတို့ကို ဖန်လုံအိမ်ဓာတ်ငွေ့များဟု ခေါ်သည်။
ကာဘွန်ဒိုင်အောက်ဆိုက်သည် မူလကပင် လေထုတွင်း ရှိနှင့်နေပြီးသော ဓာတ်ဖြစ်ကာ ကမ္ဘာကို အလောတော် အပူချိန်၌ နွေးထွေးစေခြင်းဖြင့် အကျိုးပြုနေသည်။ သို့သော် ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှုမှတဆင့် ယင်းဓာတ်များ လေထုတွင်း ထပ်ဝင်လာသောအခါ ရှိသင့်သည့် ပမာဏထက် ပိုလာသဖြင့် ကမ္ဘာ့အပူချိန် တက်လာရသည်။ တိုင်းတာချက်များအရ စက်မှုတော်လှန်ရေး စတင်သည့် ၁၇၆၀ ပြည့်နှစ်ခန့်အထိ လေထုတွင်း၌ ကာဘွန်ဒိုင်အောက်ဆိုက် ၂၈၀ ပီပီအမ်(လေထု အပုံ တစ်သန်းလျှင် ကာဘွန်ဒိုင်အောက်ဆိုက် အပုံ ၂၈၀) ရှိသည်။ ရုပ်ကြွင်းလောင်စာ လွန်ကဲစွာ သုံးစွဲခြင်း အပြင် မြေယာအသုံးပြုမှု ပြောင်းလဲခြင်းနှင့် စက်မှုလုပ်ငန်းများကြောင့် ၂၀ဝ၀ ပြည့်နှစ်တွင် ၃၇၀ ပီပီအမ်မျှ ရှိကာ ၂၀ဝ၅ ခုနှစ်၌ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏသည် ၃၈၀ ပီပီအမ်အထိ မြင့်တက်လာခဲ့ သည်။ ၂၀၂၁ ခုနှစ်တွင် ၄၁၃ ပီပီအမ် ဖြစ်လာသည်။ ၂၀၂၂ ခုနှစ်တွင် ၄၁၇ ဒသမ ၉ ပီပီအမ်သို့ ရောက်ရှိသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၌ လေထုတွင်းပျမ်းမျှ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏသည် ၄၂၁ ဒသမ ၈၅ ပီပီအမ် ဖြစ်သည်။
ကာဘွန်ဒိုင်အောက်ဆိုက်အပြင် ကမ္ဘာကို ပူနွေးစေရာ၌ အရေးပါသည့် အခြားဖန်လုံအိမ်ဓာတ်ငွေ့နှစ်မျိုးမှာ မီသိန်းနှင့် နိုက်ထရပ်စ်အောက်ဆိုက်တို့ ဖြစ်ကြသည်။ လေထုထဲရောက် မီသိန်းစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းသည် လူတို့ကြောင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းမှာ သဘာဝ အကြောင်းများကြောင့် ဖြစ်သည်။ လူတို့ကြောင့် ထွက်ပေါ်သော မီသိန်း၏ဇာစ်မြစ်များမှာ ဖို့မြေများ၊ သဘာဝဓာတ်ငွေ့နှင့် ရေနံထုတ်လုပ် ဖြန့်ဖြူးရေး၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊ ကျောက်မီးသွေး တူးဖော်မှု၊ စွန့်ပစ်ရေဆိုးသန့်စင်မှု၊ လောင်စာ လောင်မြိုက်မှု စသည်တို့ ဖြစ်သည်။ မွေးမြူရေးနှင့် စပါးစိုက်ပျိုးမှု တိုးချဲ့လာခြင်း၊ ရုပ်ကြွင်းလောင်စာ ထုတ်ယူမှု များပြားလာခြင်း၊ အမှိုက်နှင့်ဖို့မြေပမာဏ တိုးမြင့်လာခြင်းတို့သည် လူ့ပယောဂကြောင့် မီသိန်းပမာဏ တိုးတက်လာခြင်း၏ အကြောင်းရင်းများ ဖြစ်သည်။ ရေတိမ်ဒေသများ၊ ရေကန်များ၊ သမုဒ္ဒရာများ၊ သမုဒ္ဒရာကြမ်းပြင်ရှိ ဟိုက်ဒရိတ်အနည်များ စသည်တို့မှ ထွက်သည့် မီသိန်းများသည် သဘာဝမီသိန်းများ ဖြစ်သည်။ ယခုအခါ တစ်နှစ်လျှင် မီသိန်းဓာတ်ငွေ့ မက်ထရစ်တန်ချိန် သန်း ၅၈၀ မျှ လေထုတွင်း ဝင်ရောက်နေရာ စက်မှုခေတ် မတိုင်မီကထက် တစ်ဆခွဲ များပြားသည်။ ဓာတ်မြေသြဇာ အပါအဝင် နိုက်ထရိုဂျင်ဓာတ်ပေါင်းအမျိုးမျိုးကို သုံးစွဲရာမှ ထွက်သော နိုက်ထရပ်စ်အောက်ဆိုက်သည် ကမ္ဘာကိုပူနွေးစေရာတွင် ကာဘွန်ဒိုင်အောက်ဆိုက်ထက် ၂၉၈ ဆ ပိုမိုအားကောင်းသည့်အပြင် လေထုတွင်း၌ ပျမ်းမျှ ၁၂၁ နှစ်ခန့်အထိ တည်နေနိုင်ပြီး အိုဇုန်းလွှာကိုလည်း ပျက်စီးစေသည်။ ၂၀၂၁ ခုနှစ် တိုင်းတာချက်အရ လေထုတွင်း၌ နိုက်ထရပ်စ်အောက်ဆိုက် ၂ ဒသမ ၉၇ ဘီလျံ မက်ထရစ်တန်ရှိနေသည်။
အဓိကဖန်လုံအိမ်ဓာတ်ငွေ့များ လေထုတွင်း ပိုမိုရောက်ရှိလာသောအခါ ပျမ်းမျှကမ္ဘာ့အပူချိန်လည်း တဖြည်းဖြည်း လိုက်၍ မြင့်တက်လာသည်။
ကမ္ဘာ့ပျမ်းမျှအပူချိန်မြင့်တက်လာပုံ

ကမ္ဘာ့ပျမ်းမျှအပူချိန်များကို တိုင်းတာ တွက်ချက်ထုတ်ပြန်ပေးနေသည့် အဖွဲ့အစည်းများအနက် အမေရိကန် အာကာသ အဖွဲ့အစည်း(နာဆာ) ဂေါဒတ်အာကာသပျံသန်းရေးဌာန၊ ယူကေ မိုးလေဝသဌာန၊ အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုလေ့လာရေးအဖွဲ့၊ ဥရောပ ကော်ပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှု လေ့လာရေးဌာန စသဖြင့် ရှိကြရာ ယင်းအဖွဲ့အစည်းတစ်ခုချင်း၏ တွက်ချက်မှုများသည် အချက်အလက် ရယူစိစစ်ပုံ၊ တွက်ချက်နည်းစသည်တို့ပေါ် မူတည်ကာ ထုတ်ပြန်ပုံနှင့် ကိန်းဂဏန်း အနည်းငယ်ကွဲပြားသည်။ ဥပမာ – အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုလေ့လာရေးအဖွဲ့က ၂၀ ရာစုနှစ်အတွင်း ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၁၃ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်စ် (၅၇ ဒီဂရီဖာရင်ဟိုက်)ဟု လည်းကောင်း၊ ဥရောပ နိုင်ငံများ၏ ကော်ပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှုလေ့လာရေးဌာနက ၁၉၉၁ နှင့် ၂၀၂၀ အတွင်း ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၁၄ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ် (၅၇ ဒသမ ၉ ဒီဂရီ ဖာရင်ဟိုက်)ဟု လည်းကောင်း ပကတိကိန်းများဖြင့် ထုတ်ပြန်ကြသည်။ ပကတိကိန်းများဖြင့် ဖော်ပြခြင်းသည် သာမန်အားဖြင့် ရှင်းရှင်းလင်းလင်း ရှိသည်ဟု ဆိုနိုင်သော်လည်း တိုင်းတာရေးစခန်းများ၏ အရေအတွက်နှင့် တည်နေရာ (အနိမ့်အမြင့်၊ မြို့ပြနှင့်အနီးအဝေးစသည်)၊ မိုးလေဝသအခြေအနေ စသည်တို့ကြောင့် ဒေသတစ်ခုလုံး ခြုံငုံဖြစ်ပေါ်နေသောအပူချိန်ကို တိကျစွာ မဖော်ထုတ်နိုင်ချေ။
ထို့ကြောင့် ရာသီဥတုပြောင်းလဲခြင်း၌ အပူချိန်ကို ပကတိကိန်းဖြင့် ဖော်ပြခြင်းထက် ဒေသတစ်ခု၏ အပူချိန် သို့မဟုတ် ကမ္ဘာ့အပူချိန်သည် လွန်ခဲ့သောကာလတစ်ခုအတွင်း (ဥပမာ လွန်ခဲ့သောနှစ်ပေါင်း ၃၀ အတွင်း) ဖြစ်ပေါ်ခဲ့သော ပျမ်းမျှအပူချိန်ထက် မည်မျှတက်ခဲ့သည် သို့မဟုတ် ကျခဲ့သည်တို့ကို ညွှန်းဆိုသည့်ကိန်းဖြင့် ဖော်ပြမှုကို အတွေ့ရများသည်။ ဥပမာ – ၂၀ဝ၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ မျက်နှာပြင် အပူချိန်သည် ၁၈၅၀ ပြည့်နှစ်နှင့် ၁၉၀ဝ ပြည့်နှစ်အတွင်း အပူချိန်ထက် ဝ ဒသမ ၉၉ ဒီဂရီ ဆဲလ်စီးယပ်စ် တက်ခဲ့သည်ဟု ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ နိုင်ငံတကာ အစိုးရကိုယ်စားပြု ပညာရှင်များအဖွဲ့ (အိုင်ပီစီစီ)၏ ၂၀၂၃ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားခြင်းမျိုး ဖြစ်သည်။ ပကတိကိန်းဖြင့် ဖော်ပြခြင်း မဟုတ်ဘဲ ဖြစ်မြဲအခြေအနေမှ အပူချိန် တက်ခြင်း သို့မဟုတ် ကျခြင်းကို ညွှန်းဆိုသဖြင့် ယင်းကို သွေဖည်အပူချိန်ဟု ခေါ်သည်။ သွေဖည် အပူချိန်သည် တိုင်းတာရေးစခန်းများ၏ အရေအတွက်နှင့် တည်နေရာ၊ မိုးလေဝသအခြေအနေ စသည်တို့၏ သက်ရောက်မှု နည်းပါးကာ ဒေသတစ်ခုတွင် ပေါ်ပေါက်နေသော အပူချိန်အတက်အကျကို မှန်ကန်စွာ ဖော်ပြသဖြင့် ရာသီဥတုပြောင်းလဲခြင်းကို လေ့လာရာတွင် ပကတိအပူချိန်ထက် ပိုမိုအသုံးဝင်သည်။ ကမ္ဘာ့ပျမ်းမျှပကတိအပူချိန် တက်နေသကဲ့သို့ သွေဖည်အပူချိန်လည်း တအိအိတက်နေရာ ကမ္ဘာ့မိုးလေဝသအဖွဲ့က နိုင်ငံတကာ ကမ္ဘာ့အပူချိန် တိုင်းတာရေးဌာန ခြောက်ခု၏ အချက်အလက်များကို ကိုးကား၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုခေတ်ဦးကာလကထက် ၁ ဒသမ ၄၅ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်လွန်မြင့်တက်ခဲ့ကြောင်း သိရသည်။
ပါရီသဘောတူညီချက်
ပညာရှင်တို့သည် ကမ္ဘာ့အပူချိန်တက်နေခြင်းကို ရှောင်လွှဲ၍ မရနိုင်တော့သည့် အခြေအနေအဖြစ် လက်ခံပြီး အပူချိန် ထပ်မတက်အောင် အားမထုတ်ကြတော့ဘဲ တက်မှုပမာဏကိုသာ ကန့်သတ်ရန် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ပြင်သစ်နိုင်ငံ ပါရီမြို့၌ စည်းဝေး ဆုံးဖြတ်သဘောတူညီခဲ့ကြသည်။ ပါရီသဘောတူညီချက်ဟု ထင်ရှားသည့် ယင်းဆုံးဖြတ်ချက်အရ ထပ်တက်မည့် ကမ္ဘာ့အပူချိန် ပမာဏသည် စက်မှုခေတ်ဦးကာလ အပူချိန်နှင့် နှိုင်းယှဉ်လျှင် ၂ ဒီဂရီ ဆဲလ်စီးယပ်စ်အောက် များစွာ လျော့နည်းစေရန်၊ ဖြစ်နိုင်လျှင် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုမတက်စေရန် အားထုတ်ကြဖို့ ဖြစ်သည်။ ၂ ဒီဂရီ၊ ၁ ဒသမ ၅ ဒီဂရီဟု သတ်မှတ်ရခြင်းမှာ ယင်းအပူချိန်အမှတ်များသို့ ရောက်မှ ရာသီဥတုဘေးနှင့် ကြုံရမည်၊ မရောက်သေးလျှင် ဘေးမရှိသေးဟု ဆိုလိုခြင်း မဟုတ်ပေ။ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ဖြစ်စဉ်များသည် အပူချိန် ပုံမှန်မှ အနည်းငယ်သွေဖည်လျှင် အနည်းငယ်လိုက်၍ ပြောင်းပြီး များစွာသွေဖည်လျှင် များစွာ ပြောင်းလဲသည်။ ကမ္ဘာ့အပူချိန်သည် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုတက်လျှင် ဖြစ်ပေါ်လာမည့် အပြောင်းအလဲများသည် သိသာစွာ ကြီးမားပြင်းထန်ပြီး ၂ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုတက်လျှင်မူ ရာသီဥတုစနစ်တစ်ခုလုံး ဟန်ချက်ပျက်ကာ တစ်ကမ္ဘာလုံး ကပ်ဘေးဆိုက်သည်အထိ ဖြစ်သွားနိုင်သည်။
ဥပမာ – ကမ္ဘာ့အပူချိန်သည် စက်မှုခေတ်ဦးကာလကထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုတက်လျှင် အပူလွန်ကဲသောဖြစ်စဉ် ၁၄ ရာခိုင်နှုန်းပိုများလာကာ ၂ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုတက်လျှင် အပူလှိုင်း ၃၇ ရာခိုင်နှုန်း ပိုများမည်။ ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုတက်လျှင် ငါးဖမ်းဆီးရရှိမှု တန်ချိန် တစ်နှစ် ၁ ဒသမ ၅ သန်း လျော့နည်းကာ ၂ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုတက်လျှင် ငါးဖမ်းဆီးရရှိမှု တန်ချိန် တစ်နှစ် သုံးသန်း လျော့နည်းမည်။ ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုတက်လျှင် အာတိတ် သမုဒ္ဒရာတွင် နွေအခါ ရေခဲ လုံးဝ အရည်ပျော်သွားခြင်းမျိုး နှစ်တစ်ရာတွင် တစ်ကြိမ် ကြုံရမည်။ ၂ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုတက်လာလျှင်မူ ဆယ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ကြုံရမည်။ ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်သာ ပိုတက်လျှင် သန္တာကျောက်တန်းများသည် ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအတွင်း ပျက်စီးပြီး ၂ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုတက်လျှင် အားလုံးနီးပါး ပျက်စီးမည်။ ကမ္ဘာ့ ပျမ်းမျှ အပူချိန်တက်မှုကို ၁ ဒသမ ၅ ဒီဂရီဆဲလ် စီးယပ်စ် သာ ပိုတက်အောင် ထိန်းမထားနိုင်သဖြင့် ၂ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုတက်လာလျှင် ပျမ်းမျှ ပင်လယ် ရေပြင်သည် ဝ ဒသမ ၆ မီတာ ပိုတက်မည်။ ထို့ကြောင့် ကမ္ဘာ့ပျမ်းမျှအပူချိန်ကို ဖြစ်နိုင်လျှင် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်သာ ပိုတက်အောင်၊ ယင်းသို့ မဖြစ်နိုင်ပါက ၂ ဒီဂရီ မကျော် အောင် ထိန်းထားနိုင်ရန် အရေးကြီးခြင်း ဖြစ်သည်။
အပူချိန် တက်ခြင်း၊ မတက်ခြင်းသည် ရုပ်ကြွင်းလောင်စာအသုံးများခြင်း မများခြင်း၊ ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ အထွက်များခြင်း မများခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည့်အတွက် ပါရီသဘောတူညီချက်အရ နိုင်ငံအသီးသီးသည် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို ၂၀၃၀ ပြည့်နှစ်ရောက်လျှင် ၂၀၁၀ ပြည့်နှစ် ပမာဏထက် ၄၅ ရာခိုင်နှုန်း လျှော့ချပြီး ဖြစ်ရမည်။ နောက်အကျဆုံး ၂၀၃၀ ပြည့်နှစ်တွင် မိမိတို့ကြောင့် ထွက်မည့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏကို မည်မျှအထိ လျှော့ချပါ မည်ဟု စီမံတွက်ချက်ထားသည့် နိုင်ငံအလိုက် လျာထားချက်များကို အဆိုပြုတင်ပြကြရသည်။ ဥပမာ – အီးယူနိုင်ငံများက ယင်းတို့၏ ဓာတ် ငွေ့ထုတ်လွှတ်မှုကို ၂၀၃၀ ပြည့်နှစ်ရောက်လျှင် ၁၉၉၀ ပြည့်နှစ်က ထုတ်လွှတ်ခဲ့သော ပမာဏ၏ ၄၀ ရာခိုင်နှုန်းအောက် ဖြစ်စေရမည်ဟု လည်းကောင်း၊ အမေရိကန်နိုင်ငံက ယင်း၏ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၂၅ ခုနှစ် ရောက်လျှင် ၂၀ဝ၅ ခုနှစ်က ထုတ်လွှတ်ခဲ့သော ပမာဏ၏ ၂၈ ရာခိုင်နှုန်းအထိ လျှော့ချမည်ဟု လည်းကောင်း အဆိုပြု ကြေငြာခဲ့ခြင်းမျိုး ဖြစ်သည်။ ကမ္ဘာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အနည်းဆုံး နိုင်ငံများထဲတွင် ပါဝင်သည့် မြန်မာနိုင်ငံကလည်း ၂၀၃၀ ပြည့်နှစ် အရောက်တွင် ကာဘွန်ဒိုင်အောက်ဆိုက်ညီမျှကိန်း တန်ချိန် ၂၄၄ ဒသမ ၅၂ သန်းကို မဖြစ်မနေ လျှော့ချမည် ဖြစ်ပြီး နိုင်ငံတကာမှ ငွေကြေးနှင့် နည်းပညာ အကူအညီရလျှင် ကာဘွန်ဒိုင်အောက်ဆိုက်ညီမျှကိန်း တန်ချိန် ၄၁၄ ဒသမ ၇၅ သန်းအထိ လျှော့ချမည်ဟု ကတိကဝတ်ပြုထားသည်။
ယင်းနိုင်ငံအလိုက် လျာထားချက်များ အတိုင်း အမှန်တကယ် လျှော့ထုတ်မထုတ် ငါးနှစ် တစ်ကြိမ် ပြန်လည် စစ်ဆေးသုံးသပ်ရန်၊ ရာသီဥတုဘေးမှ ကာကွယ်ခြင်း၊ ဘေးဒဏ်ခံနိုင်အောင် အစီအမံများ လုပ်ဆောင်ခြင်း စသည်တို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအား ငွေကြေးအကူအညီပေးရန် ပါရီသဘောတူညီချက်တွင် ပါရှိသည်။
ထိုသို့သဘောတူခဲ့ကြ၊ ကတိကဝတ်ပြုခဲ့ကြသော်လည်း လက်တွေ့တွင် နိုင်ငံအများစုသည် ဓာတ်ငွေ့ လျှော့ချရေးကို ကိုင်တွယ်လုပ်ဆောင်ရာ၌ များစွာ နည်းပါးနေ၊ နှေးကွေးနေသည်။ ထို့ပြင် ဖွံ့ဖြိုးပြီး နိုင်ငံများက ဖွံ့ဖြိုးဆဲ နိုင်ငံ များအား ရာသီဥတုဆိုင်ရာ ငွေကြေးအကူအညီ ပေးရာတွင်လည်း များစွာ နည်းပါးနေ၊ နှောင့်နှေး နေသည်။ တချိန်တည်းတွင်ပင် ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်မှု သဘာဝဘေးအန္တရာယ်များသည် ပို၍ ဆိုးရွားလာ ပြင်းထန်လာနေသည်။ ယခုအတိုင်း သွားပါက ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၂၁၀ဝ ပြည့်နှစ်၌ စက်မှုခေတ်ဦးကထက် ၂ ဒသမ ၇ ဒီဂရီ ဆဲလ်စီး ယပ်စ် ပိုတက်မည်ဟု ပညာရှင်အချို့က ခန့်မှန်းသည်။
၂၈ ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းညီလာခံ

ယင်းအခြေအနေ၌ (Conference of Parties) COP စီအိုပီ ဟု အတိုကောက် ခေါ်သည့် ကုလသမဂ္ဂ ရာသီ ဥတု ပြောင်းလဲခြင်း ညီလာခံကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ လ ၃၀ ရက်နေ့မှ စတင်ကျင်းပခဲ့သည်။ (Conference of Parties) COP စီအိုပီ ဆိုသည်မှာ ရာသီဥတု ပြောင်းလဲခြင်း ဖြစ်စဉ်ကို အရေးယူကိုင်တွယ်လုပ် ဆောင်ရန် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သဘောတူညီချက် မူဘောင် စာချုပ်အရ ဖွဲ့စည်း တာဝန်ပေးခြင်းခံရသည့် အဖွဲ့ဖြစ် သည်။ ၁၉၉၅ ခုနှစ်မှစ၍ စီအိုပီအဖွဲ့က တစ်နှစ်တစ်ကြိမ် ပြုလုပ်သော အစည်းအဝေးများကို ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်း ညီလာခံဟု ခေါ်ဝေါ်သည်။ ၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်း ညီလာခံ သို့မဟုတ် COP 28 ကျင်းပသည့်နေရာ အဖြစ် ရေနံထုတ် နိုင်ငံဖြစ်သော ယူအေအီးကို လည်းကောင်း၊ ညီလာခံအကြီးအကဲအဖြစ် အဘူဒါဘီ ရေနံကုမ္ပဏီ အကြီးအကဲ ဒေါက်တာဂျဘားအား လည်းကောင်း ရွေးချယ်ခဲ့ခြင်းတို့ကြောင့် ကန့်ကွက်သူ အများအပြား ရှိခဲ့သည်။ ကန့်ကွက်မှုများကို ကျော်လွှား၍ ညီလာခံကိုကျင်းပခဲ့ရာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အပြီးသတ်ရန် ရာထားခဲ့သော်လည်း ကြာမြင့်လှသော ဆွေးနွေး ငြင်းခုံမှုများကြောင့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နံနက်တွင်မှ အားလုံးသဘော တူညီချက်ကို ထုတ်ပြန်ကြေငြာနိုင်ခဲ့သည်။
စာလုံးရေ ၁၁၀ဝ၀ ခန့်ပါသည့် ယင်း သဘော တူညီချက်တွင် ”ရုပ်ကြွင်းလောင်စာ” ဟူသော စာလုံးကို ထည့်သွင်းနိုင်ခြင်းမှာ ထူးခြားသောအောင်မြင်မှုဟု ဆိုကြသည်။ ရုပ်ကြွင်းလောင်စာများကို နိုင်ငံတိုင်းတွင် သုံးစွဲနေကြသဖြင့် ကမ္ဘာ့စီးပွားရေးကို မောင်းနှင်နေသော အဓိကလောင်စာများ ဖြစ်ကြသည်။ ၂၀၂၂ ခုနှစ်က ထည့်ဝင်လည်ပတ်ငွေ အမေရိကန်ဒေါ်လာ ခုနစ် ထရီလျံ ရှိပြီး လူပေါင်း ၃၂ သန်းကို အလုပ်အကိုင် ဖန်တီး ပေးထားနိုင်အောင် ကြီးမားလှသောလုပ်ငန်း ဖြစ်ပြီး ယင်း လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူတို့ ၏ သြဇာကြောင့် ရုပ်ကြွင်းလောင်စာ အသုံးကို လျှော့ရန် မဆိုထားဘိ၊ ယူအေအီး ညီလာခံမတိုင်မီအထိ သဘောတူညီချက်များ၌ ယင်းဝေါဟာရ ထည့်သွင်းဖော်ပြရန် ကြိုးပမ်းသည်ကိုပင် ကန့်ကွက် ပယ်ချခံခဲ့ရရာ ယခုသဘောတူညီချက်တွင် ”ရုပ်ကြွင်းလောင်စာ” ပါလာခြင်းသည် ထူးခြားသည်ဟု ဆိုခြင်း ဖြစ်သည်။ ၂၀၅၀ ပြည့်နှစ်၌ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အသားတင်သုည ဖြစ်ရေးအတွက် ရုပ်ကြွင်းလောင်စာများ သုံးစွဲနေခြင်းမှ အခြားနည်းလမ်းများသို့ အဆင့်ဆင့် ပြောင်းလဲလုပ်ဆောင်ရန်ဟု ယူအေအီးသဘောတူညီချက်တွင် ဖော်ပြထားသည်။
အခြားနည်းလမ်းများဟု ဆိုရာတွင် ၂၀၃၀ ပြည့်နှစ် အရောက်တွင် ယခုထက် ပြန်ပြည့်မြဲစွမ်းအင်ကို သုံးဆတိုးသုံးစွဲရန်၊ စွမ်းအင်စွမ်းဆောင်ရည်ကို နှစ်ဆမြှင့်တင်ရန် ရည်မှန်းသည်။ စွမ်းအင်သိုလှောင်ခြင်း၊ ကာဘွန်ဖမ်းယူသိုလှောင်ခြင်းတို့ကို ဆက်လက် ကြိုးပမ်းလုပ်ဆောင်ရန်၊ နျူကလီးယား စွမ်းအင်ကို တိုးမြှင့်သုံးစွဲရန်၊ ကာဘွန် အရောင်းအဝယ်စနစ်ကို တိုးချဲ့ရန် စသည်တို့လည်း ယူအေအီးသဘောတူညီချက်တွင် ပါဝင်သည်။
ပြန်ပြည့်မြဲစွမ်းအင်ဆိုသည်မှာ သုံးစွဲလိုက်သော်လည်း ကုန်ခန်းမသွားနိုင်အောင် များပြားလှသည့် စွမ်းအင် ဇာစ်မြစ်များ၊ ယာယီလျော့နည်းသွားသော်လည်း တစ်နည်းနည်းဖြင့် ပြန်လည် ပြည့်တင်းလာသော စွမ်းအင် ဇာစ်မြစ်များကိုခေါ်သည်။ အများဆုံးသုံးနေကြသည့် ပြန်ပြည့်မြဲစွမ်းအင်များအနက် ဆိုလာ၊ လေအား၊ ဘူမိ အပူတို့သည် သုံးစွဲလိုက်သော်လည်း ကုန်ခန်းမသွားနိုင်အောင် များပြားလှသည့် စွမ်းအင် ဇာစ်မြစ်များ ဖြစ်ပြီး ရေအားနှင့် ဇီဝလောင်စာ စသည်တို့သည် သုံးလိုက်၊ ပြန်လည်ဖြစ်ထွန်းလာလိုက်နှင့် အဆက်မပြတ် ရနိုင်သော စွမ်းအင်များ ဖြစ်ကြသည်။ ပြန်ပြည့်မြဲစွမ်းအင်များကို သုံးစွဲခြင်းမှ ကာဘွန်ဒိုင်အောက်ဆိုက် တိုက်ရိုက်ထွက်ပေါ်ခြင်း မရှိသဖြင့် ရာသီဥတုပြောင်းလဲနေသောကမ္ဘာတွင် သုံးစွဲမှုဆက်တိုက် မြင့်တက်လျက် ရှိသည်။ ပြန်ပြည့်မြဲစွမ်းအင်များထဲတွင် အဓိကဖြစ်ကြသည့် ဆိုလာနှင့် လေအားတို့ဖြင့် ၂၀ဝ၀ ပြည့်နှစ်က လျှပ်စစ် ၃၂ တယ်ရာဝပ်-နာရီ ထုတ်လုပ်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၌ ၂၄၀ဝ တယ်ရာဝပ်-နာရီ ထုတ်လုပ်ခဲ့သည်။
ပြန်ပြည့်မြဲစွမ်းအင်များကို သုံးစွဲမှု များလာကာ ထုတ်လုပ်စရိတ် ကျဆင်းလာနေသော်လည်း တည်ဆောက် စရိတ် ကြီးမြင့်နေမှုက အားနည်းချက်တစ်ခု ဖြစ်နေသည်။ လေ၊ ဆိုလာ အပါအဝင် အချို့သော ပြန်ပြည့်မြဲ စွမ်းအင် ဇာစ်မြစ်များသည် အချိန်ပြည့် မလည်နိုင်၊ အချိန်ပိုင်းမျှသာ လျှပ်စစ် ထုတ်ပေးနိုင်သည်။ လေအား တာဘိုင်များသည် လေတိုက်မှ လည်သည်။ ဆိုလာစက်ရုံသည် နွေတွင် လျှပ်စစ်ပိုလျှံနေအောင် ထုတ်နိုင်သော်လည်း ဆောင်းတွင် အနည်းငယ်မျှသာ ထုတ်နိုင်သည်။ ထို့ကြောင့် လေအားစက်ရုံနှင့် ဆိုလာစက်ရုံတို့သည် တပ်ဆင်စွမ်းအား၏ ၃၀ ရာခိုင်နှုန်းနီးနီးကိုသာ လျှပ်စစ် ထုတ်ပေးနိုင်သည်။
ထို့ပြင် လေအားနှင့် ဆိုလာတို့သည် ကျောက်မီးသွေး၏ ဈေးချိုမှုကို မယှဉ်နိုင်သေးချေ။ ထို့ကြောင့် မိမိတို့နိုင်ငံ အသီးသီးတွင် ကျောက်မီးသွေး ထွက်နေ၊ ကျောက်မီးသွေးသုံးစက်ရုံများကိုလည်း ဆောက်လုပ် လည်ပတ် အသုံးပြုလျက်ရှိသဖြင့် ဘေးထွက် ဆိုးကျိုးများ ရှိနေစေကာမူ ကျောက်မီးသွေး စက်ရုံများကို အချိန်တိုအတွင်း ပိတ်သိမ်းကာ တည်ဆောက်စရိတ် များသော ပြန်ပြည့်မြဲ စွမ်းအင်ကို အဆောတလျင် အသုံးပြုမည်မဟုတ်ချေ။ ယင်း စွမ်းအင်များကို အင်ပြည့်အားပြည့် အသုံးပြုရန် တရုတ်၊ အမေရိကန်နှင့် အိန္ဒိယအပါအဝင် နိုင်ငံများအဖို့ အချိန်ယူရဦးမည်။ ၂၀၂၂ ခုနှစ် လျှပ်စစ်ထုတ်လုပ်မှုကို ကြည့်လျှင် ရုပ်ကြွင်းလောင်စာများဖြင့် ၆၁ ရာခိုင်နှုန်း၊ ပြန်ပြည့်မြဲစွမ်းအင်များဖြင့် ၂၉ ဒသမ ၈ ရာခိုင်နှုန်း၊ နျူကလီးယားဖြင့် ၉ ဒသမ ၂ ရာခိုင်နှုန်း ထုတ်လုပ်ခဲ့ကြောင်း တွေ့ရမည်။ ငွေကြေး၊ နည်းပညာ၊ ထုတ်လုပ်မှုအင်အားစသည်တို့အပြင် နေရာ အကန့်အသတ်ဖြင့်သာ ထုတ်ယူနိုင်သော ဆိုလာနှင့် လေစွမ်းအင်ကို သုံးစွဲသော မြို့ရွာစက်ရုံများသို့ ပို့မည့် ဓာတ်အား ကွန်ရက်သည် နေရာတိုင်းတွင် ရှိမနေချေ။ အမေရိကန်ပြည်ထောင်စု၌ပင် ဓာတ်အားကွန်ရက်ကို တိုးချဲ့ဖို့ လိုနေသည်။
၂၀၂၃ ခုနှစ် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်း ညီလာခံ၌ သဘောတူညီချက်အရ ၂၀၃၀ ပြည့်နှစ် အရောက်တွင် ပြန်ပြည့်မြဲစွမ်းအင်ကို ယခုထက် သုံးဆတိုးသုံးစွဲရန် အခက်အခဲများစွာကို ကျော်ဖြတ်ကြရမည်။
ယူအေအီးသဘောတူညီချက်ကို ဝေဖန်သူများက ရုပ်ကြွင်းလောင်စာ ထုတ်လုပ်သောနိုင်ငံများသည် သဘောတူညီချက်၏ ဟာကွက်များ၊ အားနည်းချက်များကို အသုံးချ၍ ယင်းလောင်စာများ တတ်နိုင်သမျှ ဆက်လက်ထုတ်လုပ်ခြင်းနေဦးမည်ဟု ထောက်ပြကြသည်။ မည်သို့ရှိစေ၊ ယူအေအီး ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းညီလာခံ၏ သဘောတူညီချက်သည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရများ၊ ရင်းနှီးမြှုပ်နှံသူများအား ရုပ်ကြွင်း လောင်စာကဏ္ဍကို လျှော့ချကာ ပြန်ပြည့်မြဲစွမ်းအင်ဘက်သို့ အာရုံစိုက်လုပ်ဆောင်ကြရန် တပ်လှန့်ပေးလိုက်ပြီဟု ဆိုကြသည်။
One thought on “၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်း ညီလာခံ”