
ဥရုဂွေး(Uruguay)နိုင်ငံသည် တောင်အမေရိကတိုက် အရှေ့ဘက် အတ္တလန်တိတ်သမုဒ္ဒရာကမ်းခြေ၊ ဘရာဇီးနိုင်ငံ၏ တောင်ဘက်တွင် တည်ရှိသည်။ နိုင်ငံအကျယ်အဝန်း စတုရန်းကီလိုမီတာ ၁၇၆၀ဝ၀ (စတုရန်းမိုင် ၆၈၀ဝဝ) ရှိပြီး လူဦးရေသုံးသန်းခွဲခန့် နေထိုင်သည်။ ပျမ်းမျှအပူချိန် ၂၈ နှင့် ၁၇ ဒီဂရီစင်တီဂရိတ်ကြားရှိ သမပိုင်းနိုင်ငံတစ်ခုဖြစ်ပြီး မိုးရေချိန် တစ်နှစ်လျှင် ပျမ်းမျှ ၁၀ဝ၀ မီလီမီတာ (လက်မ ၄၀)ခန့် ရွာသွန်းသည်။
မိုးသင့်တင့်သည့်အပြင် မြစ်ချောင်းပေါများသဖြင့် ရေအရင်းအမြစ် ကြွယ်ဝသည်။ ပြန်လည်ပြည့်တင်းနိုင်သော ရေအရင်းအမြစ် တစ်နှစ်လျှင် လူတစ်ဦးအတွက် ကုဗမီတာ ၄၀ဝဝဝ ကျော် ပိုင်ဆိုင်သည်။ ကမ္ဘာ့အကြီးဆုံး မြေအောက်ရေကြောများတွင် ပါသော ဂွာရာနီမြေအောက်ရေကြော၏ တစ်စိတ်တစ်ပိုင်းသည် ဥရုဂွေး နယ်နိမိတ် အတွင်း၌ ရှိသည်။ ရေပေးဝေရေးနှင့် သန့်ရှင်းမှုစနစ်သည် တစ်နိုင်ငံလုံးနီးနီးကို လွှမ်းခြုံထားနိုင်သည်။ ရေရရှိရေးနှင့် သန့်ရှင်းမှုစနစ် ပိုင်ဆိုင်ရေးကို လူတိုင်း၏ အခွင့်အရေးတစ်ရပ်အဖြစ် ဥရုဂွေး အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားသည်။
မြို့တော် မွန်တေဗီဒေးယို(Montevideo)သည် နိုင်ငံ၏တောင်ဘက် ရီယိုဒယ်လာပလာတာမြစ်ဝ၊ အတ္တလန်တိတ်သမုဒ္ဒရာ ကမ်းခြေ၌ တည်ရှိပြီး လူဦးရေ ၁၇၀ဝဝဝ၀ ကျော် နေထိုင်သည်။ နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်နေသော မွန်တေဗီဒေးယိုမြို့တော်အတွက် ရေကို ရေလှောင်တမံများမှ အဓိကပေးဝေသည်။
ဥရုဂွေးတစ်နိုင်ငံလုံးရော၊ မွန်တေဗီဒေးယိုမြို့တော်ပါ ရေအတွက် မပူပင်ခဲ့ရဘဲ ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်မှစ၍ မိုးရွာသွန်းမှု လျော့နည်းလာခဲ့ရာ ၂၀၂၂ ခုနှစ်တွင် မိုးအနည်းဆုံး ဖြစ်သွားသည်။ ပုံမှန်မိုးရေချိန်၏ ထက်ဝက်မျှသာ ရွာသွန်းသည်။ မိုးနည်းရုံသာမဟုတ်၊ အပူလှိုင်းများလည်း ပေါ်ပေါက်သည်။ မိုးနည်း၍ ရေကန်ထဲ ရေအဝင်နည်းချိန်တွင် အပူကြောင့် ရေအသုံးများသည့်ကာလ ကြာမြင့်လာသောအခါ ရေလှောင်ကန်များတွင် စိုးရိမ်ဖွယ်ကောင်းအောင် ရေလျော့နည်းလာခဲ့သည်။

မွန်တေဗီဒေးယိုတွင် မြေအောက်ရေသုံးစွဲသော်လည်း လောလောဆယ် ရေလောက်ငအောင် ပေးနိုင်ရန် မြေအောက်ရေကို အားကိုး၍ မရနိုင်ချေ။ အဖြစ်နိုင်ဆုံးမှာ လာပလာတာမြစ်ရေကို စုပ်ယူ၍ ရေလှောင်ကန်များထဲ ထည့်ပေးလျှင် ဖြစ်နိုင်သည်။ လာပလာတာမြစ်သည် မွန်တေဗီဒေးယိုအနီးတွင် အတ္တလန်တိတ်သမုဒ္ဒရာထဲသို့ စီးဝင်သဖြင့် ဒီရေကြောင့် ငန်နေသော်လည်း ရေငန်စစ်စစ်တော့ မဟုတ်သေး။ ဆိုဒီယမ်နှင့် ကလိုရိုက်အသင့်အတင့် ပါနေသည်။ ငန်ပျပျအခြေအနေတွင် ရှိသည်။ အခြားရေအရင်းအမြစ် မည်သည့်နေရာကမှ မရနိုင်တော့သည့်အဆုံး ငန်ပျပျမြစ်ရေကိုပင် ၂၀၂၃ ဧပြီလ ၂၆ ရက်နေ့ကစ၍ သောက်သုံးရေကန်များထဲ ထည့်ကာ ကန်ထဲတွင် ကျန်နေသောရေများနှင့် ရော၍ ပေးဝေသည်။
အိမ်သုံးပိုက်ခေါင်းများမှ ထွက်လာသောရေတစ်လီတာတွင် ဆိုဒီယမ် ၄၂၁ မီလီဂရမ်ပါရာ ဥရုဂွေးနိုင်ငံက ကျင့်သုံးသော သောက်ရေစံနှုန်းထက် နှစ်ဆခန့် များနေသည်။ သောက်လျှင် ငန်ကျိကျိအရသာကို သိရှိခံစားရသည်။ ဝင်ငွေနည်းသူတို့က ယင်းရေကိုပင် သောက်ရသည်။ ရေသန့်ဘူးဈေးက ခေါင်ခိုက်နေသည့်အပြင် လိုသလောက်ဝယ်၍ မရချေ။ မြို့အနှံ့ ဆန္ဒပြပွဲများ ပေါ်ပေါက်သည်။
ဆိုဒီယမ်ကဲသောရေကို ရက်အနည်းငယ်မျှ သောက်ရ၍ ကျန်းမာသော လူငယ်လူရွယ်များအဖို့ မထောင်းထာသော်လည်း နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် ကျောက်ကပ်ရောဂါသည်များ သောက်ရန် မသင့်တော်ချေ။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ယင်းရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်များ ရေသန့်ဘူးကိုသာ သောက်ကြရန် အကြံပြုထားသည်။ ဆေးရုံဆေးခန်းများတွင် သွေးတိုးလူနာ သိသာစွာ များလာသည်။
ယင်းသို့ လုပ်ဆောင်သော်လည်း ကန်များထဲတွင် မေလဆန်းက ရေကုဗမီတာ ၆ ဒသမ ၂ သန်း သာ ကျန်တော့သည်။ မွန်တေဗီဒေးယိုမြို့တော်အတွက် ပေးဝေရန် တစ်ရက်လျှင် ရေကုဗမီတာ ၆၅၀ဝဝဝ လိုအပ်ရာ ၁၀ ရက်ခန့်ပေးလျှင် ရေကုန်တော့မည့် အခြေအနေသို့ ရောက်သည်။ မိုးအနည်းငယ်ရွာ၍ ကန်ထဲ ရေချိုအနည်းငယ် ဝင်သည်။ သို့သော် ရေလုံးဝပြတ်သွားမည်ကို စိုးရိမ်နေရဆဲ ဖြစ်သည်။
ပြဿနာတစ်ခုဖြစ်လာလျှင် ယင်းပြဿနာ၏ နီးသောအကြောင်း၊ ဝေးသောအကြောင်းဟူ၍ ရှိရာ ရေအရင်းအမြစ် ကြွယ်ဝသဖြင့် သန့်ရှင်းသောရေကို အိမ်တိုင်းစေ့နီးပါး လုံလောက်အောင် ပေးနိုင်ခဲ့သော ဥရုဂွေးနိုင်ငံ မွန်တေဗီဒေးယိုမြို့ ယင်းအဖြစ်မျိုးနှင့် ကြုံရခြင်း၏ နီးသောအကြောင်းသည် ကာလရှည် မိုးနည်းမိုးခေါင်ခြင်းကြောင့် ဖြစ်သည်။ ဝေးသောအကြောင်းများက ရေဝေဒေသများတွင် သစ်တောခုတ်ခြင်း၊ သယံဇာတများကို လွန်ကဲစွာ ထုတ်ယူခြင်း၊ ရေကို မချွေမတာသုံးစွဲခြင်း၊ ရေအရင်းအမြစ် တစ်မျိုးတည်း အပေါ်တွင် လွန်ကဲစွာ မှီခိုခြင်းတို့ကြောင့် ဖြစ်သည်။
https://www.washingtonpost.com/world/2023/05/29/uruguay-water-crisis-salt/
https://www.guruguay.com/uruguay-water-crisis/