ကမ္ဘာ့ပျမ်းမျှ ပင်လယ်ရေမျက်နှာပြင်သည် နှစ်ပေါင်းသောင်းနှင့်ချီ၍ သိသာသော အတိုးအလျော့ မရှိဘဲ တန့်နေခဲ့ရာမှ ယခုအခါ ကမ္ဘာအနှံ့၌ တအိအိမြင့်တက်လာလျက်ရှိသည်သာမက မြင့်တက်မှုသည် အရှိန်ရလာနေသည်။
ပင်လယ်ရေပြင် မြင့်တက်လာခြင်း၏ အဓိကအကြောင်းမှာ ကမ္ဘာ့မြောက်ဘက် ဂရင်းလန်းကျွန်းနှင့် တောင်ဘက်စွန်း အန္တာတိကတိုက်တို့ရှိ ရေခဲများ အရည်ပျော်လာနေသောကြောင့် ဖြစ်သည်။ ဟိမဝန္တာ၊ အဲလ်ပ်စသည့် တောင်ထိပ်ရေခဲပြင် အရည်ပျော်မှုများ ရှိသော်လည်း ဂရင်းလန်းကျွန်းနှင့် တောင်ဝင်ရိုးစွန်း ရေခဲအရည်ပျော်မှုကဲ့သို့ ပင်လယ်ရေပြင်မြင့်တက်ရာတွင် အရေးမပါပေ။ ရေသည် ပူသောအခါ ပွယောင်းလာသည့်အတိုင်း တက်လာနေသော ကမ္ဘာ့လေထုအပူချိန်ကြောင့်လည်း ပင်လယ်ရေပြင် မြင့်လာနေသည်။ ပင်လယ်ရေပြင်မြင့်တက်မှုပမာဏ၏ သုံးပုံနှစ်ပုံသည် ရေခဲအရည်ပျော်ခြင်းကြောင့် ဖြစ်ပြီး သုံးပုံတစ်ပုံသည် ရေထုပွယောင်းလာခြင်းကြောင့် ဖြစ်သည်။
အမေရိကန်နိုင်ငံ အမျိုးသားအဏ္ဏဝါနှင့် လေထုလေ့လာရေးအဖွဲ့၏ လေ့လာချက်အရ ကမ္ဘာ့ ပျမ်းမျှ ပင်လယ်ရေ မျက်နှာပြင်သည် ၁၈၈၀ ပြည့်နှစ်ကထက် ၂၁ မှ ၂၄ စင်တီမီတာ (ရှစ်လက်မမှကိုးလက်မ)မျှ တက်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ၁၉၉၃ ခုနှစ်ကထက် ၉၇ မီလီမီတာ (၃ ဒသမ ၈ လက်မ)ခန့် တက်ခဲ့သည်။ ကမ္ဘာ့ ပျမ်းမျှပင်လယ်ရေပြင် မြင့်တက်နှုန်းသည် ၂၀ ရာစုနှစ်အတွင်းက တစ်နှစ်လျှင် ၁ ဒသမ ၄ မီလီမီတာ (ဝ ဒသမ ၆ လက်မ) နှုန်းတက်ခဲ့သော်လည်း ၂၀၁၆ မှ ၂၀၁၅ ခုနှစ်အတွင်း တစ်နှစ်လျှင် ၃ ဒသမ ၆ မီလီမီတာ (ဝ ဒသမ ၁၄ လက်မ)နှုန်း တက်ခဲ့သဖြင့် နှစ်ဆခွဲခန့် ပိုမြန်လာသည်ဟု သိရသည်။
ပျမ်းမျှပင်လယ်ရေပြင်၏အမြင့် ဆိုသည်မှာ လှိုင်းလှုပ်ရှားမှု မရှိဘဲ ငြိမ်သက်နေသော ပင်လယ်ရေပြင်နှင့် ကုန်းမြေပေါ်ရှိ ရည်ညွှန်းအမှတ်အသားတစ်ခု၏ ထောင်လိုက် အကွာအဝေးကို ခေါ်သည်။
ပျမ်းမျှပင်လယ်ရေပြင်၏အမြင့်ကို တိုင်းတာသည့် နေရာသည် ပင်လယ်ပြင်နှင့် အတားအဆီး အကာအကွယ် မရှိ၊ ဟင်းလင်းပွင့်နေရာ ဖြစ်ရသည်။ ဒေသတစ်ခုရှိပင်လယ်ရေပြင်သည် ရေမျက်နှာပြင်အောက်ရှိ ပင်လယ်ကြမ်းပြင်၏ သွင်ပြင်၊ ရေစီးကြောင်း၊ လေတိုက်နှုန်း၊ မြေပြင်ကျွံဆင်းမှု ကြွတက်မှုစသည်တို့ပေါ် မူတည်ပြီး ပြောင်းလဲသည်။ ယင်းနေရာ၌ ပင်လယ်ရေပြင်ကို တစ်လအတွင်း၊ သို့မဟုတ် တစ်နှစ်အတွင်း အကြိမ်များစွာ တိုင်းတာပြီး ပျမ်းမျှကိန်းတွက်ချက်ကာ ယင်းဒေသရှိ ပျမ်းမျှ ပင်လယ်ရေပြင်၏အမြင့်ဟု သတ်မှတ်သည်။
မြန်မာနိုင်ငံ၏ ပျမ်းမျှပင်လယ်ရေပြင်ကို တိုင်းတာခြင်းအပါအဝင် မြေတိုင်းလုပ်ငန်းများကို ဆောင်ရွက်ရာ၌ မွန်ပြည်နယ် ကျိုက္ခမီ စက်စဲကမ်းခြေရှိ အမှတ်တစ်ခုကို ရည်ညွှန်းအမှတ်အဖြစ် အသုံးပြုသည်။ ကမ္ဘာ့ပျမ်းမျှပင်လယ်ရေပြင်၏ အမြင့်ကို လွန်ခဲ့သောနှစ်တစ်ရာကျော်က စ၍ ကမ္ဘာတစ်ဝန်းလုံးရှိ ဒီရေ တိုင်းတာရေးကိရိယာများဖြင့် တိုင်းတာခဲ့ကြသည်။ ယခုအထိ အလုပ်လုပ်ဆဲ ဒီရေတိုင်းကိရိယာများအနက် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုအနီး ခရစ်စီဖီးအရပ်ရှိ ကိရိယာသည် သက်တမ်းအရင့်ဆုံးဖြစ်သည်။ ယင်းကိရိယာကို ၁၈၅၄ ခုနှစ် ကတည်းက စတင်အသုံးပြုခဲ့သည်။ ကနဦး ပင်လယ် ဒီရေတိုင်းတာရေး ကိရိယာများသည် ဘော်ယာ သို့မဟုတ် ပုံသေတိုင်တစ်ခုတွင် ချည်ထားသည့် ဧရာမပေတံကြီး တစ်ချောင်းသာ ဖြစ်ခဲ့သည်။ ဒီရေ အတက်အကျကို ပေတံပေါ်၌ လူကိုယ်တိုင်လာဖတ်ရသည်။ ၁၉ ရာစု နှောင်းပိုင်းတွင် ပင်လယ်ရေနှင့်အတူ လိုက်၍ အတက်အကျ လုပ်သည့် ဘောလုံးတွင် တွဲချည်ထားသော မင်ချောင်းဖြင့် စာရွက်ပေါ်တွင် အမှတ်အသား လုပ်ထားသည့် ကိရိယာများပေါ်လာသည်။
၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ရေဒါသုံး အမြင့်တိုင်းကိရိယာများဖြင့် ဂြိုဟ်တုပေါ်မှ လှမ်း၍ တိုင်းသည်။
ဒေသတစ်ခုစီရှိ ပျမ်းမျှပင်လယ်ရေပြင်၏ အမြင့်များ၊ ဂြိုဟ်တုများဖြင့် တိုင်းတာသည့် ကမ္ဘာ့ သမုဒ္ဒရာ ရေပြင်များ၏ အမြင့်များကို စုပေါင်းပုံဖော် လိုက်သောအခါ တစ်ကမ္ဘာလုံးရှိ ပင်လယ်ရေပြင် အနိမ့်အမြင့် ပြောင်းလဲနေပုံကို သိနိုင်သည်။ ကမ္ဘာ့ ပျမ်းမျှပင်လယ်ရေပြင်သည် –
၁၉၀၁ ခုနှစ်နှင့် ၁၉၉၀ ပြည့်နှစ်ကြားကာလ၌ တစ်နှစ်လျှင် ၁ ဒသမ ၄ မီလီမီတာနှုန်း၊ ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်ကြားကာလ၌ တစ်နှစ်လျှင် ၃ ဒသမ ၆ မီလီမီတာနှုန်းဖြင့် တက်လာခဲ့သည်ဟု ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာနိုင်ငံတကာ အစိုးရ ပညာရှင်များအဖွဲ့(အိုင်ပီစီစီ)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၁၉၉၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်ကြား နှစ်ပေါင်း ၃၀ အတွင်း ကမ္ဘာ့ပျမ်းမျှပင်လယ်ရေပြင်သည် ၉၈ ဒသမ ၅ မီလီမီတာတက်ခဲ့သည်ဟု အမေရိကန် အာကာသအဖွဲ့အစည်း (နာဆာ)၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။
လူတို့က ယခုထုတ်လွှတ်နေသော ဖန်လုံအိမ် ဓာတ်ငွေ့များကို လုံးဝရပ်တန့်လိုက်လျှင်သော်မှ လေထုနှင့်ရေထုတွင်း ရောက်နေပြီးသော ဓာတ်ငွေ့များ ၏ အပူကြောင့် ပင်လယ်ရေပြင်သည် ဆက်လက်မြင့် တက်ရန် သေချာနေသည်။ ၁၉၈၆ ခုနှစ်နှင့် ၂၀ဝ၅ ခုနှစ်ကြားရှိ ပင်လယ်ရေပြင်ထက် ၂၁၀ဝ ပြည့်နှစ်တွင် ဝ ဒသမ ၄၃ မီတာနှင့် ဝ ဒသမ ၈၄ မီတာကြား ပို မြင့်ရန် ရှိသည်။ ၂၁၀ဝ ပြည့်နှစ်နောက်ပိုင်းတွင် တက် နှုန်းပို၍ မြန်လာမည်။
ပင်လယ်ရေပြင်မြင့်တက်ခြင်း၏ သက်ရောက်မှုကို ကမ်းရိုးတန်းဒေသများက ပို၍ ခံစားကြရမည်။ ပင်လယ်ရေပြင် ၂ ဒသမ ၅ စင်တီမီတာ (၁ လက်မ) မြင့်တက်လာတိုင်း ရေပြင်သည် ကုန်းတွင်းပိုင်းသို့ ပျမ်းမျှ ၂ ဒသမ ၅ မီတာ (၈ ဒသမ ၅ ပေ)ခန့် တိုးဝင်ရောက်ရှိသည်။ ပင်လယ်ရေသည် ဤနည်းဖြင့် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်၍ ဒေသ အများအပြားကို လွှမ်းမိုးနိုင်သည့် အန္တရာယ်ရှိသည်။ မုန်တိုင်း တိုက်သောအခါ လေသည် ရေထုအား ပင် လယ်ဘက်မှ ကုန်းတွင်းဘက်သို့ ဖိ၍ တွန်းသဖြင့် ကမ်းခြေ တလျှောက် ရေပြင် မြင့်တက်လာသော သဘော ရှိသည်။ မြင့်တက်လာသော ပင်လယ်ရေပြင်ကြောင့် မုန်တိုင်းတိုက်သောအခါ ရေလွှမ်းမိုးမှု ပို၍ဆိုးလာမည်။ မြင့်တက်လာသောပင်လယ်ရေပြင်က မြေအောက်ရေကြောများထဲသို့ ဆားငန်ရေများ ဝင်ရောက်ရောနှောကြသည်။ မြေပေါ် မြေအောက်ရေချို အရင်းအမြစ်များထဲသို့ ရေငန်များ ဝင်ရောက် ရောနှောကာ သောက်သုံးရေ၊ စိုက်ပျိုးရေများအတွက် အခက်တွေ့ကြရမည်။
အဆိုပါဖြစ်စဉ်၏ သာဓကတစ်ခုအနေဖြင့် အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ် ဟီလ်တန်ဟက်ဒ် အိုင်းလင်းကို ကြည့်နိုင်သည်။ ဟီလ်တန်ဟက်ဒ်အိုင်းလင်းသည် ဂေါက်ကွင်းများ၊ လှပသော ကမ်းခြေများကြောင့် နွေရာသီတွင် အပန်းဖြေအနားယူသူ အများအပြားလာရောက်ကြသော ဒေသဖြစ်သည်။ ယင်းဒေသအတွက် သောက်သုံးရေကို စက်ရေတွင်း ၁၂ တွင်းဖြင့် ရယူသည်။ နောက်ပိုင်းတွင် မြေအောက်ရေ ထုတ်ယူမှု များလွန်းသဖြင့် ရေငန်များ ဝင်လာခြင်းကြောင့် စက်ရေတွင်း ၁၂ တွင်းအနက် ခြောက်တွင်းသည် သောက်၍မရတော့ သည်အထိ ငန်သွားသဖြင့် ပိတ်ပစ်လိုက်ရသည်။ အသုံးများသည့် အပြင် ပင်လယ်ရေပြင် မြင့်တက်လာခြင်းကြောင့် ရေငန်သည် ပင်လယ်ဘက်မှ ကုန်းတွင်း မြေအောက် ရေကြောများထဲသို့ ဆက်လက်၍ တစ်နှစ်လျှင်ပေ ၄၀ဝ နှုန်းဖြင့် တိုးချဲ့ဝင်ရောက်နေရာ ၂၀၂၄ ခုနှစ်တွင် နောက်ထပ် စက်ရေတွင်း ငါးတွင်းထဲသို့ ရေငန်ဝင်တော့မည် ဖြစ်သည်။
ကမ္ဘာ့မြို့ကြီး ၁၀ မြို့အနက် ရှစ်မြို့သည် ကမ်းရိုးတန်းပေါ် သို့မဟုတ် ကမ်းရိုးတန်းနှင့် မလှမ်းမကမ်း၌ တည်ရှိကြသည့်အပြင် တိုးတက်လာသော လူဦးရေအတွက် မြို့ပြများကို ချဲ့ထွင်ကြ၊ အသစ် တည်ဆောက်ကြရာတွင် ကမ်းရိုးတန်း အောက်ခံမြေပျော့များပေါ်၌ မြင့်မားလေးလံသည့် အဆောက် အအုံများ ပါရှိလျှင် မြေပြင်နိမ့်ကျပြီး ပင်လယ်ရေပြင် မြင့်တက်မှုကို ပို၍ဆိုးရွားစေသည်။
ပင်လယ်ရေအန္တရာယ်ကို မော်လ်ဒိုက်၊ တူဗားလူစသည့် ကျွန်းနိုင်ငံများက အဆိုးရွားဆုံး ခံစားကြရမည်။ အချို့ကျွန်းများတွင် တစ်ကျွန်းလုံး မမြုပ်သည့်တိုင်အောင်မှ လူနေ၍မဖြစ်တော့လောက်အောင် ရေတက်လာမည်။ ကျွန်းနေလူ သန်းနှင့်ချီ၍ နေရင်းဒေသကို စွန့်ခွာပြောင်းရွှေ့ရနိုင်သည်။
ဒေသအလိုက်ဆိုလျှင် ၂၀၅၀ ပြည့်နှစ် အရောက်တွင် အရှေ့နှင့်အရှေ့တောင်အာရှ လူဦးရေ ၏ ၈၀ ရာခိုင်နှုန်းသည် ပင်လယ်ရေပြင်မြင့်တက်လာမှု၏ အကျိုးဆက်ကို ခံကြရမည်။ ဘင်္ဂလားပင်လယ်အော်၏ အချို့နေရာများတွင် ရေပြင်သည် တစ်နှစ်လျှင် ၃ ဒသမ ၁၄ မီလီမီတာ တက်နေရာ ကမ္ဘာ့ပျမ်းမျှ ရေပြင်တက်နှုန်းထက် မြင့်မားနေသည်။ စစ်တကောင်းမြို့အနီးရှိ ၂၃ စတုရန်းမိုင်ကျယ်သော ဆင်းဒ်ဝစ်ပ် ကျွန်း၏ မြေဧက ၉၀ ရာခိုင်နှုန်းသည် နှစ် ပေါင်း ၂၀ အတွင်း ရေအောက်သို့ မြုပ်သွားခဲ့သည်။
မြန်မာ့ကမ်းရိုးတန်း၌ ပင်လယ်ရေပြင်သည် ၂၀၅၀ ခုနှစ်တွင် ၂၀ စင်တီမီတာ မှ ၄၀ စင်တီမီတာအထိ တက်လာနိုင်သည်။ ၂၀၈၀ ခုနှစ်တွင် ၃၇ စင်တီမီတာမှ ၈၃ စင်တီမီတာအထိ တက်နိုင်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်၏ မြေပြင်အနေ အထားကို မူတည်တွက်ချက်မှုအရ အကယ်၍ ပင်လယ်ရေပြင်သည် ယခုထက် ဝ ဒသမ ၅ မီတာမျှ ပိုမြင့်လာလျှင် ဧရာဝတီမြစ်ဝကျွန်းပေါ်၏ ရေစပ်သည် ယခုထက် ၁၀ ကီလိုမီတာမျှ ကုန်းတွင်းပိုင်းသို့ တိုးဝင်လာမည်ဟု သိရသည်။
ယခုကပင် မြန်မာ့ကမ်းရိုးတန်းအချို့နေရာများတွင် ပင်လယ်ရေပြင်မြင့်တက်လာခြင်းကြောင့်ဟု ယူဆနိုင်သော ဖြစ်စဉ်အချို့ ပေါ်ပေါက်လျက် ရှိသည်။ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာကြားရှိ ကျိုက်နဲရေလယ်ဘုရားသည် ကမ်းခြေမှ ၁ မိုင် ၆ ဖာလုံခန့် အကွာ ပင်လယ်တွင်း၌ တည်ရှိပြီး ကမ်းခြေနှင့် ဘုရားကြားတွင် ဘုရားဘက်သို့ ဦးတည်သည့် လမ်းတစ်လမ်း ရှိသည်။ ပထဝီဝင် ဝေါဟာရဖြင့် သဲခုံစွယ်ဟု ခေါ်သော ယင်းလမ်းသည် ဒီရေ အတက်အကျပေါ် မူတည်ပြီး ပေါ်လိုက် ပျောက်လိုက်ဖြစ်နေသည်။ ကျိုက်နဲဘုရားသို့ ၂၀၂၁ နိုဝင်ဘာ ၂၁ နေ့က သဲခုံစွယ်ပေါ်မှ ဘုရားဖူးသွားသူ အချို့ ပင်လယ်လှိုင်းပုတ်၍ အသက် ဆုံးခဲ့ရသည်။ နှစ်စဉ်ကျင်းပသည့် ကျိုက်နဲဘုရားပွဲတော်သို့ သဲခုံစွယ် ပေါ်လာခိုက် ဖြတ်လျှောက် ဖူးမြော်ခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ယင်းအဖြစ်မျိုးမကြုံခဲ့ရဟု ဒေသခံ အချို့က ဆိုသည်။ ၂၀၂၁ ခုနှစ်အတွင်း ပေါ်သော သဲခုံစွယ်သည် ခါတိုင်းထက် ကျဉ်းသည်ဟု သိရရာ ယင်းဖြစ်ရပ်သည် ကမ္ဘာ့ပင်လယ်ရေပြင် မြင့်တက်လာနေခြင်းနှင့် ဆက်စပ်နေဖွယ်ရာရှိသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာက လူနေအိမ် ၄၀ ခန့်သည် ၂၀၁၈ ခုနှစ် သြဂုတ်လက ပင်လယ်လှိုင်းတိုက်စားခံရ၍ ပျက်စီးခဲ့သည်။ ယင်းကျေးရွာသည် သံလွင်မြစ်ဝတွင် ပင်လယ်ဘက်ကို မျက်နှာမူ တည်ရှိနေပြီး တဖြည်းဖြည်း ပင်လယ်၏ ဝါးမျိုမှုဒဏ်ကို ခံနေရသည်။ ရွာသားများ၏ အဆိုအရ ရွာရှိ ရေတွင်းတစ်တွင်းသည် ပင်လယ်အောက် ရောက်သွားပြီ။ ယခင်က ဒီရေတက်၊ ရေကြီးသည်မျိုး ကြုံဖူးသော်လည်း ယခုအကြိမ်လောက် လျင်လျင်မြန်မြန် ပင်လယ်ဒီရေတက်သည့် ဖြစ်စဉ်မျိုး မကြုံဖူးကြောင်း ဒေသခံများက ဆိုသည်။
ပဲခူးမြို့၏ အရှေ့တောင်ဘက် ကီလီုမီတာ ၅၀ ခန့်အကွာ စစ်တောင်းမြစ်ဝရှိ တံတားဦး ကျေးရွာ၏ ရွာသား ၁၀ဝ၀ ခန့်သည် တစ်ချိန်ထက်တစ်ချိန် တဖြည်းဖြည်း မြင့်၍မြင့်၍ လာနေသော ဒီရေများကြောင့် ၂၀၁၈ ခုနှစ်က သယ်၍ရသည့် ပစ္စည်းမှန်သမျှ အကုန်သယ်၍ ရွာကို စွန့်ခွာခဲ့ကြသည်။
အထက်ပါဖြစ်စဉ်များသည် မြင့်တက်လာနေသော ပင်လယ်ရေပြင်ကြောင့်လော၊ သို့မဟုတ် အချိန်ပိုင်းခန့်သာ ဖြစ်တတ်သည့် ဒီရြွေကတက်မှု၊ လေပြင်းတိုက်မှုစသည်တို့ကြောင့်လော၊ သို့မဟုတ် ကမ်းရိုးတန်းမြေပြင် နိမ့်ကျသွား၍လော၊ သို့တည်း မဟုတ် အထက်ပါ အကြောင်းများ ပေါင်းစုဆုံစည်းမိ၍ ဖြစ်ပေါ်လာသလော ဆိုသည်ကို အတိအကျ မပြောနိုင်သော်လည်း တက်လာသည့် ပင်လယ်ရေပြင်ကြောင့်ဖြစ်ရန် အလားအလာ မြင့်မားသည်။ ကီလိုမီတာ ၂၃၀ဝ ရှည်သော မြန်မာကမ်းရိုးတန်းတွင် ဖော်ပြပါ ဖြစ်ရပ်မျိုး အများအပြား ပေါ်ပေါက်နေမည်မှာ သေချာသည်။ မြင့်တက်လာနေသော ပင်လယ်ရေပြင်ကြောင့် ပင်လယ်ရေအောက်ရောက်သည့် ဒေသ များသထက် များလာလိမ့်မည်။